Thursday, April 26, 2012

ရေကူးကန်တွင် မိန်းကလေးငယ်များ ကိုမဖွယ်မရာလုပ်သော အီရန်သံတမန် တဦးအား ဘရာဇီးရဲ မှဖမ်းဆီး

April 26, 2012

ဘရာဇီးနိုင်ငံ၏မြို့တော်ရှိ ရေကူးကန်တခု၌ အသက်မပြည့်သေးသောမိန်းကလေးများအား အီရန်သံတမန်တဦးမှ မဖွယ်မရာပြုလုပ်ခဲ့သည် စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကိစ္စသည် သံတမန်ကင်းလွတ်ခွင့်ဆိုင်ရာဥပဒေများ (Diplomatic Immunity Laws) နှင့်ပတ်သက်သည့် ဒေသခံများ၏ ထင်မြင်ချက် အား စမ်းသပ်သကဲ့သို့ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့၌ ဘရာဇီးလီးယားမြို့ (Brasilia) မြို့တွင် အကြီးအကျယ်ဒေါသထွက်ပြီး အပြင်းအထန်ပေါက်ကွဲနေကြသော မိဘများမှ ၀ိုင်းထား သော လူတဦးအား ဘရာဇီးရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့သည်။ ထိုသူအားဝိုင်းရိုက်ကြရန်မိဘအချို့မှကြိုးပမ်းနေကြပြီး၊ အချို့ကလည်းအာဏာပိုင် များရောက်လာ သည့် အချိန်ထိ သည်းခံကြရန်ပြောဆိုနေကြသည်ဟု ရဲအရာရှိများမှဆိုသည်။

အဆိုပါအီရန်သည် ရေကူးကန်အတွင်း၌ အိနြေ္ဒမရပဲ ဘဲတကောင်ရေငုပ်သလိုဟိုကူးဒီကူးနှင့် ကူးချင်ယောင်ဆောင်နေသည်ဟု ၄င်းဖြစ်ရပ်အားတွေ့ရှိခဲ့ သူ မျက်မြင်သက်သေ များမှ ရဲတပ်ဖွဲ့ သို့ထွက်ဆိုခဲ့ကြသည်။ ရေအောက်သို့ငုပ်လိုက်စဉ်အတွင်း၌မူ ထိုသူသည် အသက် (၉) နှစ်မှ (၁၅) နှစ်အတွင်း၌သာရှိ သေးသော ကလေးငယ်များ၏ကိုယ်ခန္ဓာအား ဟိုနှိုက်ဒီနှိုက်ဖြင့် ဒိုင်လျှိုလေးပွတ်သပ်ကိုင်တွယ်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှဆိုခဲ့သည်။

ထိုအခါရေအောက်မှ ငါးမန်းကိုက်သည်ဟု ထင်ကြသောကလေးငယ်အချို့မှာ ကြောက်လန့်တကြားဖြင့် အော်ဟစ်ခဲ့ကြပြီးနောက် ရေအောက်မှသတ္တ၀ါမှာ ငါးမန်းမဟုတ်ပဲ မကြီးမငယ်မုတ်ဆိတ်နှင့်လူတဦး ဖြစ်နေကြောင်း သိရှိလိုက်ရသော မိဘများအနေနှင့် ထိုငါးမန်းအယောင်ဆောင်မုတ်ဆိတ်အား ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည်။ ငါးမန်းလိုလို၊ ရေအောက်လျှို့ဝှက်ထောက်လှမ်းရေးလိုလိုဖြင့် ရေကူးနေသော မိန်းကလေးငယ်များကိုရွေး၍ ၄င်း၏အလစ်နှိုက်ခြင်း အား လူမိသွား၍ ပေါက်ကွဲနေသောကလေးမိဘ များအလယ်တွင် ထွက်ပေါက်မရှိပဲ ကြောက်လန့်တကြားဖြင့် ရပ်နေသော ထိုသူအား ဘရာဇီးရဲတပ်ဖွဲ့မှ ဆွဲ ထုတ် ခေါ်ဆောင်လာနိုင်ခဲ့ပြီးနောက် ၄င်းအားရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။

