Friday, March 27, 2009

သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန် ၈၈ ကျောင်းသားများ ပြောကြား

ကိုဝိုင်း

ကြာသပတေးနေ့၊ မတ်လ 26 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အနာဂတ်မြန်မာပြည်ကို စုပေါင်းဆောင်ရွက်နိုင်ရန် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာ မိသားစုတို့၏ အလေးအနက် တောင်းဆိုချက်ဖြစ်သော အားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းတရပ် ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ထုတ်ပြန်ချက် စာအမှတ် ၁/၂ဝဝ၉ (၈၈) တွင် ဖော်ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူတရပ်လုံးက ညီညွတ်စွာ လက်တွဲခဲ့ပြီး နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တော်လှန်၍ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အသိမှတ်ပြုရန်မှာ အရေးကြီးကြောင်းလည်း ဆိုထားသည်။

ထို့အပြင် နအဖ စစ်အစိုးရက တဖက်သတ် ပြဋ္ဌာန်းအတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံထားခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။

“အဓိကက အားလုံးစည်းလုံးညီညွတ်မှုပေါ့ဗျာ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အရေးကြီးတယ်လေ။ တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် ဒီ တိုင်းပြည်ရဲ့ အသက်ဖြစ်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ) မှာ ကန့်သတ်ထားတာတွေ ရှိတယ်။ ဒါ မဖြစ်သင့်ဘူး။ ဒါကြောင့် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဒီကွန်စတီကျူးရှင်းကိုလည်း ပြန်သုံးသပ်ဖို့ တောင်းဆိုထားတာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုတောင်းဆိုချက်များသည် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုအားလုံး၏ တောင်းဆိုချက်ပင်ဖြစ်၍ နအဖ က လက်ခံဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုများ ပြိုကွဲကာ တိုင်းပြည်၏ အနာဂတ် ပျက်သုန်းရန်သာရှိပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်သို့ ချီတက်ရန်လည်း မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က အလေးအနက်ထား၍ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည်သုံးသပ်ရေးအတွက် ကော်မတီဖွဲ့ပေးရန် အန်အယ်ဒီပါတီ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများကလည်း စစ်အစိုးရထံ အကြိမ်ကြိမ် ထုတ်ပြန်တောင်းဆိုနေသည်။

သို့သော် တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသည်သာမက သံဃာတော်များ၊ အန်အယ်ဒီ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်သားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နယ်ထောင်များသို့ ရွှေ့ပြောင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့