Thursday, 26 March 2009 ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ (ဒကစ)၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ (စခက) ကို တိုးချဲ့ ဖွဲ့စည်းပြီး အပစ်ရပ် ဒေသများတွင် အခြေချခဲ့သည်။
မြန်မာစစ်အစိုးရက ၎င်း၏တပ်များကို အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အခြေစိုက်ရာ ဒေသများတွင် စဉ်ဆက်မပြတ် စနစ်တကျ တိုးချဲ့လျက် ရှိကြောင်း ဧရာဝတီက ရရှိသည့် မြန်မာ့တပ်မတော်၏ တပ်တည် လျှို့ဝှက်မှတ်တမ်းများအရ သိရသည်။
၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်က မြန်မာ့တပ်မတော်တွင် တိုင်းစစ်ဌာနချုပ် ၉ ခုနှင့် မြန်မာပြည် အလယ်ပိုင်းရှိ ခြေမြန်တပ်မ ဌာနချုပ် ၈ ခုသာ ရှိသည်။
အာဏာ သိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ယူနိုင်ခဲ့ပြီး ထိုအဖွဲ့များ အခြေစိုက်သည့် နေရာများတွင် တိုက်ခိုက်ရေး တပ်ရင်း အများအပြားကို တိုးချဲ့ထူထောင်ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် တပ်မတော်က ကယားပြည်နယ် ဒေသတွင် နယ်မြေစိုးမိုးရေး၊ ဒေသကွပ်ကဲရေးတို့ အတွက် လွိုင်ကော် အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့သည်။ များမကြာမီ ကချင်လွတ်မြောက်ရေး တပ်မတော်၏ တပ်များကို ထိန်းချုပ်ရန် ကချင်ပြည်နယ်တွင် ဗန်းမော် ဒကစ ကို ဖွဲ့စည်းခဲ့သည်။
လျှို့ဝှက် မှတ်တမ်းများအရ မိုင်းဆတ် ဒကစကို ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာ ဒေသရှိ စစ်အစိုးရ တပ်များအား အထောက်အကူ ပြုနိုင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဒကစသည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်းမြန်မာ နယ်စပ်အနီးတွင် တည်ရှိသည်။
ကိုးကန့် လက်နက်ကိုင်အဖွဲ့ အခြေစိုက်ရာ ဒေသတွင်လည်း လောက်ကိုင် ဒကစ ကို ဖွဲ့စည်းထူထောင် ခဲ့သည်ဟု အဆိုပါ မှတ်တမ်းအရ သိရသည်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့၏ အမည်မှာ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သည်။
ရှမ်းပြည်နယ် အရှေ့ခြမ်းတွင် တည်ထောင်ခဲ့သော မိုင်းဖြတ် ဒကစမှာ ၁၉၉ဝ တွင် အပစ်ရပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်ရာဒေသတွင် တည်ရှိသည်။
ဒကစ အကြီးအကဲသည် ခြေလျှင်တပ်မ တခု၏ တပ်မမှူး နှင့် ရာထူး တူညီပြီး အပစ်ရပ် ဒေသများတွင် ခြေမြန်တပ်ရင်း အနည်းဆုံး ၅ ခုကို ကွပ်ကဲရသည်။
ထို့ကြောင့် ဒကစမှူးသည် အဆိုပါဒေသအတွင်း ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့်ပတ်သက်ပြီး တာဝန်ရှိသည်ဟု ယူဆရသည်။
၁၉၉၅ ခုနှစ်တွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) အများအပြားကို ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲဒေသ၊ ရှမ်းပြည်တောင်ပိုင်း လွိုင်လင် နှင့် ဖယ်ခုံဒေသ၊ ကချင်ပြည်နယ် မိုးကောင်းဒေသ၊ ကရင်ပြည်နယ် ကျောက်ကြီး ဒေသတို့တွင် အခြေစိုက်ခဲ့သည်ဟု တပ်မတော် လျှို့ဝှက်မှတ်တမ်းက ဆိုသည်။
မိုင်းပန် စကခ (ရှမ်းပြည်နယ်)၊ မိုင်းပြင်း စကခ (ရှမ်းပြည်နယ်)၊ ရေး စကခ (မွန်ပြည်နယ်) တို့ကို အဆိုပါဒေသများတွင် စစ်ရေး လှုပ်ရှားမှုများ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တည်ထောင်ခဲ့သည်ဟု သိရသည်။
မြန်မာ့တပ်မတော်ရေးရာ ကျွမ်းကျင်သူ မောင်အောင်မျိုး၏ အဆိုအရ စကခ များသည် ခြေမြန်တပ်မ ဌာနချုပ် (ခမရ) များ နှင့် အဆင့်တူဖြစ်ပြီး တပ်ရင်း ၁ဝ ခု စီ ကွပ်ကဲ အုပ်ချုပ်ကြသည်။ စကခ မှူးများမှာ ဗိုလ်မှူးချုပ်အဆင့် ရှိကြသည်။
၂ဝဝ၈ ခုနှစ်အထိ ရရှိသော စာရင်းများအရ မြန်မာ့တပ်မတော်တွင် ဒကစ ၁၃ ခု ၊ ခမရ ၁ဝ ခု နှင့် တိုင်းစစ်ဌာနချုပ် ၁၃ ခု ရှိသည်။ ၎င်းတို့၏အောက်တွင် ခြေလျှင် နှင့် ခြေမြန်တပ်ရင်း စုစုပေါင်း ၅ဝ၄ ခု ရှိသည်။
REF: ဧရာဝတီ
Friday, March 27, 2009
အပစ်ရပ်ဒေသတွင် စစ်တပ်များ ခြေကုပ်ယူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment