Wednesday, May 2, 2012

စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ဘန်ကီမွန်း ပြော

လင်းသန့်
April 30, 2012

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာ့အပြောင်းအလဲသည် အစတွင် စိန်ခေါ်မှုများစွာရှိပြီး အဆိုပါ အပြောင်းအလဲကို အားပေးသွားနိုင်ရန်အတွက် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန်လိုကြောင်း ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

“ဒီနေ့ ကျနော့်အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းချင်တာက ကုန်သွယ်ရေး ကန့်သတ်ထားတာတွေနဲ့ အခြား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာတွေကို ဆိုင်းငံ့တာ၊ ရုပ်သိမ်းတာတွေ လုပ်ပေးဖို့ပါပဲ”ဟု မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် သိမ်မွေ့သည့်အနေအထား၌ပင်ရှိနေသေးပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဒုက္ခများကို ကူညီ ဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ရုပ် သိမ်းပေးရန်လိုအပ်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

ထိုသို့ ပြောဆိုချက်အပေါ် နိုင်ငံရေး ဆောင်းပါးများ ရေးသားလေ့ရှိသူ စာရေးဆရာ မောင်ဝံသက ကြိုဆိုလိုက်ပြီး ယခုပြော ဆို ချက်သည် ကုလသမဂ္ဂ၏ သဘောထားကို ပြောဆိုသည်ဟု နားလည်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု မြန်ဆန် လာသည်နှင့်အမျှ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားမှုများ လည်း ရုပ်သိမ်းသွားမည်ဟု ယုံကြည်ကြောင်း ဧရာဝတီကိုပြောသည်။

မစ္စတာ ဘန်ကီမွန်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၏ ဗဟိုချက်သည် လွှတ်တော်ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ် ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသားများ ကိစ္စ ပြေလည်စေရေးတို့ အတွက် လည်း မြန်မာနိုင်ငံသည် စည်းလုံး ညီညွတ်မှုကို လိုအပ်နေ ကြောင်း၊ ခေါင်းဆောင်များအနေဖြင့်လည်း စည်းလုံးကြ ရန် လိုကြောင်း ထည့်သွင်းပြောဆိုသည်။

ကချင်ဒေသတွင် လတ်တလောဖြစ်နေသည့် စစ်ပွဲများနှင့် မတည်ငြိမ်မှုကို စိုးရိမ်ကြောင်း ပြောဆိုပြီး တိုင်းရင်းသား ဒေသများတွင်လိုအပ်နေသည့် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးအတွက် ကုလသမဂ္ဂတွင် အစီအစဉ်များ ရှိကြောင်း လည်း ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသည်။

ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တဦးအနေဖြင့် မြန်မာ့ လွှတ်တော်တွင် စကားပြောခြင်းသည် မြန်မာနိုင်ငံသမိုင်း တွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ယခုကဲ့သို့ မြန်မာပြည်ခရီးစဉ် သွားရခြင်းမှာ အဓိက စိုးရိမ်မှု ၄ ခုရှိကြောင်း မစ္စတာ ဘန်ကီမွန်း ၏ လက်ထောက် မစ္စတာ ဗီဂျေ နမ်ဘီယာက ခရီးစဉ် မတိုင်ခင် The New York Times သတင်းစာတွင် ရေးသားထားသည်။

ပထမအနေဖြင့် သာမန်ပြည်သူများ၏ ဘ၀ တိုးတက်မှု အမြန်ရရှိစေရေး အတွက် လက်ရှိ ပြုပြင်ပြောင်းလဲမှုအရှိန်ကို ဆက် လက် ထိန်းသိမ်းထားနိုင်ရန်၊ ဒုတိယ အဆင့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနည်းတူ မြန်မာ့စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးနှင့် ဆက်သွယ်ပေါင်းကူးပေးရန် ပါရှိသည်။

တတိယအဆင့်အနေဖြင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်များ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ် အခတ်ရပ်စဲရေးများလုပ်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ရန်၊ စတုတ္ထ အဆင့် အနေဖြင့် ယခု နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှသည် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီ စနစ် ကောင်းများ ထွန်းကားစေရေးတို့ ဖြစ်ကြောင်း နမ်ဘီယာက ဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့ကိုလည်း တွေ့ဆုံခဲ့သည်။

ယမန်နေ့ကလည်း မစ္စတာ ဘန်ကီမွန်းသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဂူဗိမာန်သို့ သွား ရောက်၍ ဂါရ၀ ပြုခဲ့သေးသည်။

