ဂျာတော့(ပ်) (မြစ်မခ)
25 Apr, 2012
ဧရာဝတီတိုင်းဒေသတွင် အများဆုံးစိုက်ပျိုးသည့် မနောသုခစပါးနှင့် ရက် (၁၀၀)စပါးများ ဈေးနှုန်း ကျဆင်းနေမှုကြောင့် လယ်သမားများအရှုံးပေါ်နေကြောင်း ၄င်းတို့ထံကသိရသည်။
ယခင် ဆန် (၂၅)ပြည်ပါ ဆန်အိတ် တစ်အိတ်လျှင် ကျပ်ငွေ (၁၅၀၀၀)ဈေးနှုန်း ရရှိခဲ့သော်လည်း ယခုတွင်မူ ကျပ်ငွေ ၁သောင်းဖြင့်သာ ရောင်းချနေရခြင်း ကြောင့် လယ်သမားများအရှုံးဖြင့် ရင်ဆိုင် နေရကြောင်း ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က လယ်သများတစ်ဦးက ပြောသည်။
“ကျတော်တို့က ရင်းထားရတာလေ။ ထွန်ခ၊ မြေဆီစာ၊ စပါးရိတ်ခတွေ ရင်းထားရတာ။ လယ်က မကောင်းပါဘူးဆိုမှ ဈေးတွေ မတော်မတရားကျတော့ ကျတော်တို့ ဘာမှအမြတ်မကျန်တော့ဘူး။ ရှုံးတာ၊ မတရားကို ရှုံးနေတာ။” ဟု ဆိုသည်။
၎င်းတို့ မိသားစုမှာ လယ်ဧက (၆) ဧက စိုက်ပျိုးခဲ့ပြီး၊ အထွက်နှုန်းမှာ တင်း(၂၈၀)သာ ထွက်ရှိခဲ့ ကြောင်းနှင့် ဆန်ဈေးကျဆင်းနေသော်လည်း စားဝတ် နေရေးအခက်အခဲကြောင့် ဆန်တင်း (၁၀၀) ရောင်းချခဲ့ပြီး ကျန်ဆန်များအား သိုလှောင်ထားကြောင်း သူက ဆက်ပြောသည်။
“စပါးက တစ်စေ့မှ မကျန်တော့တာ။ တော်တော်ဆိုးနေတယ်။ အကြွေးက ထိုးဆပ်နေရတယ်။ အကြွေးမဆပ်ရင် အတိုးက နှစ်ဆ ထပ်တိုးမှာ။” ဟု တီးစားချ လယ်သမား တစ်ဦးက ပြောသည်။
စပါးတင်း(၁၀၀)လျှင် ယခင် ရောင်းဈေးနှုန်းမှာ ကျပ် (၃၅၀၀၀၀) မှ (၃၉၀၀၀၀) ရှိပြီး ယခုတွင်မူ (၂၇၀၀၀၀)ထိ ဈေးကျဆင်းနေသည်။ အရစ်ကျဝယ်ယူသူ များအား ကျပ် (၂၉၀၀၀၀)ဖြင့် ရောင်းချ နေကြောင်း သိရသည်။
“ဒီလောက် ဈေးကျနေတာတောင် ဝယ်တဲ့သူမရှိဘူး။ ရွာက ပွဲစားတွေလည်း အမြတ်မကျန်လို့ မဝယ် ကြဘူး။” ဟု ဒေးဒရဲရှိ လယ်သမားတစ်ဦးက ပြော သည်။ အဆိုပါ ဆန်၊ စပါးများအား လက်ရှိတွင် ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များက ဆန်၊ စပါး ပွဲစားများမှ လိုက်လံ ဝယ်ယူ နေကြောင်း သိရှိ ရသည်။
Ref: မြစ်မခ
0 comments:
Post a Comment