Friday, August 3, 2012

ကမ္ဘာ့ဘဏ်က မြန်မာကို ဒေါ်လာ ၈၅ သန်းဖြင့် အကူအညီ ပြန်စမည်

သန်းထိုက်ဦး၊ သိင်္ဂီထွန်း
သြဂုတ်လ ၀၁ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် တိုင်းရင်းသား ဒေသများ တွင် အသုံးပြုနိုင်ရန် ကမ္ဘာ့ဘဏ် က အမေရိကန်ဒေါ်လာ ၈၅ သန်းကို ပေးအပ်မည်ဖြစ်ရာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ကမ္ဘာ့ဘဏ်၏ ပထမဆုံး အကြိမ် အဖြစ် အထောက်အပံ့ ပြန်ရလာခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ရုံးခွဲတခုဖြစ်သော International Finance Corporation ကို ရန်ကုန်မြို့တွင် ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ခဲ့ သလို မြန်မာက ပေးရန်ရှိသော ကြွေးမြီ ဒေါ်လာ ၃၉၇ သန်း ကိုလည်း လျှော်ပစ်ရန် ကမ္ဘာ့ဘဏ်က ဆောင်ရွက်လျက် ရှိပြီး လာမည့် နှစ်ဦးပိုင်းတွင် အပြီးသတ် ဖယ်ရှားနိုင်မည်ဟု မျှော်လင့်ရသည်။

“ဒီထောက်ပံ့ငွေတွေကို ပြည်သူတွေ သူတို့ဒေသဖွံ့ဖြိုးမှုအတွက် လမ်းဖောက်ချင်သလား၊ ရေရရှိရေးအတွက် သုံးချင် သလား၊ ဘာလုပ်ချင်တယ်ဆိုတာကို သူတို့ကို ဆုံးဖြတ်စေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့က အတည်ပြုမှု အောက်တိုဘာမှ ယူရပါမယ်။ ဘုတ်အဖွဲ့ရဲ့ သဘောတူညီချက် ရပြီးနောက် မကြာခင်မှာ ထောက်ပံ့ပေးသွားနိုင်မှာပါ” ဟု ရန်ကုန်မြို့၊ချက်ထရီယန် ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ဘဏ်၏ အာရှပစိဖိတ်ဒေသ ဒု-ဥက္ကဋ္ဌ မစ္စ ပန်မလာ ကော့ဇ်က ပြောကြားသွားသည်။

အစောပိုင်းကလည်း ကမ္ဘာ့ဘဏ် အရာရှိများက နေပြည်တော်တွင် ဦးသိန်းစိန်နှင့် လည်းကောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကမ္ဘာဘဏ်၏ ထောက်ပံ့ငွေမှာ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ပြုရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းလျက် ရှိသည် ဟုလည်း မစ္စကော့ဇ် က ပြောသည်။

“မြန်မာဟာ ဒေသတွင်းမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တခုပါ။ ပြည်သူတွေရဲ့ လိုအပ်ချက်ဟာ ကြီးမားပါတယ်။ ကမ္ဘာ့ဘဏ်အဖွဲ့ က အခြားအဖွဲ့အစည်းတွေနဲ့အတူ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထောက်ပံ့ပေးပြီး အဆင်းရဲဆုံး နဲ့ ပြည်သူတွေရဲ့ဘဝ မြင့် တက်လာဖို့ ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့ ကြွေးမြီပေးဆပ်ရေး ကိစ္စရပ်များ ဆွေးနွေး ပြေလည်မှု ရရှိပါက တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကို အတိုးနှုန်း နည်းနည်းဖြင့် ကမ္ဘာ့ဘဏ်မှ ချေးယူခွင့်ရရှိမည် ဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် အကျဉ်းချထားခြင်းတို့ ပြုလုပ်သည် ဟူသော အကြောင်းပြ ချက်ဖြင့် ကမ္ဘာဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကတည်းက မြန်မာပြည်သို့ အကူအညီများ ရပ် ဆိုင်းခဲ့သည်။

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ လျှော့ပေါ့မှု၊ ရုတ်သိမ်းမှုများ ပြုလုပ် လာပြီးနောက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက မြန်မာတွင် လုပ်ကိုင်ရန် ပြန်လှည့်လာခဲ့ကြသည်။

ကမ္ဘာ့ဘဏ်၏ ငွေကြေးအကူညီသစ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာအောင် အသေအချာစီမံထားမည်ဟု ကမ္ဘာ့ဘဏ်၏ ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတွင်း အပြည့်အဝ အစီအမံတခုကို လုပ်ဆောင်ရန် ပြင်ဆင်မှုအဖြစ် ကမ္ဘာ့ဘဏ်ကို ညွှန်ပြရန် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ ကော်ပိုရေးရှင်း (IFC) တို့သည် အတူတကွ လက်တွဲကာ အစိုးရနှင့် “ကြားဖြတ် မဟာဗျူဟာ” တခု ထားရှိ သည်။

ကိုဆိုဗိုကဲ့သို့သော ဒေသတွင်း ပဋိပက္ခတွင်းနှင့် ပဋိပက္ခလွန်ကာလများ လုပ်ကိုင်ခဲ့ဖူးသော အတွေ့အကြုံရှိသည့် ကန်ထန် ရှန်ကာ လို ပုဂ္ဂိုလ်မျိုးကို ကမ္ဘာ့ဘဏ်က မြန်မာပြည်ဆိုင်ရာ မန်နေဂျာအဖြစ် ခန့်ထားသည်ဟုလည်း ကမ္ဘာဘဏ်အရာရှိများက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့