နေမျိုး
မတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ်
တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အနယ်နယ်အရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတချို့၏ ကြိုတင် ရင်ခုန်သံများကို မဇ္ဈိမ က ဆက်သွယ်မေးမြန်း တင်ဆက်ပေးလိုက်သည်။
ဒေါ်မိမြင့်မြင့်ဝေ
မော်လမြိုင်မဲဆန္ဒနယ် (မွန်ပြည်နယ်)
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ)
“ကျမအတွက် ၁၀ တန်း အောင်စာရင်းထွက်တာ သွားကြည့်တဲ့ ခံစားချက်ထက် ၁၀ ဆလောက် ပိုပြီး စိတ်လှုပ်ရှားပြီးတော့ ပိုပြီး အရေး ပါပါတယ်။ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်ရှင်။ ကျမ စည်းရုံးရေးဆင်းတဲ့၊ ကျမရဲ့နယ်က ၁၁ ရွာ၊ ရပ်ကွက်က ၂၂ ရပ်ကွက် ရှိပါ တယ်။ ရပ်/ကျေး ၄၁ ခုရှိတယ်ပေါ့။ ရပ်ကွက်တိုင်း ကျေးရွာတိုင်းကို ကျမ ကိုယ်တိုင်ကိုယ်ကျ ဆင်းပါတယ်။ အဲလို ကိုယ်တိုင်ကိုယ်ကျ ဆင်းတဲ့အခါမှာ ကျမအပေါ်မှာ မွန်အမျိုးသားထု တရပ်လုံးကရော၊ မွန်ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားတွေ အားလုံးကပါ ကျမကို တခဲ နက်ထောက်ခံ အားပေးကြတာကို တွေ့ရပါတယ်။ ကျမစိတ်ထဲမှာ နိုင်ချင်တာပဲပေါ့။ လုံးဝကို ကျော်ဖြတ်ပြီးတော့ အနိုင်ရ ချင်တဲ့စိတ်က ရှိတယ်။ အောင်မြင်မှုကို ရလိုတာပေါ့။ ဒါ အပြင်းပြဆုံး ခံစားချက်ပဲပေါ့ရှင်။ အခု ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်အောင်လည်း ကြိုး စားနေတယ်။ နိုင်မယ်လို့ခိုင်ခိုင်မာမာ ယုံကြည်တယ်။”
ဦးစိုင်းစံမင်း
လားရှိုးမဲဆန္ဒနယ် (ရှမ်းပြည်နယ်)
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
“ထူးထူးထွေထွေတော့ မရှိဘူးဗျ။ စိုးရိမ်ကြောင့်ကျစိတ်လည်း မရှိပါဘူးဗျ။ ကျနော် အေးဆေးပါပဲ။ ရင်ခုန်ခြင်း၊ စိုးရိမ်ကြောင့်ကျခြင်း လုံးဝမရှိပါဘူးခင်ဗျ။ လားရှိုးခရိုင် အနေနဲ့တော့ ကျနော်တို့မျှော်မှန်းထားတာကတော့ ကျနော်တို့ နိုင်မယ်လို့တော့ တွက်ထားပါတယ်။ အေးအေးဆေးဆေးပဲခင်ဗျ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွှေးကောက်ပွဲ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ကျားဖြူပါတီအနေနဲ့တော့ ဘာမှစိုးရိမ်စရာ မရှိပါဘူး။”
ဦးခွန်သန်းမောင်
ကလောမဲဆန္ဒနယ် (ရှမ်းပြည်နယ်)
(ပအို့အမျိုးသားအဖွဲ့ချုပ်)
