နေမျိုး
ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ်
ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှုး အပါအဝင် ဝန်ထမ်းလေးဦး သတ်ဖြတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO မှ ငြင်းဆိုလိုက်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း ပြောသည်။
‘ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် KIA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်’ ဝန်ထမ်းလေးဦး သေဆုံးပြီး သုံးဦး ပျောက် ဆုံး နေကြောင်း ဧပြီလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ရေးသားချက်အား KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က တုန့်ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။
“မြန်မာအစိုးရက အဲဒီလိုပဲ အမြဲစွပ်စွဲတယ်။ ဘာဖြစ်လိုက်ဖြစ်လိုက် KIA ပဲ။ ဘယ်သူလုပ် တယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ တပ်မဟာကို အဲဒီကိစ္စ စုံစမ်းဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ KIA က လုပ်တယ်ဆိုတာ မဟုတ်ဘူးဗျ။ ကျနော်တို့ အမိန့်ပေးထားတာ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။
“အုပ်ချုပ်ရေး ဦးစီးမှုးအပါအဝင် လေးယောက်ကို သတ်သွားတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာရတယ်။ ဒါပေမယ့် ကျနော်ထင်တာတော့ အုပ်ချုပ်ရေးမှုး တွေက မှားတဲ့အချက်လေးတွေ ရှိမယ်။ ဒီဘက်နယ်ရောက်လာတဲ့ အချို့ အစိုးရ ဝန်ထမ်းတွေဟာ မောက်မာတာတွေ ရှိတယ်။ စီးပွားရေးကိစ္စတွေလည်း ပါနိုင်တယ်” ဟု ဆထုံး ဒေသခံ အမျိုးသား တဦးက မဇ္ဈိမကို ပြောသည်။
ဝိုင်းမော်ဒေသမှ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ ကုန်တင်ကားများ ကူးသန်းရာတွင် ဆထုံးဒေသအား ဖြတ်သန်းရ၍ မြို့နယ်ထွေ/အုပ်မှူးမှာ သြဇာရှိလှ ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ဧပြီလ ၂၉ ရက်နေ့က မန္တလေး-မြစ်ကြီးနား အမှတ် ၃၃ အဆန်ရထား မိုင်းကွဲမှုမှာလည်း KIA မှ မိုင်းထောင် ဖောက်ခွဲမှု ဖြစ်ကြောင်း မြန်မာ့အလင်း သတင်း စာက စွပ်စွဲထားသည်။
၂၀၁၁ ခုနှစ် ဧပြီလအတွင်း KIA ထိန်းချုပ်ရာ နယ်မြေများအတွင်း အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁၃၀ နီးပါး ဖြစ်ပွားခဲ့ သည်။
ယခုအခါ KIA ဌာနချုပ်တည်ရှိရာ လိုက်ဇာအနီးသို့ မြန်မာအစိုးရတပ်များ အင်အားတိုးချဲ့ ချဉ်းကပ်လာနေပြီး စုစုပေါင်း အစိုးရတပ်အင်အား ၂,၀၀၀ ခန့် ရှိလာပြီ ဖြစ်ကြောင်း ဦးလနန်က မဇ္စျိမကို ပြောသည်။
Ref: Mizzima
Tuesday, May 1, 2012
ဆထုံး သတ်ဖြတ်မှု စွပ်စွဲချက် KIO ငြင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment