Wednesday, May 2, 2012

အစိုးရ တပ်ဖွဲ့တခုအား KIA နှင့် မဟာမိတ်တပ်များ ၀ိုင်းရံထား

ဇော်ကြီး။
30 April 2012

ဌာနချုပ် လိုင်ဇာအနီးရှိ အစိုးရတပ်ဖွဲ့ တခုအား ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ABSDF (NB) တပ်ဖွဲ့များက ၀ိုင်းရံထားကြောင်း ရှေ့တန်း တပ်မှူးတဦးက ပြောသည်။

KIO ဌာနချုပ် လိုင်ဇာမြို့မှ ကားဖြင့် (၁၅) မိနစ်ခန့် မောင်းနင်ရပြီး အစိုးရ၏ အဓိကကျသည့် တပ်စခန်း တခုဖြစ်သည့် လဂျားယန် တပ်စခန်းရှိ အစိုးရ တပ်များ ယခုလ (၂၇) ရက်နေ့က ဆုတ်ခွာသွားသည်ဟု ABSDF ရှေ့တန်း တပ်မှူး တဦးက အခုလိုပြောသည်။

“လဂျားယန်က အရင်က တပ်ရင်းမှူးတွေ ဘာတွေ ထိုင်တဲ့နေရာလေ။ စရဖတို့ တပ်ရင်းမှူးတို့ အဲဒီမှာ စုပြီးထိုင်တဲ့တပ်က မရှိတော့ဘူး။ အခု ဒီမှာတော့ KIA နဲ့ ငါတို့ တပ်က နားလုံနဲ့ ဒီကြား တလျောက်လုံးမှာ ယူထားတယ်လေ။”

သို့သော် တပ်အားလုံး ရုတ်သိမ်းခြင်း မဟုတ်ဘဲ တပ်ခွဲတခွဲခန့် ကျန်ရှိနေပြီး ယင်းတပ်ခွဲ အား KIA နှင့် ABSDF တပ်ဖွဲ့ဝင်များက ပိတ်ဆို့ ၀ိုင်းရံထားသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“သူတို့ ခြံစည်းရိုးကာထားတဲ့ တပ်စခန်းထဲက ထွက်သွားပြီးမှ အဲဒီထက်နည်းနည်း မြှင့်တဲ့ တောင်ကြောပေါ်မှာ သွားတက်ပြီး နေနေတယ်။ အခု အဲဒီ အဖွဲ့တွေ လက်နက်လာချရင်ချ ဆိုပြီးမှ ဒီကလည်း အောက်က အသာလေး စောင့်နေတယ်။ မချဘူးဆိုရင်တော့ အကုန်လုံး ၀ိုင်းပြီးမှ ပတ်ပြီးမှ ရှင်းလင်းရေး ၀င်ရတော့မှာပေါ့။”

ထို့အပြင် အ၀ိုင်းခံထားရသည့် တပ်ဖွဲ့အား အစိုးရဖက်မှ စစ်ကူ လာရောက်ရန် ကြိုးပမ်း နေပြီး လဂျားယန်မှ (၄) မိုင်ခန့်အကွာရှိ မန်တဲ ကျေးရွာတွင် အင်အားစုစည်း နေကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အကယ်၍ လိုင်ဇာ ဌာနချုပ်အား အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ပါက လက်နက်ကြီး ကျရောက် ပေါက်ကွဲနိုင်သည့် နေရာများ ဖြစ်၍ သံဃာတော်များ အပါအ၀င် အစိုးရ တပ်ဖွဲ့ဝင်များအား လဂျားယန် ကျေးရွာမှ ရှောင်တိမ်း ခိုင်းခြင်းသာ ဖြစ်သည်ဟု ပြောသည်။

“တကယ်လို့များ သူတို့ အဲဒီမှာ ဆက်ပြီး ရှိနေမယ်ဆိုရင် လက်နက်ကြီး ပစ်ခွင်းတဲ့အခါမှာ ကျနော်တို့ တပ်တွေနဲ့ ကပ်ပြီးနေတဲ့ လဂျားယန်မှာရှိတဲ့ တပ်ဖွဲ့ ၀င်တွေကို ထိခိုက်သွားနိုင်တယ်ဗျ။ ဒါကြောင့် သူတို့ အဲဒီစခန်းကို ခွာလိုက်တဲ့ သဘောပါ။”

ထို့အပြင် ဌာနချုပ် လိုင်ဇာအား တိုက်ခိုက် သိမ်းပိုက်ရန် အစိုးရတပ်က စီမံချက် ရေးဆွဲထားပြီး လွန်ခဲ့သည့် ရက်များကလည်း တာဝေးပစ် လက်နက် ကြီး များဖြစ်သည့် (၁၀၅) ဟောင်ဝေဇာ အမြောက် အပါအ၀င် (၁၂၀) မီလီမီတာ၊ (၈၁) မီလီမီတာ မော်တာများဖြင့် ပစ်ခတ်ခဲ့ရာ လဂျားယန် တပ်စခန်း အနီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆက်လက် ပြောဆိုသည်။

အလားတူ လိုင်ဇာမြို့ မြောက်ဖက်ရှိ နားဖော့ တပ်စခန်းသို့ စစ်သုံး ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းနှင့် တပ်အင်အားများ ပို့ဆောင်နေပြီး လောလော ဆယ် ဌာနချုပ် လိုင်ဇာအား နေရာ သုံးခုမှ လက်နက်ကြီး များဖြင့် ချိန်ရွယ်ထားသည်ဟုလည်း ဆိုသည်။ ထို့အပြင် မြစ်ကြီးနား လိုင်ဇာ၊ မြစ်ကြီးနား ဗန်းမော် သွားသည့် ကားလမ်းတလျောက်တွင် အစိုးရ တပ်အင်အားများ ပိုမို တိုးမြှင့်လာကြောင်း သတင်းရရှိသည်။

ယင်း အခြေအနေများ အတွင်း ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက KIO ဌာနချုပ် လိုင်ဇာ တပ်စခန်းအား သိမ်းပိုက်ရန် အစီအစဉ် မရှိဟု ပြောဆိုခဲ့ခြင်းမှာ ဒေသတွင်း လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု မရှိဟု ၎င်းက တုန့်ပြန် ပြောဆိုလိုက်သည်။

“သံတမန်ရေး လမ်းကြောင်းမှာ သူတို့ဖက်က အသာစီးရအောင် ပြောဆိုနေတဲ့ အပိုင်း တွေပါ။ ဗဟိုဌာနချုပ်ကို မသိမ်းပိုက်ပါဘူးဆိုတဲ့ဟာက ဒီမှာဖြစ်တဲ့ လက်တွေ့နဲ့တော့ တခြားစီ ဖြစ်နေတာပေါ့ဗျာ။”

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောခဲ့သည့် စကားအတိုင်း KIA ဌာနချုပ် လိုင်ဇာအား သိမ်းပိုက်ရန် အစီအစဉ် လုံးဝ မရှိကြောင်း ယမန်နေ့က နေပြည် တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်ဟု ယနေ့ထုတ် ပြည်တွင်း သတင်းဂျာနယ်များက ဖော်ပြခဲ့သည်။

လောလောဆယ် လဂျားယန် ကျေးရွာအတွင်း KIA နှင့် ABSDF တပ်ဖွဲ့ဝင်များ ၀င်ရောက်ရှင်းလင်းခဲ့ရာ အစိုးရ အလံ (၂) ခု၊ လက်နက်ကြီးကျည် သုံးလုံး၊ လမ်းလျှောက် စကားပြောစက် (၂) လုံးနှင့် စစ်ယူနီဖောင်းများ သိမ်းဆည်းရမိသည်ဟု ABSDF တပ်မှူးက ပြောဆိုသည်။

အစိုးရနှင့် KIA တို့ ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ (၁၀) လကျော် ကာလအတွင်း မြို့ပေါ်နှင့် တရုတ်မြန်မာနယ်စပ် တလျောက်သို့ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည် ခြောက်သောင်းကျော်ရှိသည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ၏ ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံပြီးသော်လည်း နှစ်ဖက်တပ်ဖွဲ့များကြား ယနေ့တိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Ref: အဲန်အမ်ဂျီ

0 comments:

အပေါ်သို့