Sunday, April 1, 2012

ABSDF နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံမည့်ရက် ရွှေ့ဆိုင်း

ဖနိဒါ
မတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ABSDF မှ စနေနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

မူလက ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် တွေ့ဆုံကြရန်စီစဉ်ထားသည်ကို နှစ်ဖက်သဘောတူ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

“ကျနော်တို့ ဘာကြောင့် ပြောင်းရွှေ့လိုက်တယ်ဆိုတာ မပြောချင်သေးပါဘူး”ဟု ဦးမျိုးဝင်း က မဇ္ဈိမကို ပြောသည်။

နှစ်ဖက်ညှိနှိုင်းမှုမှ ရရှိသည့် ဖြစ်ပေါ်တိုးတက်မှုများအား ထပ်မံ ထုတ်ပြန်သွားမည်ဟု ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထား သည်။

မတ်လ ၈ ရက်နေ့က ကရင်ပြည်နယ် ဘားအံ့မြို့တွင် ABSDF ကျောင်းသားများနှင့် အစိုးရဘက်မှ ဒုဗိုလ်မှူးကြီး (ငြိမ်း) စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံပြီး ဧပြီလ ၈ ရက်နှင့် ၉ ရက်များတွင် တွေ့ဆုံရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေးနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများ၊ ပြည်ပ ရောက်များ အပါအဝင် နိုင်ငံရေးအင်အားစု အားလုံး ပါဝင်လာနိုင်ရေးအတွက် အဓိကထား ဆွေးနွေးသွားမည်ဟု ဦးမျိုးဝင်းက ယခုလဆန်းက မဇ္စျိမကို ပြောသည်

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့