Wednesday, May 2, 2012

SSA တောင်ပိုင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်

ကျော်ခ
May 1, 2012

ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားပြီးဖြစ်သော ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ မေလ ထဲတွင်တွေ့ဆုံကြရန်ရှိပြီး အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေးတိုက်ပွဲဆင်နွဲမှုများအပေါ် ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်သွားရန်ရှိကြောင်း SSA ကပြော
သည်။

နှစ်ဖက်တပ်များအကြား အပစ်ရပ်ရေးနှင့် နယ်မြေသတ်မှတ်မှုများ သဘောတူညီမှုရထားပြီးဖြစ်သော်လည်း SSA-S တပ်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ ခြင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကို ပူးတွဲလုပ်ဆောင်နိုင်ရန် အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ စိုင်း ဆိုင်မိဏ်း က ပြောသည်။

“ပြည်ထောင်စုအဆင့်က ဆွေးနွေးမယ့်ရက်ရွေးဖို့ ပြီးခဲ့တဲ့ အပတ်က ကျနော်တို့ကိုဆက်သွယ်လာတယ်။ ကျနော်တို့ကတော့ မေလ ဒုတိယပတ်လောက်လို့ မှန်းထားပါတယ်။ တွေ့ဆုံကြဖို့က သဘောတူညီမှုရရှိပြီးသားပါ”ဟု စိုင်းဆိုင်မိဏ်း က ဧရာဝတီသို့ ပြော သည်။

အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေမှုများအပေါ် SSA-S ဥက္ကဋ္ဌ ရွက်ဆစ်က ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးအဖွဲ့ထံ မတ်လ ၂၃ ရက်နေ့က စာပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် SSA-S နှင့် အပစ်ရပ်ရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သူ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်း ဆောင် ဦးအောင်မင်းက ထိုကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးပေး မည်ဟု အကြောင်းပြန်ခဲ့သည်။

ထို့နောက် သင်္ကြန်ရက်များအပြီး တွင်တွေ့ဆုံကြရန်ဆက်သွယ်ထားကြသော်လည်း အစိုးရငြိမ်းချမ်းရေးအဖွဲ့များမအားလပ်သဖြင့် မေ လပိုင်းထဲသို့ ပြောင်းရွှေ့ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် တောင်ကြီးမြို့၌ တွေ့ဆုံဆွေးနွေးရာတွင် နယ်မြေပိုင်းခြားသတ်မှတ်မှုများ ပါဝင်ခဲ့ပြီး အစိုးရ တပ်များက SSA-S တပ်များ စခန်းချရာ နေရာများကို ဝင်ရောက်သိမ်းမှု များသည် SSA-S ဗဟိုဌာနချုပ်အနေဖြင့် အောက်ခြေ တပ်များအား နားလည်မှု ရှိစေရန်နှင့် ကျေနပ်မှုရှိစေရန်တို့အတွက် အကြောင်းပြချက်ပေးရန် အခက်ခဲဖြစ်စေခဲ့ကြောင်း SSA-S ဥက္ကဋ္ဌ ရွက်ဆစ် အကြောင်းကြားစာ၌ ဖော်ပြထားသည်။

လတ်တလောတွင် အစိုးရတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့သော်လည်း နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘော တူညီမှု လက်မှတ်ထိုးပြီး တစ်လ အကြာတွင် အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းထ၊ နမ့်ဆန်၊ မိုင်းယောင်း၊ ကျောက်မဲနှင့် သီပေါ မြို့နယ် များအတွင်းရှိ SSA-S တပ်စခန်းချရာနေရာများကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်နေပြီး သတ်ဖြတ်ခြင်း၊ လက်နက်နှင့်ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ် နေကြောင်း ဥက္ကဋ္ဌ ရွက်ဆစ်က ပေးပို့သော စာထဲတွင် ပါရှိသည်။

အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီ ချက် ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။

ဆက်စပ်သတင်း

SSA တိုက်ခိုက်ခံရမှု ဦးအောင်မင်းက သမ္မတနှင့် တိုက်ရိုက် ဆွေးနွေးမည်

Ref: ဧရာဝတီ

0 comments:

အပေါ်သို့