“ကျနော်ကတော့ စိတ်အေးအေးထားပြီး ၀င်ရောက်ယှဉ်ပြိုင်တာဗျ။ ကျနော်က အောင်မြင်ချင်တာပေါ့ဗျာ။ မျှော်လင့်တာတော့ အောင်မြင် ချင်တာပေါ့။ ကျနော်ကလည်း ကျောင်းဆရာ ၁၅ နှစ်၊ ၁၆ နှစ်လုပ်လာခဲ့တယ်။ ကိုယ်တိုင်ကလည်း စာမေးပွဲပေါင်း မြောက်များစွာ ဖြေခဲ့ ဖူးတယ်လေ။ အခုတခါကတော့ ကျနော့်အတွက် ကျနော့်တိုင်းရင်းသားနဲ့ ကျနော့်ဘ၀ရဲ့ စာမေးပွဲကြီး တခုလိုပဲ ကျနော်မျှော်လင့် တယ် ဗျ။”
ဦးတင်ရီ
ကော့မှူးမြို့နယ် မဲဆန္ဒနယ် (ရန်ကုန်တိုင်း)
(ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ)
“ကျနော့်ရင်ထဲမှာ ဘယ်လိုခံစားချက်မှ မရှိဘူး။ ကျနော် ရှုံးလည်း ၀မ်းနည်းဝမ်းသာ မရှိဘူး။ နိုင်လည်း ၀မ်းနည်းဝမ်းသာ မရှိဘူး။ ပါတီ ကြီး နှစ်ခုကတော့ တခုမဟုတ် တခုတော့ နိုင်မှာပေါ့ဗျာ။ သူတို့ရဲ့ အားတွေကို ဘယ်လိုလုပ် ယှဉ်မှာလဲ။ သူတို့ တိုင်းပြည်အတွက် လုပ် နိုင်တဲ့ ပါတီတွေပဲဗျာ။ ဘယ်သူပဲနိုင်နိုင် ၀မ်းတောင် သာပါသေးတယ်ဗျာ။ ကျနော်ကတော့ မရပါဘူး။ ဒီပါတီကြီး နှစ်ခုကို ဘယ်လိုလုပ် သွားတိုးနိုင်မလဲ။ ကျနော်တို့က အခုမှ လျှောက်တဲ့ပါတီကိုး။ အနည်းဆုံး သုံးနေရာ ၀င်ပြိုင်ရမယ်လို့ဆို ထားတာကိုး။ ဒါမှ တရားဝင် ပါတီဖြစ်မှာ။”
ဒေါ်ခင်စန်းလှိုင်
ပုလဲမြို့နယ်မဲဆန္ဒနယ် (စစ်ကိုင်းတိုင်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
“မသမာမှုတွေ ရှိနေတဲ့အတွက် အန်တီတို့လည်း မမှန်းဆနိုင်သေးဘူး။ သန့်သန့်ရှင်းရှင်းနဲ့ တရားမျှတမယ်ဆိုရင်တော့ အန်တီတို့ ဘက် ကတော့ ရာနှုန်းပြည့် နိုင်မှာပါ။ အန်တီကတော့ ရင်မခုန်ဘူး။ ပြည်သူတွေကို စိတ်ချပြီး သားလေ။ ပြည်သူတွေရဲ့မဲ အန်တီတို့ ရမှာ သေ ချာတယ်။”
ဦးကျော်လင်း (ခ) ဦးသိန်းဌေး
(ခေတ်သစ်ပြည်သူ့ပါတီ)
ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် (ဧရာဝတီတိုင်း)
“ရင်တလှပ်လှပ်ပေါ့နော်။ အဲသလောက်တော့ ရှိတယ်ပေါ့။ ဒေးဒရဲမှာတော့ ကျနော် ၉၅ ရာခိုင်နှုန်းပဲ။ အဲဒီလောက်ထိ အားကောင်းတယ်။ ဖျာပုံကတော့ ကျနော် နည်းနည်းပါပဲ။ ကျနော်တို့ အသင်းကြီး ရပ်တည်တာ စာရင်းနဲ့အင်းနဲ့ ရပ်တည်တာ။ ကျနော့်မှာ အဖွဲ့အစည်းတွေ အများကြီးပဲလေ။ နာမည်နဲ့တကွ၊ ကဒ်ပြားနဲ့ဗျ။ ကျနော် နိုင်မယ်လို့ ကျနော် ယုံတယ်ဗျ”
Ref: မဇ္ဈိမ
Sunday, April 1, 2012
ရွေးကောက်ပွဲ တရက်အလို ခံစားချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment