Thursday, March 26, 2009

မစုစုနွေး ကျန်းမာရေး AHRC စိုးရိမ်

Wednesday, 25 March 2009

အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ကလေးမြို့ အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား ၎င်း၏ ကျန်းမာရေး အခြေအနေအရ မိသားစုနှင့် နီးသည့် ဒေသ အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးရန် မြန်မာပြည်ထဲရေးဝန်ကြီးထံသို့ ယမန်နေ့တွင် စာတစောင်ပေးပို့ခဲ့သည်။

အဆိုပါပေးစာ၌ အသက် ၃၉ နှစ်ရှိ ထောင် ၁၂ နှစ်ခွဲ ချခံထားရပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း က ၈နှစ် ခွဲ သို့ ပြောင်းလဲလိုက်သော မစုစုနွေးသည် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ထဲတွင် ကျန်းမာရေးဆိုးဝါးနေ သည့်အတွက် လူသားချင်းစာနာသည့်အနေနှင့် မိသားစုနှင့်နီးသည့် ဧရာဝတီတိုင်းသို့မဟုတ်ရန်ကုန်တိုင်းအတွင်း ရှိ အကျဉ်းထောင်တခုခုသို့ အမြန်ဆုံးပြောင်းရွှေ့၍ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးရန် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးထံ လိပ်မူ၍ ရေးသားထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) တွဲဖက်အတွင်းရေး မှူး ဦးဘိုကြည်ကလည်း AHRC ၏ တောင်းဆို မေတ္တာရပ်ခံစာနှင့် ပတ်သက်ပြီး ထောက်ခံ ပြောဆိုလိုက်သည်။

“အဲဒါကတော့ ဖြစ်သင့်တယ်၊ အခုဟာက မစုစုနွေးတို့လို ကျန်းမာရေး အခြေအနေက အထူးကုနဲ့ ကုရမယ့် အနေ အထား၊ သူက နှလုံးရောဂါ ဖြစ်နေတာ၊ ဒီရောဂါက သေနိုင်တဲ့ ရောဂါ၊ တကယ်လိုအပ်တဲ့ ဆေးဝါးတွေ၊ အထူးကု ဆရာဝန်တွေ မရှိဘူးဆိုရင် မလွယ်ဘူး”ဟု ဦးဘိုကြည်က ပြောသည်။

မစုစုနွေးသည် ပြီးခဲ့သည့်အပတ်အတွင်းက ကလေးမြို့ထောင်အတွင်း၌ ကျန်းမာရေးအခြေအနေ ဆိုးဝါးသည့် အတွက် ဆေးရုံတွင် ဆေးဝါးကုသမှု ခံရယူခဲ့ရသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရဖူးကြောင်း အစ်မ ဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့ပြီးနောက် ယခုလ ၁၅ ရက်နေ့တွင် ထပ်မံ သွားရောက်ရန် စီစဉ်ထားသော်လည်း ငွေကြေး စရိတ်စက အခက်အခဲရှိ၍ မသွားရောက်နိုင်ခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။

မစုစုနွေးနှင့် ပတ်သက်သည့် ၎င်း AHRC ၏ ပေးစာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အနေနှင့် မြန်မာ နိုင်ငံ အကျဉ်းထောင်များသို့ ပြန်လည်ဝင်ရောက်ခွင့်အတွက်ပါ တောင်းဆိုထားသည်။

မစုစုနွေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့ဝင် တဦးဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာသံဃာ့ အရေးအခင်းနှင့်ပတ်သက်၍ စစ်အာဏာပိုင်များကဖမ်းဆီးကာ ထောင် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၎င်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ လအတွင်းက ကလေးထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

တခြားသော စစ်အစိုးရက ထောင်ဒဏ်နှစ်ရှည်ချမှတ်၍ ဝေးလံသော နယ်ထောင်များသို့ ပို့ဆောင်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုသန်းတင် အစရှိသူများသည် လည်း အကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုးဝါးနေသည့်အတွက် လုံလောက်သော ဆေးဝါး၊ ဆရာဝန်များ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးရန် လိုအပ်နေကြောင်းလည်း ဦးဘိုကြည်က ပြောသည်။

“ကိုမင်းကိုနိုင်ဆိုရင် အရိုး ဆရာဝန်က သူ့ကိုလာကြည့်သွားတယ်၊ အထူးကုနဲ့ပြရမယ်လို့ ပြောတယ်၊ ဒါပေမယ့် အခုအချိန်အထိ မပြရသေးဘူး၊ ကိုလှမျိုးနောင်ကလည်း မျက်စိ အထူးကုနဲ့ပြရမယ့် အနေအထားဖြစ်နေတယ်၊ တကယ်လို့ မကုရင် ကန်းသွားနိုင်တဲ့ အနေအထားရှိတယ်၊ သူက မြစ်ကြီးနားမှာပဲ၊ မျက်လုံးတလုံးက ကွယ် သွားပြီးပြီ၊ နောက်တလုံး ကွယ်သွားရင် သူ့ဘ၀ကို ကျနော်တို့ ဘယ်လို စဉ်းစားရမှန်းတောင် မသိဘူး၊ ရေရှည် ကိုတွေးကြည့်ရင် ကြောက်စရာကောင်းတဲ့ အနေအထားမျိုး၊ ကိုအောင်သူ ဆိုရင်လည်း ဒီအတိုင်းပဲ၊ ပူတာအို ထောင်မှာ၊ ရာသီဥတုကလည်း အရမ်းအေးတဲ့ နေရာ ၊ သူက အောက်ပိုင်းက အကြောတွေ ဆိုင်းနေတယ်၊ လမ်း တောင်မလျှောက်နိုင်တော့ဘူးထင်တယ်၊ အောက်ပိုင်းက ချိသလို ဖြစ်သွားတယ်၊ သူဆိုရင်လည်း တကယ့် အရိုး အကြော အထူးကုနဲ့ ပြရမယ့် အနေအထား၊ နောက် စစ်တွေ ထောင်က ကိုသန်းတင် ဆိုရင်လည်း အူဖြတ် ထား တာ၊ အူက ၂ ခါလောက် ဆက်ထားပြီးပြီ၊ အစာမာမာ စားလို့ မရဘူး”ဟု ၎င်းက ပြောပြသည်။

အထက်ပါ ၈၈ ကျောင်းသား ခေါင်းဆောင်တို့ကို ထားရှိသော ဒေသများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီပြုလုပ်ရန်မလွယ်ကူကြောင်းလည်း ၎င်းက ဆိုသည်။

“ကျိုင်းတုံလို နေရာမျိုး၊ စစ်တွေလို နေရာမျိုး၊ ဘူးသီးတောင်လိုနေရာမျိုး ဆိုတာ တခုခု ဖြစ်ရင်တောင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီးတော့ ရန်ကုန်ကို ရောက်နိုင်ဖို့အနေအထား အရမ်းခက်တယ်၊ ဒါကြောင့် သူတို့ အားလုံး ကို ဆရာဝန်၊ ဆေးဝါး လုံလုံ လောက်လောက် ရှိနိုင်မယ့်၊ အလျှင်အမြန် ရနိုင်မယ့် နေရာတွေမှာ ထားသင့်တယ်၊ အဲဒီလိုမဟုတ်ရင် ဒီလူတွေက အချိန်မီ ဆေးဝါးကုသမှုမရတာနဲ့ အသက်ဆုံးရှုံးသွားနိုင်တဲ့ အနေအထားရှိတယ်” ဟု ဦးဘိုကြည်က ဆက်လက်ပြောဆိုသည်။



ကိုစိုး
REF: ဧရာဝတီ

0 comments:

အပေါ်သို့