Wednesday, May 2, 2012

နေပြည်တော်ရှိ မြေယာဆုံးရှုံးမှုများအတွက် ပါတီမူဝါဒ လမ်းစဉ်အတိုင်း ဆောင်ရွက်သွားမည်ဟု ဦးမင်းသူပြောကြား

အောင်ကိုကိုလတ် (မြစ်မခ)
1 May, 2012

နေပြည်တော်ဒေသခံများက မြေယာဆုံးရှုံးမူများကို တင်ပြလာပါက ပါတီမူဝါဒ လမ်းစဉ်အတိုင်း ဆွေးနွေးတင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဥတ္တရသီရိမြို့နယ် ဒီချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

“ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို အဖွဲ့ချုပ်ရဲ့ ပါတီမူဝါဒ အခြေခံလူအခွင့်ရေးရှုထောင့်ကနေ ပြီးတော့ ဆောင်ရွက် ဆွေးနွေးပေး သွားမှာပါ။ အခု ဒေသခံတွေနှစ်နာနေတဲ့ ဥပဒေတွေကို လွတ်တော်ထဲကနေပြင်ဆင်ဖို့ ဆွေးနွေးမယ်၊ နှစ်နာမူတွေမဖြစ်အောင် ဥပဒေတွေ ပြဌာန်းသွားဖို့ ဆွေးနွေးသွား မယ်” ဟု ဦးမင်းသူက ပြော သည်။

၂၀၀၃-၂၀၀၄ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နေပြည်တော်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများတွင် ဒေသခံပြည်သူများ အနေဖြင့် မြေယာဆုံးရှုံးမှု ၇၀ ရာခိုင်နူန်းခန့်ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ မိဘရွာဆို တစ်ရွာလုံး ရွှေ့ပြောင်းခံရတယ်။ နှစ်နာကြေးလည်းအပြည့်အ၀ မခံစားရဘူး။ သိမ်းလိုက်တဲ့နေရာတော်တော် များများက လယ်ယာလုပ်ငန်းလုပ်ကိုင်လို့ကောင်းတဲ့နေရာတွေပါတယ်” ဟု ဥတ္တရသီရိမြို့နယ်၊ချင်းရွာရှိ ဒေသခံတစ်ဦးက ပြောသည်။

နေပြည်တော် တည်ဆောက်ရေးစီမံ့ကိန်းတွင် ပါဝင်သော ဥတ္တရသီရိမြို့နယ်၊ ဇဗ္မူသီရိမြို့နယ်၊ ပုဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်များရှိ ကျေးရွာ၊ ရပ်ကွက်များသည် ၁၉၉၉-၂၀၀၁ ခုနှစ်မတိုင်မှီအထိ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

“အဘတို့ ဒီမှာနေထိုင်လာတာ ၆၀ကျော်ပြီ။ အရင်တုန်းကဆို စပါးတို့၊ နှမ်းတို့ စိုက်တယ်။ အခုတော့ ဖွံ့ဖြိုး လာတာလားမသိဘူး။ လမ်းတွေ အိမ်တွေတော့ တိုးလာတယ်။ တောင်ယာ/လယ်ယာ လုပ်ငန်းတွေတော့ လုပ်ကိုင်လို့မရတော့ဘူးပေါ့။ အရင်က လယ်ဧက ၁၀၀ လောက်ရှိတယ်ဆိုရင် အခု ဧက ၂၀ လောက်တောင် မရှိတော့ဘူး” ဟု နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင်နေထိုင်သူ ၆၈ နှစ်အရွယ်ရှိ အဖိုးအိုတစ်ဦးက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၄၃ နေရာအနိုင်ရရှိခဲ့သည့် အန်အယ်ဒီအနေဖြင့် ၂၀၁၂ခုနှစ်၊ မေလ၊ ၂ရက်နေ့ ပြည်ထောင်စု လွတ်တော်၊ ပထမအကြိမ်၊ တတိယ ပုံမှန်လွတ်တော်အစည်း အဝေးသို့ တက် ရောက်ရန် ကျမ်းကျိန်သွားမည်ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့