ရဲစခန်းတွင်စစ်ချက်ယူသောအခါတွင် ထိုမုတ်ဆိတ်နှင့်လူမှာသံတမန်တဦးဖြစ်နေသည်အား ရဲတပ်ဖွဲ့မှစစ်ဆေးတွေ့ရှိခဲ့ရသည်။ လူအုပ်ကြီးမှအ၀ိုင်းခံထား ရ သော မိန်းကလေးငယ်များကို မဖွယ်မရာပြုသူသည် အီရန်အစ္စလာမ်မစ်နိုင်ငံ၏သံတမန်တဦးဖြစ်သူ ဟက်ခ်မာတိုလာဂေါ်ဘာနီ (Hekmatollah Ghorbani)
ဆိုသူဖြစ်နေပါသည်။ ထို့နောက် သံတမန်ကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်များအရ ထိုသူအား လာရောက်ထုတ်ယူသော အီရန်သံရုံးအရာရှိများသို့ ရဲတပ်ဖွဲ့မှလွှဲပြောင်းပေးလိုက်ရသည်ဟု ဘရာဇီးရဲတပ်ဖွဲ့နှင့် ဘရာဇီးနိုင်ငံခြားရေးအရာရှိများမှ ဆိုသည်။

“အစ္စလာမ်မစ်နိုင်ငံတနိုင်ငံဖြစ်သည့် အီရန်နိုင်ငံမှမွတ်စလင်သံတမန်တဦးအနေနှင့် ယခုကဲ့သို့ရေငုပ်ပြီး လိုက်နှိုက်နေခြင်းမှာ တကယ့်ကိုဟာသဖြစ်နေ တယ် ဗျာ…”

ဟု ထိုအမှုအားကိုင်တွယ်နေသော စုံစမ်းထောက်လှမ်းရေးရဲအရာရှိတဦးဖြစ်သူ ဂျော်န်ဆဲန်မော်န်တီးရိုး (Johnson Monteiro) မှအံ့သြတကြီးဖြင့်ပြောကြား ခဲ့သည်။

“ လူတွေကဒီလူကိုသတ်ချင်နေကြတာဗျာ… ကလပ်မှာသာလုံခြုံရေးတွေချမထားဘူးဆိုရင် ဒီနေ့ဒီအချိန်လူ သတ်မှုနဲ့ကျုပ်တို့ကိုရဲကလိုက်ရှာနေလောက်ပြီ ဗျ…”

ဟု ထိုအီရန်၏အလစ်နှိုက်ခံလိုက်ရသော မိန်းကလေးငယ်များအနက်မှတဦး၏ ဖခင်မှပြောဆိုခဲ့သည်ဟု G1 သတင်းဋ္ဌာန၀က်ဘ်ဆိုဒ်တွင်ဖေါ်ပြထားခဲ့သည်။

ထိုစွပ်စွဲချက်များသည်အလွန်စိုးရိမ်စရာဖြစ်နေ၍ ထိုအမှုနှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးရန် ဘရာ ဇီးနိုင်ငံခြားရေးဝန်ကြီး အန်ထိုနီယိုပါထရီယော်တာ (Antonio Patriota) မှအစ္စလာမ်မစ်အီရန်နိုင်ငံအား တောင်းဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဝေဖန်ချက်ပေးရန် သတင်းဋ္ဌာနများမှ ဘရာဇီးရှိ
အီရန် အစ္စလာမ်မစ်သံရုံးကို ဆက်သွယ်မှုများကို ထိုသံရုံးမှတုံ့ပြန်ခြင်းမရှိခဲ့ပေ။

အဆိုပါအီရန်သံတမန်အား ရဲတပ်ဖွဲ့မှလာရောက်မဖမ်းဆီးမီကလေးတွင် ၄င်းသည် ရေကူးကန်၌၄င်း ၏မဖွယ်မရာလုပ်ရပ်ကြောင့် ဒေါသထွက်နေကြသော မိဘများအား ထိုအလစ်နှိုက်သောကိစ္စသည် ယဉ်ကျေးမှုနားလည်မှုလွဲခြင်း (Cultural Misunderstanding) ကြောင့်သာဖြစ်သည်ဟု တုံ့ပြန်ဖြေရှင်းခဲ့ပြီး နောက် မိဘများ၏ဒေါသအား မီးလောင်ရာလေပင့် ဖြစ်သွားခဲ့ရသည်ဟုဆိုသည်။

