ဧပြီလ ၂၈၊ ၂၀၁၂
''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များ'' ညီနောင်ပါတီများ နှင့် ပါတီအား လိုလားထောက်ခံသူများ အား သဘောထားမှတ်ချက်တောင်းခံခြင်း
(၁) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌထံ သတိပေးညွှန်ကြားစာတစ်စောင် ၂၇ ရက်နေ့ ည ၇ နာရီခန့်က ရောက်ရှိလာပါသည် ။
(၂) စာ၏ အကြောင်းအရာမှာ - ''ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေ ချိုးဖောက်ရာ ရောက်သော ရေးသားမှုများမပြုလုပ်ရေး သတိ ပေးညွှန်ကြားခြင်း " ဟု ခေါင်းစဉ်တပ်လာပါသည် ။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ''၂၁.၁၀.၂၀၁၂ ရက်စွဲပါစာအမှတ် ၅-၄(၂၄)/၂၀၁၂ (၀၅၅) '' ကို ရည်ညွှန်းဟုဖော်ပြထားပါသည် ။
(၃) စာပါအကြောင်းအရာအပြည့်အစုံမှာ -
(က) မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက န/သ - ၀၆၈ ဖြင့် ၃၀-၆-၂၀၁၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဇေကမ္ဘာကုမ္ပဏီနှင့် ရွှေနံသာလယ်သမား များ ပြဿနာခေါင်းစဉ်ဖြင့် ဖြန့်ဝေခဲ့သောစာစောင်သည် ပြန်ကြားရေး ၀န်ကြီးဌာနကထုတ်ဝေထားသည့် ညွှန်ကြားချက်(၄၂)ပါ စည်းကမ်းချက်များနှင့်ငြိစွန်းသဖြင့် ပါတီစာစောင် ထုတ်ဝေသူ ဦးတင်မောင်အေးနှင့် ပါတီဥက္ကဌ ဦးနေမျိုးဝေတို့ကို ၈-၇-၂၀၁၁ ရက်နေ့တွင် စာပေစိစစ်ရေး နှင့်မှတ်ပုံတင်ဌာနသို့ခေါ်ယူ၍ ညွှန် ကြားချက်(၄၂)နှင့်အညီ လိုက်နာဆောင်ရွက်ရေး ၀န်ခံကတိလက်မှတ် ရေးထိုးမှတ်တမ်းတင်ခဲ့ပါကြောင်း ရည်ညွှန်းစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အသိပေးတင်ပြ လာပါသည် ။
(ခ) ထပ်မံ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ၂၇-၃-၂၀၁၂ ရက်နေ့တွင်ထုတ်ဝေသောစာစဉ်(၁၅) တွင် သက်ဆိုင်ရာပါတီ၏ မူဝါဒ ၊ သဘောထား ၊ မဲဆွယ်စည်းရုံးညခင်းဆိုင်ရာ အကြောင်းအချက်များ မဟုတ် သည့် ပါတီနိုင်ငံရေးနှင့် မသက်ဆိုင်သော ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံ ခေါင်းစဉ်ဖြင့် ထားဝယ် အထူးစီးပွါးရေးဇုန်တည်ဆောက်မှုတွင် မြေယာအရောင်းအ၀ယ်သမားများ၏ အရှုပ်တော်ပုံများ၊ မြေသိမ်း လျော်ကြေးပေးခြင်းအပေါ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၏ မမှန်မကန် ဆောင်ရွက်နေမှုများ ၊ ထားဝယ်ဒေသခံများ၏ ထုတ်ဖော်ပြောကြားချက်များကို စုစည်းဖော်ပြထားခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်(၄၂)ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၈-၇-၂၀၁၂ ရက်နေ့တွင် ပါတီစာစောင်ထုတ် ဝေသူဦးတင်မောင် အေးအား၊ စာပေစိစစ်နှင့်မျတ်ပုံတင်ဌာနသို့ ခေါ်ယူ၍ နောက်ဆုံးအကြိမ် ၀န်ခံကတိ လက်မှတ် ရေးထိုးခြင်းတို့ကို ပြုလုပ်ခဲ့ရကြောင်း ရည်ညွှန်းစာဖြင့် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့အသိပေးတင်ပြလာပါသည် ။
(ဂ) နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ အရ ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့် ရှောက်ရေး တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေးနှင့် လူမျိုးရေးသို့မဟုတ်ဘာသာရေး သို့မဟုတ်လူတစ်ဦးချင်း သို့ မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေးတို့ကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ပြုထားပြီးဖြစ်ပါသည် ။
(ဃ) ထို့အပြင် ယင်းဥပဒေပုဒ်မ ၂၄ အရ ပါတီတစ်ခုခုသည် တည်ဆဲဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရမည်ဖြစ်ပြီး နည်းဥပဒေ ၁၅(ဂ) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိလျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်နိုင်ကြောင်းပြဌာန်းထားပါသည် ။
(င) သို့ဖြစ်ပါ၍ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက ထုတ်ဝေသော ဖော်ပြပါပါတီစာစောင်များသည် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန် ကြားချက်(၄၂)ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တည်ဆဲ ဥပဒေကို ချိုးဖောက်ရာရောက်သော ရေးသားဖော်ပြချက်များပါရှိသဖြင့် နောင်အလားတူ ဥပဒေချိုး ဖောက်မှုမျိုးမဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် သတိပေးညွှန်ကြား ပါသည် ။
ဥက္ကဌ(ကိုယ်စား)
ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်
မိတ္တူကို
ပြန်ကြားရေးဝန်ကြီးဌာန
တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအားလုံး
နိုင်ငံရေးပါတီများအားလုံး ----- ကို ပေးပို့ကြောင်းပါရှိပါတယ် ။
(၄) သို့ဖြစ်ပါသောကြောင့် ဤစာကိုထုတ်ပြန်၍မိတ်ဆွေများနှင့် ပါတီဝင်များအားသဘောထားမှတ်ချက် တောင်းခံရခြင်းဖြစ်ပါသည် ။ ကျွန်ုပ်တို့ပါတီ အနေဖြင့် ပါတီထူထောင်စဉ်ကာလ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့တင်ပြ၍ မှတ်ပုံတင်လျှောက်ထားသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၏ မူဝါဒ၊ သဘော တရား ၊ လုပ်ငန်းစဉ်နှင့်ဖွဲ့စည်းပုံစာအုပ် စာမျက်နှာ ၁၀ တွင် ဖော်ပြထားသော လုပ်ငန်းစဉ်များ နှင့် ကိုက်ညီစွာ လုပ်ဆောင်နေခြင်း သာဖြစ်ပါသည် ။ ပါတီ၏ လုပ်ငန်းစဉ်ထဲတွင် - -
