Monday, April 2, 2012

ဒေါ်အောင်ဆန်းစုကြည် တစ်ရွာဝင် တစ်ရွာထွက်ပြီး မဲရုံများလိုက်လံကြည့်ရှု

1 April 2012

ရန်ကုန်တိုင်း ကော့မူးမြို့နယ်တွင် ၀င်ရောက်အရွေးခံသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၉နာရီခွဲခန့်မှာ ၀ါးသင်္ခကျေးရွာမှ ကော့မူးပြန်အထွက်တွင် တရွာဝင်တစ်ရွာထွက်ပြီး မဲရုံရှိသည့် နေရာများ၌ လိုက်လံကြည့်ရှု နေသည် ဟု သိရသည်။

NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လိုက်လံဆောင်ရွက်ပေးနေသူတစ်ဦးက “ဒေါ်စုကတော့ ၀ါးသင်္ခကနေ ကော့မူးကို ပြန်အထွက်မှာ အဲဒီမဲရုံရှိတဲ့နေရာတွေကို တစ်ရွာဝင် တစ်ရွာထွက်ပေါ့လေ၊ လိုက်ပြီးတော့ သူကြည့်နေတယ်”ဟု ကရင်သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သွားရာနောက်တွင် ၎င်းကို ထောက်ခံအားပေးသူများနှင့် သတင်းရယူနေသူ သတင်းထောက်များ အပါအ၀င် ကားအစီး ၅၀ကျော်လိုက်ပါသွားသည်ဟုလည်း သူက ပြောသည်။

မဲပေးမှုအခြေအနေနှင့်ပတ်သက်၍လည်း“ မဲပေးမှုအခြေအနေကတော့ ကောင်းပါတယ်။ မဲပေးရမဲ့ စာရင်းတွေ နံပါတ်နဲ့လေ။ ဦးရေစာ ရင်းတွေ အကုန်လုံးတွက်ထားတယ်။ ဒီတော့ မဲလာပေးတဲ့အခါမှာ ဘယ်သူက ဘယ်နံပါတ်နဲ့လာပေးသွားကြတာလဲဆိုတာ သိတယ်။ မဲရုံကလူတွေ Register လုပ်ထားတာပေါ့”ဟု ၎င်းဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိသည့်မဲရုံများတွင် မဲရုံအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု တစုံတရာ မရှိသလို ပြည်တွင်း၊ ပြည်ပမှ သတင်း ယူနေသည့် သတင်းသမားများသည်လည်း သတ်မှတ်ထားသည့် ဧရိယာအတွင် လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရှိသည်ဟု သိရသည်။

Ref: ကေအိုင်စီ

0 comments:

အပေါ်သို့