မစ္စတာ ဘန်ကီမွန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ၌ မေလ ၁ ရက်နေ့ နံနက်ပိုင်း တွင် တွေ့ဆုံရန်ရှိသည်။

ထို့အပြင် မစ္စတာ ဘန်ကီမွန်းသည် မူးယစ်ဆေးဝါး ပပျောက်ရေး ကုလသမဂ္ဂ အစီအစဉ်အတွက် ရှမ်းပြည်တောင်ပိုင်းသို့ ခရီးစဉ် အတွင်း သွားရောက်ရန် ရှိကြောင်းလည်း သိရသည်။
ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် တတိယ အကြိမ်ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း သဘာဝဘေး အန္တရာယ် ကြုံတွေ့ရစဉ်က နိုင်ငံတကာ အကူအညီပေးရေး အတွက် မစ္စတာ ဘန်ကီမွန်း လာရောက်ခဲ့ ဖူးသည်။ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

ယခုတခေါက် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အလားအလာကောင်းပြီး အပြုသဘောဆောင်သည်ဟု မြင်၍ ဖြစ်နိုင်ကြောင်း၊ ဇနီးသည်ကိုပါ ခေါ်လာသည့်အတွက် ပို၍ရင်းနှီးနွေးထွေးမှုကို ပြသ ရာ ရောက်ကြောင်း၊ ယခင်က ထိုကဲ့သို့ အခြေအနေမရှိခဲ့ကြောင်း စာရေးဆရာ မောင်ဝံသက ဆိုသည်။

“၂၀၁၀ ရွေးကောက်ပွဲကိစ္စတုန်းက ဆိုရင် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေ၊ ကုလသမဂ္ဂက စောင့်ကြည့် လေ့ လာရေး အဖွဲ့တွေ လာပါရစေလို့ သူကိုယ်တိုင် ပြောတာပဲ။ သူကိုယ်တိုင် တောင်းပန်တယ်။ မေတ္တာရပ်ခံတယ်။ ဒါပေမယ့် ဒီ က လုံးဝကို ပယ်ချတယ်”ဟု မောင်ဝံသက ပြောသည်။

နာဂစ်မုန်တိုင်း ကာလ ပထမအကြိမ်လာရောက်ရေးအတွက် သံတမန်ရေးအရ ခက်ခဲစွာ ကြိုးစားစဉ်နှင့် ၂၀၁၀ ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကြိုးစားမှု ကာလအခြေအနေများနှင့် ယခုအခြေအနေ ကွာခြားနေပြီဖြစ်ကြောင်း၊ သို့သော် စီးပွားရေး ဒဏ် ခတ်ပိတ်ဆို့မှု လုပ်ထားသည့် နိုင်ငံများအနေဖြင့် ပြုပြင် ပြောင်းလဲမှုကို စောင့်ကြည့်ရန်လိုသေးကြောင်း ပြောဆိုနေမှုများသည် ထိုနိုင်ငံများနှင့်သာ ဆိုင်သော်လည်း မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ရန် မြန်မာဘက်က လို အပ်ကြောင်း သူက ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကမူ မြန်မာနိုင်ငံ၏ အခြေအနေသည် အာမခံချက် မရှိသေးဘဲ အချိန် မရွေးနောက်ကြောင်းပြန် လှည့်နိုင် သည်ဟု သံသယ ဖြစ်နေသည့်အတွက် နိုင်ငံတကာက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ဆိုင်းငံ့သည့် စနစ်အား အသုံးပြုနေခြင်း ဖြစ်သည်ဟု နားလည် ကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုရှိသည်ဟု သက် ဆိုင် ရာနိုင်ငံများက သတ်မှတ်လျှင် လုံးဝရုပ်သိမ်းသွားကြမည်ဖြစ်ကြောင်း ဧရာဝတီကို ပြော သည်။

“အားလုံးက အပြင်က Sanction တွေကိုပဲ အာရုံစိုက်ပြောနေကြတယ်။ အထဲက ပိတ်ဆို့ခံထားရတာတွေကို သတိ မမူမိကြ ဘူး။ ဥပမာ ကျောင်းပြန်တက် လို့ မရတာတွေ၊ ပတ်စ်ပို့ လျှောက်ထားလို့ မရသေးတာတွေ၊ ရှေ့နေ၊ ဆရာဝန် စသဖြင့် လိုင်စင် ပြန်မရသေးတာတွေကို သတိထားမိကြဖို့လည်း လိုတယ်” ဟု ကိုကိုကြီးက ပြောဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့