သံတမန်ကင်းလွတ်ခွင့်သဘောတူညီချက်အရ ထိုသံတမန်အနေနှင့် အီရန်နိုင်ငံတွင်တရားစွဲဆိုခံရနိုင် မည်ဖြစ်သည်ဟု ဘရာဇီးအစိုးရအရာရှိများမှဆိုသည်။ ငယ်စဉ်ကတည်းက “ဇ” မသေးပဲ အတော်လေး လက်သွက်ခြေသွက်လည်းရှိပုံရသော အီရန်သံတမန် ဟက်ခ်မာတိုလာဂေါ်ဘာနီ၏ ထိုအလစ်နှိုက်သော
အမှုသည် ဘရာဇီးနိုင်ငံတွင် ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ရသည်။ ထိုသူအားမည်သည့်အတွက်ကြောင့် ပြန်လွှတ်ပေးလိုက်သည်အား ရှင်းလင်းပေးရန် အတွက် ဘရာဇီးပြည်ထောင်စုအစိုးရ (Brazilian Federal Authorities) အား အီရန်သံတမန်ကြီး၏အလစ်အနှိုက်ကိုခံလိုက်ရသော မိန်းကလေးငယ်များ၏
မိဘများမှ တောင်းဆိုထားကြသည်။

ဗီဇီနျန်ဆာကလပ် (Clube Vizinhança) ဟုခေါ်သော ဒေသခံကလပ်သည် ဘရာဇီးလီးယားမြို့ရှိ သက်တမ်းအကြာဆုံးသော ရေကူးခြင်း၊ တင်းနစ်ရိုက်ခြင်း နှင့် ဘောလုံးကစားခြင်း များကိုအသားပေးသော ကလပ်များအနက်မှတခုဖြစ်ပြီး၊ အဆိုပါကလပ်အသင်းသားများအား လူလတ်တန်းစားအထက်လွှာများဟု
ကလပ်ဒါရိုက်တာများမှဆိုကြသည်။ အီရန်သံတမန်ကြီး၏ ရေအောက်လျှို့ဝှက်ထောက်လှမ်းမှုသည် အဆိုပါကလပ်၏ (၅၁) နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားကျင်းပသောနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုရေအောက်ထောက်လှမ်းမှုအပြီးတွင် အီရန်သံတမန်ဟက်ခ်မာတိုလာဂေါ်ဘာနီအား ကလပ်အသင်းသားအဖြစ်မှ ရပ်ဆိုင်းထားလိုက်သည်ဟု အဆိုပါ ကလပ်၏ တာဝန်ရှိသူများမှဆိုကြသည်။ ထိုအမှုအားစုံစမ်းစစ်ဆေးနေခြင်းမှ ရလာဒ်များထွက်ပေါ်လာသည်အထိ ၄င်းအားကလပ်အသင်းသားအဖြစ်မှ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကလပ်၏စည်း မျဉ်းသတ်မှတ်ချက်များအရ ထိုဆိုင်းငံ့မှုသည် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မည်ဖြစ်သည်ဟုဆိုသည်။

ဟက်ခ်မာတိုလာဂေါ်ဘာနီအားစုံစမ်းစစ်ဆေးမည်ဖြစ်သည်ဟု အီရန်အစ္စလာမ်မစ် နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန၏ပြောရေးဆိုခွင့်ရှိသူ ရာမင်မယ်မဲန်ပါရာ့စ် (Ramin Mehmanparast) မှဆိုခဲ့သော်လည်း အဆိုပါကိစ္စသည် အီရန်-ဘရာဇီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေရန်လုပ်ဆောင်မှုဖြစ်သည်ဟု ၄င်းမှ ပြောသည်။

