Wednesday, May 2, 2012

၁၂၂ ကြိမ်မြောက် မေဒေးနေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားများ ကျင်းပ

May 1st, 2012

ဒီကနေ့ ကျရောက်တဲ့ (၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို တာခ်ခရိုင်မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀၀၀) လောက်ပါဝင်ကာ ဒေသတွင်း အလုပ်သမားအရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ ထိုင်းအစိုးရတာဝန်ရှိသူများ၊ လုပ်ငန်းရှင်းနှင့် အလုပ်သမား ကာကွယ်ရေးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့ ကျင်းပခဲ့သည်။

မေဒေးနေ့အခမ်းအနားမစတင်ခင် အလုပ်သမားအရေးလုပ်ဆောင်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား စုစုပေါင်း တစ်ထောင် နီး ပါးက မဲဆောက်မြို့ ရဲစခန်းကနေ မေဒေးနေ့အခမ်းအနားပြုလုပ်ရာ ထိုင်းစာသင်ကျောင်းဝန်းအထိ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်တဲ့ လက်ကိုင် ပိုစတာတွေ ကိုင်ဆောင်ကာ လမ်းလျှောက်ချီတက် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

မေဒေးနေ့ လမ်းလျောက်ပွဲတွင်ပါဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမတဦးက “ဒီနေ့က အလုပ်သမားအခွင့်အရေးအတွက် အလုပ်သမားတွေကိုယ်တိုင်က တိုက်ပွဲဝင်ခဲ့တဲ့နေ့ဖြစ်တယ် ဒီတိုက်ပွဲကြောင့် ရခဲ့တဲ့ အလုပ်သမားအခွင့်အရေးတွေက (၁၂၂)နှစ်ကျော်ကြာလာတာတောင် ကျမတို့ မြန်မာအလုပ်သမားတွေ အခုထိ တရားဝင်လုပ်ခ၊ အလုပ်ချိန်တွေ မခံစားရသေးဘူး အလုပ်ချိန်ပိုခိုင်းတာခံရတုန်း လုပ်ခမလုံ မလောက်နဲ့ လုပ်နေရတုန်း ကျန်းမာရေးစောင့်ရှောက်မှုဆိုတာကလည်း ဘာမှမရှိဘူး။

ဒီအခြေအနေတွေကနေ လွတ်မြောက်နိုင်မယ့် ကိုယ့်အခွင့်အရေးကို ရအောင် စုပေါင်းလုပ်ဆောင်နိုင်မယ့် စိတ်ဓါတ်ခွန်အားတွေရဖို့ အသိပညာရဖို့ ဒီအလုပ်သမားနေ့ကို ပါဝင်ခဲ့တာ” လို့ပြောသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပျော်ပွဲရွှင်ပွဲနှင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာကစားနည်းပြိုင်ပွဲများလည်း ပြုလုပ်ပေးခဲ့သည်။

အလားတူ မေဒေးနေ့အခမ်းအနားကို မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အပါအ၀င် MAP Foundation စသည့် အလုပ်သမားအရေး လုပ်ဆောင်ပေးနေသည့် အဖွဲ့ (၁၃) ဖွဲ့ပါ Migrant CBO network group က ဦးဆောင်ပြီး မဲဆောက်မြို့ ယူဂျီယာ ခမ်းမတွင် ပြုလုပ်ခဲ့သည်။

မေဒေးနေ့ အခမ်းအနားပြုလုပ်ရတာနဲ့ပတ်သက်လို့ Migrant CBO network group ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မဲဆောက်မှာ (၂)သိန်းခွဲလောက် စက်ရုံ အလုပ်ရုံ စိုက်ပျိုးရေး၊ ဈေးရောင်း၊ အိမ်အကူ ပန်းရံ စတဲ့ အလုပ်မျိုးစုံမှာ ၀င်ရောက်လုပ်ကိုင်နေပမယ့် တနေ့ အလုပ် ချိန် (၈) နာရီနဲ့ မဲဆောက်ဒေသအတွက် တရားဝင်သတ်မှတ်ထားတဲ့ တနေ့လုပ်အားခ (၂၂၆) ဘတ် ဘာတခုမှ ပြည့်ပြည့်၀၀မရသေးဘူး ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်နည်းတယ်။ အလုပ်သမား နေထိုင်မကောင်းရင်တောင် ခွင့်မပေးဘူး အလုပ်မဆင်းရင် အလုပ်တောင်အထုတ်ခံရတာတွေအထိ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိနေတုန်းပဲ ဒါကြောင့် ကိုယ့်အခွင့်အရေးကို သိပြီး ကိုယ်တိုင်တိုက်ပွဲဝင်ဖို့ မေဒေးစိတ်ဓါတ်နဲ့ အလုပ်သမား အောင်ပွဲတွေကို သိအောင် ဒီအခမ်းအနားကို ကျင်းပတာဖြစ်တယ်” လို့ပြောသည်။

ဒီကနေ့ကျရောက်သည့် ၁၂၂ ကြိမ်မြောက် မေးဒေးနေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံတွင်း ရန်ကုန်တိုင်းအတွင်းနှင့် မြို့နယ် အချို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒီကနေ့ မနက် ၉ နာရီတွင် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် ဂွမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရုံးမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများသမဂ္ဂက ဦးဆောင်ပြီး ကျင်းပခဲ့သည်။

အခမ်းအနားတွင် လွတ်လပ်သည့် သမဂ္ဂတွေ ဖွဲ့စည်းခွင့်မရအောင် ကန့်သတ်ထားမှုတွေ ရုတ်သိမ်းပေးဖို့ လယ်သမားဥပဒေရေးဆွဲရာတွင် လွတ်လပ်သည့် တောင်သူလယ်သမားနှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန်၊ အစိုးရရုံးပိတ်ရက်များတွင် ကာယညာဏ အလုပ်သမားထုအားလုံး အလုပ်ပိတ် ရက်နှင့် လုပ်ခလစာ အပြည့်အ၀ ရရှိရန်အပါအ၀င် အချက် (၅) ချက် တောင်းဆိုလိုက်ကြောင်းသိရသည်။

ဒီကနေ့ ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂက ဦးဆောင်ပြီး ရခိုင်ပြည်နယ် ဂွမြို့အပြင် ရန်ကုန်တိုင်း သုံးခွမြို့နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမများတွင်လည်း တစ်ပြိုင်တည်း ကျင်းပခဲ့သည်။

ထို့ပြင် မေဒေးနေ့ အခမ်းအနားကို အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ (Action Labor Rights) က ဦးဆောင်ပြီး အလုပ်သမားများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်သမားအရေးဆောင်ရွက်နေသူများနှင့် ပူးပေါင်းကာ ဒဂုံမြို့သစ်တောင်ပိုင်း၊ (၂၆) ရပ်ကွက် ပုလဲရတနာလမ်းမှာရှိသည့် နိကာယ် စာသင်တိုက်မှာ မနက် (၉) နာရီကနေ (၁၂) နာရီအထိ ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ အဖွဲ့က မေဒေးနေ့ကြေညာချက်လည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အလုပ်သမားများ တကယ် ရင်ဆိုင်နေရသည့် တနေ့အလုပ်ချိန် (၈)နာရီကိစ္စအပြင် လုပ်ခလစာ၊ အချိန်ပိုကြေး၊ ဒဏ်ကြေး ဆုကြေးနှင့် အလုပ်ခွင်ဆက်ဆံရေး ပြဿနာများရှိနေပြီး ထိုပြဿနာများထဲတွင် လုပ်ခလစာ မလုံလောက်မှုမှာ အရင်းခံပြဿနာဖြစ်ကြောင်း ထောက်ပြပြီး လုပ်ခလစာပြဿနာ ပြေလည်ရေးအတွက် အနည်း ဆုံးလုပ်ခဥပဒေအား ခေတ်နှင့်လျော်ညီအောင်ပြုပြင်ခြင်း၊ သို့မဟုတ် ဖျက်သိမ်းပြီး အသစ်တဖန်ပြန်လည်ပြဌာန်းခြင်း ပြုလုပ်ရန်၊ အလုပ်သမားလျော်ကြေး ဥပဒေအပါအ၀င် အခြားအလုပ်သမားဥပဒေများကို ခေတ်နှင့်လျော်ညီသော ပြင်ဆင်ချက်ုများပြုလုပ်ရန် တိုက်တွန်းပါရှိသည်။

အဆိုပါအဖွဲ့က အလုပ်သမားအခွင့်အရေးပညာပေးစာစဉ် ပန်းဖလက် လက်ကမ်း စာစောင်လည်းဖြန့်ဝေခဲ့သည်။ ထို စာစောင်တွင် အခြေခံအလုပ် သမား အခွင့်အရေးများ ဖြစ်သည့် အလုပ်ချိန်၊ လုပ်အားခ၊ ဆေးလက်မှတ်ခွင့်၊ အချိန်ပိုလုပ်ခ၊ အလုပ်ပိတ်ရက်၊ ခွင့်ရက်၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့် စသည့် (၁၉၅၁) ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေတို့ပါ အခြေခံအလုပ်သမား အခွင့်အရေးများကို ရေးသားဖော်ပြထားသည်။

ရန်ကုန် အင်းစိန်မြို့နယ် (၂၈) သုခမြိုင်(၁)လမ်း ပညာသုခစာသင်ခမ်းမတွင်လည်း (၁၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် လုပ်သားနှင့် လုပ်ငန်းခွင်ရေးရာ ကိစ္စရပ်များဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း အလုပ်သမားအရေးလုပ်ဆောင်နေသူများက ကျင်းပခဲ့ ကြောင်းသိရသည်။

စက်ရုံ အလုပ်ရုံ အလုပ်သမားများ မေဒေးနေ့ အခမ်းအနားများသို့ လွတ်လွတ်လပ်လပ် တက်ရောက်နိုင်မှု မရှိသေးသည့်အခြေအနေနှင့်ပတ်သက်ပြီး “ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ လှိုင်သာယာနဲ့ တောင်ဒဂုံမှာရှိတဲ့ စက်ရုံတွေ အလုပ်သမားတွေကို အလုပ်သမားနေ့မှာ ဘယ်မှ မသွားကြဖို့ ဘယ်အခမ်းအနားမှ မတက်ကြဖို့နဲ့ တက်လို့ရှိရင် အလုပ်ဖြုတ်မယ်လို့ စက်ရုံအများစုမှာ ဆူပါကြီးတွေကတဆင့် ဆော်အော်ထားတယ်။ တချို့စက်ရုံတွေမှာဆိုရင် မေဒေးနေ့ တရက်ဆင်းရင် (၇၀၀၀) ခုနှစ်ထောင်ကျပ်အထိ ပေးမယ်ပြောလို့ အလုပ်သမားတွေလည်း အလုပ်ဆင်းနေကြတယ်။ အလုပ်သမားတွေကို အပြင် အခမ်း အနားတွေကို မရောက်အောင် စီစဉ်တာ” လို့ စက်ရုံအလုပ်သမားတဦးက ပြောသည်။

Ref: ရိုးမ၃

0 comments:

အပေါ်သို့