အရှည်သဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေး ကောက်တင်မြှောက်ခံရသော ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြ စေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများကို ဖြေရှင်း နိုင်မည့် နည်းလမ်းများရှာဖွေခြင်းနှင့် ၊ မိမိတို့ စု ဆောင်းရရှိ သောအချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင်အထည်ဖော်သည့် ယန်္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်းလုပ်ငန်း သည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ် ကြီးဖြစ်ပေသည် ။
ဟု ဖော်ပြပါရှိပါသဖြင့် ကျွန်ုပ်တို့ တင်ပြရေးသားစေသာ အထက်ပါစာအုပ်နှစ်အုပ်ဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီ နှင့်ရွှေနံ့သာလယ်သမားများပြဿနာ စာအုပ် နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံစာအုပ်တွင် အထက် ဖော်ပြပါ ကျွန်ုပ်တို့ ပါတီ၏ လုပ်ငန်းစဉ်များအတိုင်းသာဖြစ်ပါသည် ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျွန်ုပ်တို့ ပါတီထူထောင်စဉ်ကာလ ဤစာအုပ်နှင့် မှတ်ပုံတင်လာရောက်လျှောက်ထားစဉ်တွင် ဖတ်ရှုလေ့ လာပြီး သဘောတူကြည်ဖြူသဖြင့် ပါတီမှတ်ပုံတင် ခွင့်ပြုခဲ့ပါသည် ။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပုဒ်မ (၄၂) အရ ဟု ထောက်ပြပြီး ကျွန်ုပ်တို့မှ တိတိကျကျ ထောက်ပြ သော ပြုပြင်ပြောင်းလဲဖွယ်ရာကိစ္စများကို လိုအပ်သလို ကောက်ချက်ဆွဲစေခြင်းငှာ မသင့်ဟု ထင်မြင်ယူဆပါသည် ။
ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးလုပ်သည်ဆိုရာတွင် အလုပ်နှစ်မျိုးသာရှိပါသည် ။
ပထမအလုပ်မှာ ကျွန်ုပ်တို့ မကြိုက်မနှစ်သက်သော မူဝါဒများကိုပြုပြင်ပြောင်းလဲရန်ကြိုးပမ်းလုပ်ဆောင် ခြင်း နှင့် ကျွန်ုပ်တို့ ကြိုက်နှစ်သက်သော မူဝါဒများ တည်မြဲရန် ကြိုးပမ်းခြင်းဖြစ်ပြီး
ဒုတိယအလုပ်မှာ အစိုးရ၏ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ဟူသော ယန္တယားများ တိမ်းစောင်းမှားယွင်း ပါက ပြုပြင်ထောက်ပြရန်သာဖြစ်ပါသည် ။ ထိုသို့ ထောက်ပြရန်အတွက် ဦးဖြူမှားနေပါက ဦးဖြူမှားနေ ပါသည် ဟုထောက်ပြခြင်း ၊ ဦးမဲ လာဘ်စားပါက ဦးမဲလာဘ်စားနေပါသည်ဟု ထောက်ပြခြင်းသည် နိုင်ငံကို တည်ဆောက် ပြုပြင်နေခြင်းသာဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည် ။
သို့သော် ကျွန်ုပ်တို့သည်လည်း လူသားများသာ ဖြစ်သဖြင့် အဂတိတရားလိုက်စားနိုင်ပါသည် ။ ထို့ကြောင့် ကျွန်ုပ်တို့ လွဲမှားဖော်ပြခြင်းအတွက်သာ အပြစ် ဒဏ်ခံရမည်မှာ ထိုက်တန်ပြီး ကမန်ုပ်တို့မှ မှန်ကန်တိကျစွာထောက်ပြနေခြင်းကို အပြစ်ပေးနိုင်သော ဥပဒေပုဒ်မများဖြစ်ပါက လုံးဝ မလိုလားအပ်သော ဥပဒေ များသာဖြစ်ပါသည် ။ သို့ပါသောကြောင့် ကျွန်ုပ်တို့ရေးသားသော ကိစ္စများ၏ မှန်ကန်မှုကို တာဝန်ယူပါ သည် ။ မှားယွင်းပါက ပြစ်ဒဏ်ပေးပါ ။ လိုအပ်သော ပြန်ကြားရေးဆိုင်ရာ ဥပဒေများပြုပြင်ပြောင်းလဲပါဟု အကြံပြုလိုပါသည် ။
(၅) မိတ်ဆွေများ ညီနောင်ပါတီများ နှင့် ပါတီဝင်များခင်ဗျား ဤကိစ္စနှင့်ပတ်သက်သော သဘောထား အမြင်များကို အောက်ပါဖုန်းနံပါတ်နှင့် အီးမေး လိပ်စာများ သို့ အကြောင်းပြန်ကြားပေးစေလိုပါသည် ။
နေမျိုးဝေ ဖုန်း 098610719 , naymyowai@gmail.com
အောက်တွင် ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များကို အသေးစိတ်လေ့လာနိုင်ရန်တင်ပြပါသည် ။
(ဂ) လုပ်ငန်းစဉ်
ကျွန်ုပ်တို့ပါတီသည် မတူကွဲပြားခွင့်ရှိခြင်းကိုတန်ဖိုးထားလေးစားသည်နှင့်အညီ ပါတီတွင်းစည်းမျဉ်း စည်းကမ်းများတွင် တမူထူးခြားစွာ ပါဝင်မည့် ကိစ်္စရပ်မှာ အခြားပါတီ များနှင့်ဆက်ဆံရေးပင်ဖြစ်ပေသည် ။
ပါတီဝင်တိုင်းသည် အခြားပါတီများမှ ပါတီဝင်များနှင့် ငြိမ်းချမ်းစွာ ဆွေးနွေး နိုင်ခွင့်ကိုအထူး အားပေး သွားမည် ။ ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် တည်ဆဲဥပဒေများနှင့်အညီ တည်ငြိမ် အေးချမ်းစွာ ရှင်းလင်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး အခြားနိုင်ငံရေးအင်အားစုများအားလုံး အပေါ်ပြိုင်ဘက် ဟူသော သဘော ထားမျိုး မရှိခြင်းသည် ကျွန်ုပ်တို့ ပါတီလုပ်ငန်းစဉ်များအားလုံး၏ အခြေခံစည်းမျဉ်းဖြစ်ပေသည်။
ကျွန်ုပ်တို့သည် အသစ်ပေါ်ထွန်းလာသော ပါတီဖြစ်သည်သည်နှင့်အညီ ၂၀၁၀ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စား လှယ် လောင်း များ ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်အရွေး ချယ်ခံနိုင်ရေး ဟူသော ကိစ်္စ နှင့် ပါတီဝင်ဦးရေသတ်မှတ်ချက်ပြည့်မီရေးဟူသောကိစ်္စသည် လုပ်ငန်းစဉ် တစ်ခုအဖြစ် ပါဝင်သော်လည်း ကျွန်ုပ်တို့၏ အရေးကြီးဆုံးအမြဲတမ်းလုပ်ငန်းတစ်ခုမဟုတ်ပေ ။
(ပါတီဝင်ဦးရေကိုလည်း ကျွန်ုပ်တို့ပါတီသည် နိုင်ငံရေးနယ်တွင် ခြေချနိုင်ယုံ နှင့် နိုင်ငံနယ် နမိတ်တစ်နံတစ်လျားတွင် ကွန်ယက်သဖွယ်ချိတ်ဆက် နိုင်ယုံ ပမာဏကိုသာ အများဆုံး အနေဖြင့် စုဆောင်း မည်ဖြစ်ပေသည် ။
နိုင်ငံရေးပါတီဝင်များ အလွန်အမင်း ဖောင်းပွပါဝင်နေခြင်းကို ကျွန်ုပ်တို့မလိုလား ပေ ။ နိုင်ငံရေး အခြေအနေကို သိရှိခံစား နားလည်နိုင်သောရေချိန်ရှိသူ များပြားလာစေ ရမည်ဖြစ်သော်လည်း နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်သာ နိုင်ငံသားတို့၏ ဘ၀ကို မြုပ်နှံစေ လို သည်မှာ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ဖြစ်ပေသည် ။
နိုင်ငံရေးနိုးကြားလျှက် ကုန်ထုတ်လုပ်ငန်းထဲတွင် ရှိနေစေလိုခြင်းဖြစ်ပါသည် ။ ကုန်ထုတ်လုပ်ငန်း အတွင်းရှိနေသောနိုင်ငံသားများနိုင်ငံရေးအခြေအနေကို လွယ်ကူစွာ အစဉ်သတိပြုမိ နားလည်သုံးသပ်နိုင် စေရေးကိုသာ ဦးတည်ပါသည် ။ )
အရှည်သဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြမည်မှာ - ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေး ကောက်တင်မြှောက်ခံရသော ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြ စေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း ၊ ပြဿနာများကို ဖြေရှင်း နိုင်မည့် နည်းလမ်းများရှာဖွေခြင်းနှင့် ၊ မိမိတို့ စု ဆောင်း ရရှိ သောအချက်အလက်များကို လက်ရှိမူဝါဒ ရေးဆွဲသူများ ၊ အကောင်အထည်ဖော်သည့် ယန်္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်း လုပ်ငန်း သည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ် ကြီးဖြစ်ပေသည် ။
လက်ရှိမူဝါဒ ရေးဆွဲချမှတ်သူများဆိုရာတွင် ကျွန်ုပ်တို့ပါတီကို ကိုယ်စားပြု၍ အရွေးချယ်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရည်ညွှန်းသည် မဟုတ်ဘဲ မည်သည့် ပါတီမှ ဖြစ်စေ၊ တစ်သီး ပုဂ်္ဂလဖြစ်စေ အရွေးချယ်ခံရသော ကိုယ်စားလှယ် လောင်းများအားလုံး၏ အချက်အလက်စုစောင်း ရှာဖွေ ပေးသော အဖွဲ့အစည်း တစ်ခု ဖြစ်စေရမည်မှာ ကျွန်ုပ်တို့ ရည်ရွယ်သည့် ပင်မလုပ်ငန်းစဉ်ဖြစ်ပါ သည် ။
ကျွန်ုပ်တို့ပါတီသည် လူထု အများ စီတန်းလှည့်လည်၍ ကျွေးကြော်အော်ဟစ်သည့် နိုင်ငံရေး လုပ်ငန်းစဉ်ကို မယုံကြည်ပေ ။ ကျွန်ုပ်တို့သည် ပြည်သူလူထု ကို စာပေ၊ သတင်းမီဒီယာမျိုးစုံတို့မှနေ၍ အသိတရားပေးခြင်း ၊ မူဝါဒချမှတ်သူများ၏ လွဲချော်မှား ယွင်းမှု ဟု ကျွန်ုပ်တို့ ထင်မြင်ပါက ကျွန်ုပ်တို့ ၏ အယူ အဆထင်မြင်ချက်များကို မီဒီယာမျိုးစုံတို့မှ နှိုင်းယှဉ်တင်ပြဆွေးနွေးစေခြင်း စသော လုပ်ငန်းစဉ်များကို သာ ယုံကြည်ပေသည် ။
လတ်တလော ပေါ်ပေါက်လာသော ပြဿနာများကို ဆွေးနွေးအဖြေရှာရာ၌လည်း အစားထိုးဖြေ ရှင်းနည်းကို မဖော်ပြ နိုင်ဘဲလျှက် ကျွန်ုပ်တို့ ဝေဖန် ထောက်ပြ လိမ့်မည် မဟုတ်ပေ ။
ထို့အပြင် ကျွန်ုပ်တို့ ဝေဖန်ထောက်ပြသော အစားထိုးဖြေရှင်းနည်းများကို မဖြစ်မနေ ကျင့်သုံး ရမည်ဟု ဆိုလိုနေသည်မဟုတ်ပေ ။ တည်ဆဲ လွှတ်တော် အဖွဲ့ဝင်များ ဆွေးနွေး ညှိနှိုင်း မဲခွဲဆုံးဖြတ်မှု၏ အဖြေကိုသာ ကျွန်ုပ်တို့ ကြည်ဖြူစွာလက်ခံမည် ။
သို့သော် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်များကိုကား ကျွန်ုပ်တို့မှ မီဒီယာတွင် လွတ်လပ်စွာ ဆက်လက် ဆွေးနွေးပေလိမ့်မည် ။
ဤသည်တို့မှာ ကျွန်ုပ်တို့ပါတီ၏ လုပ်ငန်းစဉ်များဖြစ်ပေသတည်း ။
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
Ref: ဒေါင်းမာန်ဟုန်
Monday, April 30, 2012
ပါတီဖျက်သိမ်းခံရမည်ဟု ကော်မရှင်မှသတိပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment