Wednesday, May 2, 2012

ကချင်အရေး စိတ်မအေး ဖြစ်မနေချင်တော့

မြင့်လှိုင်၊ မေ ၁ ရက်၊ ၂၀၁၂

မြန်မာအစိုးရအနေနဲ့ ဒုတိယ သမ္မတ ဦးဆောင်ပြီး အဖွဲ့ဝင် ငါးဆယ်ပါဝင်တဲ့ စေ့စပ် ညှိနှိုင်းသူများ ပါဝင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမှာ ဖြစ် ကြောင်း၊ ထို အဖွဲ့အနေနဲ့ ကချင်ပြည်နယ် တိုက်ခိုက်မှုများ ပြေလည်စေရေးနဲ့ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များကို ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် လုပ်ဆောင်သွားဖို့ ရှိကြောင်း ဧပြီ ၃၀ ရက်နေ့တွင် ကြပ်ပြေးနေပြည်တော်က ပေးပို့တဲ့ ရိုက်တာသတင်းတပုဒ်မှာ အစိုးရ ငြိမ်းချမ်း
ရေးကိုယ်စားလှယ်အဖွဲ့ကို ကိုးကားပြီး ရေးသားထားပါတယ်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ လုပ်ကိုင်နေတဲ့ မြန်မာမီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို “ဒုတိယ သမ္မတ ဒေါက်တာစိုင်း မောက်ခမ်းရဲ့ တနိုင်ငံလုံး ရေရှည် ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ဆက်နွယ်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြတာ ရှိကြောင်း၊ ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတပ်များအကြား တိုက်ခိုက်နေကြခြင်းဟာလည်း ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ရပ်တည်နေကြတဲ့ အချက်အပေါ်မှာ မူတည်နေကြောင်း၊ ပြည် တွင်း ငြိမ်းချမ်းရေးအတွက် စတင် လုပ်ကိုင်စဉ်က လူငါးဦး၊ ခြောက်ဦးသာ ပါဝင်ခဲ့သော်လည်း ညှိနှိုင်း ဆွေးနွေးမှုတွေ ထိထိရောက်ရောက် လုပ်ကိုင်နိုင် ဖို့အတွက် ကြီးမားတဲ့ အဖွဲ့အစည်း လိုအပ်ကြောင်း“ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အစည်းအဝေးအပြီး ရိုက်တာသတင်း ဌာနကို ပြော ကြားလိုက်ခြင်း ဖြစ်ပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာများလည်း ပါဝင်မှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗုဒ္ဓဟူးနေ့ (၂၀၁၂ မေ ၂ ရက်နေ့) မှာ လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာတွေကို တာဝန်ယူတဲ့အခါကျရင် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း၊ ဒေါ် အောင်ဆန်းစုကြည် လွှတ်တော်တွင်း ပါဝင်လာတာကို သူ့အနေနဲ့ ကြိုဆိုကြောင်း၊ လွှတ်တော်တွင်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတာနဲ့ သူ့ရဲ့ နိုင်ငံရေးအသိစကားတွေကို တရားဝင် ပြောကြားနိုင်တော့မှာ ဖြစ်ကြောင်း၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် လာမယ်ဆိုရင် ဒီ အလုပ်ဟာ ၂၄ နာရီ အချိန်ပြည့် လွှတ်တော်တွင်းမှာ လုပ်ကိုင်ရမယ့်အလုပ်ဖြစ်ကြောင်း၊ သူ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာကတော့ သူ့အ ပေါ်မှာပဲ မူတည်ကြောင်း“ စသည်ဖြင့်လည်း ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

မြန်မာအာဏာပိုင်တွေဟာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး လုပ် ကိုင်နေရာ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ကိုင်နိုင်သော်လည်း ဦးအောင်သောင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော်တို့ ဆွေးနွေးပွဲကတော့ အောင်မြင်မှု မရှိဘဲ တိုက်ပွဲတွေ ပိုမို ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာကာ အခုရက်ပိုင်းအတွင်း အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။

ဧပြီ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၆ မှာ မိုင်းပေါက်ကွဲမှုကြောင့် မန္တလေး - မြစ်ကြီးနား အထူး အိပ်စင်ရထား တွဲ ၈ တွဲ လမ်းချော် ခဲ့တဲ့ ဖြစ်ရပ်အပါအ၀င် လက်နက်ကြီး ပစ်ခတ်မှု၊ ဖောက်ခွဲရေးသမားတဦးကို အသေဖမ်းဆီးမှုများကို အကျယ်တ၀င့် ဖော်ပြထားပြီး ထိုဖြစ်စဉ်များအတွက် ကချင်အဖွဲ့ကို အပြစ်ဖို့ထားပါတယ်။