အသက် (၅၁) နှစ်ရှိပြီး အိမ်ထောင်နှင့်သားသမီးများရှိသူ အဆိုပါအီရန်သံတမန်၏ ရေအောက်၌လျှို့ဝှက်ထောက်လှမ်းမှုအား ရာမင်မယ်မဲန်ပါရာ့စ်မှ ခုခံ ကာကွယ်ပြောဆိုသွားခဲ့ပြီး ယခုစွပ်စွဲချက်များသည် ယဉ်ကျေးမှုဆိုင်ရာနားလည်မှုလွဲမှားခြင်း (Cultural Misunderstanding) သာဖြစ်သည်ဟု သံ ယောင်လိုက်ခဲ့သည်။ ထို့ပြင်ထိုကိစ္စနှင့်ပတ်သက်ပြီး အနောက် တိုင်းသတင်းဋ္ဌာများ၏ဖေါ်ပြမှုသည် အီရန်အစ္စလာမ်မစ်နိုင်ငံနှင့်ဆန့်ကျင်၍ နိုင်ငံရေးအရ အမြတ်ထုတ် လိုခြင်းကြောင့် ဖြစ်သည်ဟု ၄င်းမှဆိုခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားတွင် စေ့စပ်ညှိနှိုင်းသူအဖြစ်ဖြင့်ရပ်တည်ပြီး နိုင်ငံတကာမျက်နှာစာတွင် ဂုဏ်သိက္ခာတိုးတက် အောင်ကြိုးပမ်း သည့် မဟာဗျူဟာအရ ယခင်သမ္မတလူလာဒီဆေးလ်ဗားလက်ထက်၌ ဆီးရီးယားအာဏာရှင်ဘရှားအာဆဒ်၊ ဟစ်ဇ်ဘိုလာနှင့် ဟားမတ်စ်တို့ကဲ့သို့ အကြမ်း ဖက်သောအဖွဲ့အစည်းများကိုအားပေးသည့် အီရန်ကဲ့သို့အစွန်းရောက်အစ္စလာမ်မစ်နိုင်ငံနှင့်ဆက်ဆံရေးအား ဘရာဇီးနိုင်ငံမှမြှင့်တင်ခဲ့သည်။

အလားတူပင် အမေရိကန်ပြည်ထောင်စုနှင့်ဥရောပမှထောက်ခံသည့် ပိတ်ဆို့မှုများအားဆန့်ကျင်ရာတွင် ဘရာဇီးနိုင်ငံသည်အရေးပါသောမဟာမိတ်တဦးဟု အီရန်မှရှုမြင်သည်။ အီရန်ကဲ့သို့သော ကမ္ဘာပေါ်ရှိသင်းကွဲနိုင်ငံများနှင့်ထားရှိသော ဘရာဇီးနိုင်ငံ၏ဆက်ဆံရေးမဟာဗျူဟာကြောင့် ဘရာဇီးနိုင်ငံသည် နာ မည်ကြီးရန်အတွက်ရှေ့တန်းတင်ပြီး လူ့အခွင့်အရေးကိစ္စရပ်များအားအလေးမထားဟု ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။

လူလာဒီဆေးလ်ဗားနောက်တွင်တက်လာပြီး လက်ရှိဘရာဇီးသမ္မတဖြစ်သူ ဒီလ်မာဟူးဆက်ဖ် (Dilma Rousseff) အနေနှင့်မူ ယခင်မဟာဗျူဟာမှ လမ်းခွဲ ထွက်မည့်အလားအလာရှိလာသည်။ သမ္မတရာထူးကိုလက်ခံပြီးမရှေးမနှောင်း တွင်ပင် လူ့အခွင့်အရေးကိစ္စရပ်များသည် အရေးပါလှသောကိစ္စရပ်များဖြစ် လာမည်ဟု သူမမှကြေငြာခဲ့ပြီးနောက် အီရန်နိုင်ငံ၏ အစွန်းရောက်အစ္စလာမ်မစ်တရားရုံးတရုံးမှ အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲခံရသောအီရန်အမျိုး သမီးတဦး အား ခဲဖြင့်ထုသတ်ရန်အမိန့်ချခဲ့ခြင်းအား ပြင်းထန်စွာဝေဖန်ခဲ့သည်။ မဲခိုးပြီးတက်လာသောအီရန်သမ္မတ မာမွတ်အမာဒီနဂျက် (Mahmoud Ahmadinejad) ၏ယမန်နှစ်အတွင်း၌ပြုလုပ်ခဲ့သောလက်တင်အမေရိကခရီးစဉ်အတွင်း ဗင်နီဇွဲလားနှင့် ကျူးဘားနိုင်ငံများသို့သွားရောက်ခဲ့သော်လည်း ဘရာဇီးနိုင်ငံသို့လာရောက်ခြင်းမပြုခဲ့ပေ။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့