Thursday, April 26, 2012

ပြောင်းလဲမှုမရှိသေးသော အခြေခံလူထု ဘ၀ပုံရိပ်များကို စောလောအယ်စိုးဖော်ထုတ်ပြသမည်

25 April 2012
နန်းသူးလေ

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများရှိနေဟုဆိုသော်လည်း အခြေခံလူတန်းစားများ၏ နေ့စဉ်လှုပ်ရှားရုန်းကန်နေမှုများမှာ ပြောင်းလဲခြင်း မရှိ သေးသည့် ပုံရိပ်
များကို နိုင်ငံခြားရောက် မြန်မာပြည်သူ၊ပြည်သားများ သိရှိစေရန် လာမည့် မေလ ၁၁ရက်နေ့တွင် ကရင်ဓာတ်ပုံသတင်း ထောက် စောလောအယ်စိုးက ဓါတ်ပုံပြပွဲ ကျင်း ပကာ ပြသသွားမည် ဖြစ်သည်။

“လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံမှာ အခြေအနေပြောင်းသွားပြီလို့ ပြောနေပေမယ့် လူထုတွေရဲ့ဘ၀က ဒီနေ့အထိ အတိုင်းအတာတစ်ခု ကနေ ရုန်းကန်နေရ တုန်းပဲ။ အဲဒီပုံတွေ ပြတဲ့အခါမှာ ကျနော်ကိုယ်တိုင်လည်း ဗမာပြည်က အခြေအနေတွေကို ပြန်ပြီးတော့ မြင်ယောင် မယ်။ ဒီမှာရောက်နေတဲ့ လူတွေအနေနဲ့ လည်း ကိုယ့်ဗမာပြည်သူပြည်သားအတွက်ကို အတိုင်းအတာတစ်ခုထိ တာဝန်ရှိတယ်ဆိုတာကို ပြချင်တာပါ”ဟု စောလောအယ်စိုးက ပြောသည်။

ယခုနှစ် ဇန်န၀ါရီလက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရုပ်ရှင်ပြိုင်ပွဲ၌ စောလောအယ်စိုး၏ ၂၀၀၇ခုနှစ် ရွှေဝါရောင် သံဃာ့တော်လှန်ရေး တွင် စွန့်စွန့်စားစား ရိုက်ကူးခဲ့သည့် မှတ်တမ်းရုပ်ရှင် အနိုင်ရရှိသွားခဲ့သည်။ ထို့ကြောင့် စောလောအယ်စိုး လက်ရှိနေထိုင်သည့် အမေရိ ကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်၊ ဘတ်ဖလို မြို့ရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက် ရုံးဝန်ထမ်းများနှင့် မြန်မာပြည်သားများ၏ စုပေါင်းလုပ်ဆောင်မှု ကြောင့် ဓါတ်ပုံပြပွဲ ကျင်းပရန် စီစဉ်ရခြင်းဖြစ် ကြောင်းလည်း စောလောအယ်စိုးက ယခုလို ရှင်းပြသည်။

၎င်းက “ဆုရသွားတယ်ဆိုတော့ ဒီမြို့မှာလည်း ကျနော့်အကြောင်းကို သတင်းစာတွေထဲမှာ ဇန်န၀ါရီ ၁၉ထုတ် သတင်းစာမှာ ကျနော့် အကြောင်းကို ဖော်ပြ တယ်လေ။ နောက်ဒီမှာ အလုပ်လုပ်တဲ့ရုံးနဲ့ ဒီမြို့မှာရှိတဲ့ မြန်မာပြည်သားတွေနဲ့ပေါင်းပြီး အထူးသဖြင့် ကျနော်နေတဲ့ မြို့မှာ မြန်မာပြည်သားပေါင်း ၆ထောင် ကျော် လောက်ရှိပြီလေ။ အဲ့ဒါကြောင့် မြန်မာပြည်ရဲ့အကြောင်းကိုလည်း အဓိက သိရအောင် ဆိုတဲ့ သဘောနဲ့ နောက် ဒီက လူတွေရဲ့ စုပေါင်းမှုနဲ့ လုပ်ဖြစ် သွားတယ်။ အဓိကလည်း သူတို့ပဲ လုပ်ဆောင်ပေးသွားတာပါ”ဟု ပြောသည်။

ဧရာဝတီမြစ်ပေါ် ရိုက်ခဲ့သည့်ပုံများ၊ ရွှေဝါရောင်တော်လှန်ရေးတွင် ရိုက်ခဲ့သည့်ပုံများ၊ မြန်မာပြည်အနှံ့တွင် ရိုက်ခဲ့သည့်ပုံနှင့် ဘောက်စ် လင်မြို့ရှိ မြန်မာ ပြည်သူပြည်သားများ၏ ဘ၀ကို ရိုက်ကူးထားသည့်ပုံများကို အဓိက ပြသသွားမည်ဖြစ်ကာ အဖြူ၊အမဲ ပုံ ၂၀ ကျော်နှင့် ကာလာပုံ ၂၀ ကျော် ပြသသွား မည်ဟု စောလောအယ်စိုးက ပြောသည်။

“အဓိကတော့ နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ကို အခြေခံပြီး ဖြစ်လာတာပေါ့။ ပြည်သူလူထုရဲ့ နေ့စဉ် ဘ၀တွေ၊ နောက်ပြီး အခြေခံလူတန်းစားတွေ ဘယ်လိုရုန်းကန်နေရတာလဲဆိုတဲ့ သူတို့ရဲ့နေ့စဉ်ဘ၀တွေကို ကျနော်ရိုက်ထားတဲ့ပုံတွေကို ပြသသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဓါတ်ပုံပြပွဲကို အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်၊ ဘတ်ဖလိုမြို့ CEPA အနုပညာပြခန်းတွင် လာမည့် မေလ ၁၁ရက်နေ့၌ စတင် ကျင်းပမည်ဖြစ်ပြီး ယခု ပြပွဲမှာ ဓာတ်ပုံဆရာ စောလောအယ်စိုး၏ ပထမဦးဆုံးပွဲ ဖြစ်သည်။

စောလောအယ်စိုး၏ ဓါတ်ပုံပြပွဲတွင် ၎င်းလေးစားရသူလည်းဖြစ်၊ အမေရိကန်နိုင်ငံမှ ပေးသည့် အမြင့်ဆုံးသတင်းထောက်ဆုကို ရရှိထား သူလည်းဖြစ်သည့် AP သတင်းဌာနမှ သတင်းထောက် ဒေါ်အေးအေးဝင်းက အမှတ်တရ အမှာစာ ရေးသားပေးထားခြင်း ဖြစ်သည်။

“သတင်းဌာနချင်းမတူပေမယ့် ဗမာပြည်မှာ ကျနော်တို့ အတူတူ လုပ်ဆောင်နေရတာတွေရှိတယ်ဆိုတော့ သူကနေပြီး ကျနော့်ကို အား ပေးတဲ့အကြောင်း၊ သူ့ရဲ့ စာဖတ်ပရိဿတ် အမေရိကန် ပြည်သူလူထုတွေနဲ့ ကျနော့်အကြောင်းကို မိတ်ဆက်ပေးတဲ့သဘောပါပဲ။ အဲ့ဒီအ တွက် သူ့ကိုလည်း မျှော်လင့်တယ်။” ဟု ပြောသည်။

စောလောအယ်စိုးသည် ၂၀၀၇ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များ မေတ္တာပို့ စီတန်း လမ်းလျှောက် ဆန္ဒပြ ခဲ့ပုံများကို အဓိက ရိုက်ကူးခဲ့သဖြင့် စစ်အစိုးရက ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့်အပေါ် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နိုင်ငံရေးဒုက္ခသည်အဖြစ် ၂၀၀၈ခုနှစ်၊ မတ်လတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခိုလှုံနေထိုင်ခဲ့ရသည်။

Ref: ကေအိုင်စီ

0 comments:

အပေါ်သို့