မြန်မာအစိုးရတပ်များဟာ ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ကို သိမ်းပိုက်ဖို့ ပြင်ဆင်နေကြောင်း၊ လက်နက်ကြီးများနဲ့ ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်နေသလို လက်နက်၊ လူသူ၊ ခဲယမ်းမီးကျောက်၊ ရိက္ခာ ဖြည့်တင်းမှုတွေကို ရဟတ်ယာဉ်များအား အသုံးပြုမှုများနဲ့အတူ အကြီးအကျယ် လုပ်ကိုင်နေ ကြောင်း ကချင် လွတ်မြောက်ရေးတပ်မတော်က မီဒီယာများအား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်က တိုက်ပွဲများ ရပ်တန့်ရန် အမိန့် ထုတ်ပြန်ထားသော်လည်း ကချင်တပ်ဖွဲ့များနဲ့ မြန်မာအစိုးရတပ်များ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်နေခြင်းဟာ တရုပ်အစိုးရရဲ့ ပယောဂ မကင်းဘူးလို့လည်း ပြောဆို သုံးသပ်မှုတွေ ရှိနေပါတယ်။ တရုပ်အစိုးရဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ ကချင်တိုင်းရင်းသားများကို အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ သူလျှိုများအဖြစ် သုံးသပ်ကြောင်း၊ ကချင်တပ်ဖွဲ့များ ရပ်တည်နေနိုင်ခြင်းဟာ တရုပ်နိုင်ငံရဲ့ လုံခြုံရေးကို ထိပါးတယ်လို့ ယူဆကြောင်း၊ ဒါ့ကြောင့် တရုပ်သြဇာနဲ့ မကင်းတဲ့ မြန်မာအာဏာပိုင်တွေကို မြှောက်ပေးကာ ကချင် လွတ်မြောက်ရေး တပ်မ တော် ကို အမြစ်ဖြတ် ခြေမှုန်းရန် သွေးထိုးပေးထာဖြစ်ကြောင်း လေ့လာသူတဦးက ပြောပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရကတည်းက စတင်လာခဲ့တဲ့ ပြည်တွင်းစစ်ဟာ ရေတိုအားဖြင့် တိုင်းသူပြည်သားများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက် ခြိမ်းခြောက်နေသလို ရေရှည်အားဖြင့် တိုင်းပြည်ကိုလည်း ကျောက်ခေတ်ကို ပြန်ပြီး ဆွဲခေါ်နေပါတယ်။ မြန်မာစစ်အာဏာရှင် အဆက်ဆက်က ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကို တရားသောစစ် ဆင်နွှဲကာ တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်နေခြင်းလို့ ၀ါဒဖြန့်နေသော်လည်း တကယ်တမ်းကျတော့ မြန်မာပြည်ကို ကာကွယ် စောင့်ရှောက်တာ မဟုတ်ဘဲ မြန်မာတိုင်းရင်းသားများကို အညှိုးအတေးနဲ့ တိုက်ခိုက်နေခြင်း၊ အခြားတိုင်းရင်းသားများက မြန်မာ တိုင်းရင်းသားများကို ပိုမို မုန်းတီးစေခြင်းများကိုပဲ ဖြစ်ပေါ်စေပါတယ်။

မလိုအပ်ဘဲ စစ်စားရိတ်များ အဆမတန် သုံးစွဲနေခြင်းဟာ တိုင်းပြည်ဘဏ္ဍာငွေများကို ဖြုန်းတီးနေခြင်း ဖြစ်သလို ရန်ငြိုးရန်စများ ပိုမို တိုးပွားလာစေခြင်းနဲ့ တိုင်းပြည် ချွတ်ခြုံကျစေခြင်းစတဲ့ ဆိုးကျိုးများကိုပဲ ခံစားရကာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံအဆင့်မှ အဆင်းရဲဆုံးနိုင်ငံအဆင့်ကို ထိုးကျ ခဲ့ပါတယ်။ ဒါ့အပြင် အရွယ်ရောက် လူငယ်များ တိုင်းတပါးထွက်ကာ အများသူငါ မလုပ်ချင်တဲ့ အလုပ်များကို ကျွန်ခံသလို အလုပ်လုပ်ကိုင်နေရခြင်းများ ဖြစ်ပေါ်စေပါတယ်။

Ref: Burmatoday

0 comments:

အပေါ်သို့