ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ်
NLD အမှန်ခြစ်နေရာတွင် ဖယောင်းများသုတ်ထား
လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ)
တနင်္ဂနွေနေ့ မနက်ပိုင်းတွင် စတင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများအပြား၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် အမှန်ခြစ်ရန် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားသည်ကို တွေ့ရ ကြောင်း မဲရုံကိုယ်စားလှယ် တာဝန်ကျသူ ပါတီဝင်များက ဆိုသည်။
တောင်ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက် မဲရုံအမှတ် ၁ တွင် မဲစက္ကူစာရွက်ပေါ်ရှိ NLD အား မဲပေးရန် နေရာတွင် ဖယောင်းများ သုတ်လိမ်းထားသဖြင့် မဲပေး၍ မရကြောင်း မဲဆန္ဒရှင်များက ပြောဆိုခဲ့သည်ဟု NLD မဲရုံကိုယ်စားလှယ်က ဆိုသည်။
“ကျနော်တို့ပါတီ ဘေးက အမှန်ခြစ်ရမယ့် နေရာမှာ ဖယောင်း သုတ်ထားတယ်။ သဘောကတော့ စက္ကူပေါ်မှာ ဖယောင်းသုတ်ထားတော့ ရေးလို့ ခြစ်လို့ မရဘူးပေါ့ဗျာ။ မဲရုံ တာဝန်ရှိသူတွေကို ပြောတော့ မဲပြား ၃ ခုလောက်ကို လဲပေးတယ်” ဟု အဖွဲ့ချုပ် မဲရုံကိုယ်စားလှယ် ဖြစ်သူက မဇ္ဈိမကို ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အခြားမဲရုံများသို့ သတင်းပေးပို့ထားပြီး အဖွဲ့ချုပ်ရုံး (ဗဟို) သို့လည်း သတင်းပေးပို့ထားပြီး ဖြစ်ကြောင်း သူကပြောသည်။
တောင်ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ်မျိုး ပြည်နယ်နှင့်တိုင်းအသီးသီး မဲရုံအများအပြားတွင် ဖြစ်ပွားနေကြောင်း သက်ဆိုင်ရာ မြို့နယ် ကိုယ်စားလှယ်များက သတင်းပေးပို့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
“ပြည်နယ်နဲ့ တိုင်းတွေကလဲ ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သတင်းပို့လာတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ကော်မရှင်၊ မြို့နယ်ကော်မရှင်တွေနဲ့ ရဲစခန်းတွေကို တိုင်ကြားသွားဖို့ လုပ်နေတယ်။ ဒါ ရွေးကောက်ပွဲကို ပျက်စီးအောင် အနှောင့်အယှက်ပေးတာ ဖျက်ဆီးတာပဲ။ ရဲဘက်က အရေးယူပေးဖို့ တာဝန်ရှိတယ်။" ဟု သူက မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဝါးသိင်္ခသို့ ရောက်ပြီ
လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ)
ရန်ကုန်မြို့မှ ကော့မှူးမြို့နယ်သို့ စနေနေ့ ညနေပိုင်းက ထွက်ခွာသွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဝါးသိင်္ခ ကျေးရွာသို့ ည ၇ နာရီ ဝန်းကျင်ခန့် အချိန်တွင် ချောမောစွာ ရောက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စည်းရုံးရေးခရီးစဉ်များကဲ့သို့ပင် မိုင် ၄ဝ ကျော်ခန့် ကွာဝေးသည့် ခရီးစဉ်တလျှောက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ယာဉ်တန်းကို ကြိုဆိုနှုတ်ဆက်သူ အများအပြားတွေ့မြင်ရကြောင်း ခရီးစဉ်တွင် လိုက်ပါသတင်းယူသည့် မဇ္ဈိမ သတင်းထောက်က ဆို သည်။
“ကလေးတွေရော၊ လူကြီးတွေရော လမ်းတလျှောက်လုံး လိုလိုပဲ။ ည မှောင်တဲ့အထိ အိုးစည်ဗုံမောင်းတွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် ကြိုကြတယ်” ဟု သတင်းထောက်က ဆိုသည်။
ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တည်းခိုသည့် အိမ် အနီးတွင် သတင်းမီဒီယာများ စောင့်ဆိုင်း လျက် ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများမှလည်း ပရိသတ် အများအပြား လာရောက်ကြောင်း သိရသည်။
“အန်တီတည်းတဲ့ အိမ်ရှေ့မှာ ဗီဒီယိုကင်မရာတွေ ဆင်ပြီး စောင့်နေကြတယ်။ သတင်းထောက်တွေက ရွာထဲမှာ နေရာအနှံ့ပဲ။ ရွာထဲက အိမ်တွေမှာ လိုက်တည်းတဲ့သူတွေလည်း ရှိတယ်။ ကားပေါ်မှာပဲ အိပ်မယ် ဆိုတဲ့ အဖွဲ့တွေ လည်း ရှိတယ်။ သတင်းထောက်မှာ ပြည်တွင်း သတင်းထောက်တွေထက် နိုင်ငံခြားသား သတင်းထောက်တွေ ပိုများတယ်လို့ ထင်ရတယ်။ နိုင်ငံခြားသား သတင်းထောက် မရှိဘူးဆို ၇ဝ-၈ဝ လောက် အောက်ထစ်ရှိမယ်” ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။
ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိပြီး ကြိုဆိုစောင့်ဆိုင်းနေသူများကို ခေတ္တ နှုတ်ခွန်းဆက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သည် တည်းခို သည့်အိမ်၌ အနားယူနေကြောင်း လုံခြုံရေးနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ကျေးရွာခံများ ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲတွင် ကိုယ် တိုင်မဲပေးရန်အတွက် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် သန်းခေါင်စာရင်းဝင်ရန် ဆုံးဖြတ်ခဲ့သေးသည်။ တိုင်းရင်းသားအရေးအတွက် ကရင်လူမျိုးအများအပြား နေထိုင်သည့် ဝါးသိင်္ခကျေးရွာကို ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း နောက် ပိုင်းတွင် သန်းခေါင်စာရင်း ပြောင်းလဲ မည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။
Ref: မဇ္ဈိမ
Sunday, April 1, 2012
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနေ့ သတင်းများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment