Thursday, March 26, 2009

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ထိုင်းထောက်ခံဟု အဖိဆစ် ပြော

အူဆာ ပီချိုင်း

ဗုဒ္ဓဟူးနေ့၊ မတ်လ 25 2009

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံးနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ မြန်မာစစ်အစိုးရနှင့် ကုလအပေါ်တွင်သာ တည်မှီကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့်မူ မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေရန်နှင့် စစ်အစိုးရနှင့် ရင်ကြားစေ့ရေးအတွက် ဖျောင်းဖျပေးပါရန် မြန်မာစစ်အစိုးရ၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ယမန်နေ့က ဤသို့ မှတ်ချက်ပေး ပြောကြားသွားခြင်းဖြစ်သည်။

“ဒီပြဿနာက မြန်မာအစိုးရအပေါ် မူတည်ပါတယ်။ ကုလသမဂ္ဂက ဆွေးနွေးပွဲကို လုပ်ပေးရမှာပါ။ ထိုင်းနိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံတနိုင်ငံအနေနဲ့ အကူအညီပေးသွားမှာပါ။ ဒါပေမဲ့ တချို့တိုင်းရင်းသား အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေက ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းနေထိုင်နေကြလို့ ဒီပြဿနာကို ဖြေရှင်းဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်” ဟု အဖိဆစ်က ပြောကြောင်း ထိုင်းအစိုးရ၏ ဝဘ်ဆိုဒ်စာမျက်နှာတွင် တင်ထားသော သတင်းပေးပို့ချက်အရ သိရသည်။

မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောမတူသော တိုင်းရင်းသားအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သဘောတူခဲ့သည်ဟု မိမိကို အကြောင်းကြားခြင်း မရှိသေးကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်ပြောသည်။

“အခုလောလောဆယ်တော့ မြန်မာစစ်အစိုးရဟာ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) အဖွဲ့ထက်စာရင် အဓိကအားဖြင့် ကုလသမဂ္ဂနဲ့ ဆက်ဆံလုပ်ကိုင်နေပါတယ်” ဟု သူက ပြောသည်။

မြန်မာအစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းနှင့် ဒီိမိုကရေစီထွန်းကားရေး ကြိုးပမ်းချက်များကို ထိုင်းအစိုးရက ထောက်ခံပါကြောင်း သူက ပြောသည်။

ထို့ပြင် သူက ဆက်ပြောရာ အာဆီယံ၏ ရပ်တည်ချက် သဘောထားမှာ အလွန်ပင် ရှင်းလင်းကြောင်းနှင့် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အဖွဲ့အစည်းအားလုံး ပါဝင်ယှဉ်ပြိုင်သည်ကို မြင်လိုကြောင်း ပြောသွားသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှ ထွက်လာသော အသံ အတော်များများက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အဖွဲ့အားလုံးကို မျှတစွာ ယှဉ်ပြိုင်ခွင့်ပေးမည်ဆိုသည်ကိုမူ သံသယဖြစ်ကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော မိမိ၏ ခရီးစဉ်အတွင်း တိုင်းရင်းသားသူပုန်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီ လမ်းပြမြေပုံတွင် ပူးပေါင်းပါဝင်ရေးအတွက် KNU ကို ဖျောင်းဖျနားချပေးပါရန် မြန်မာစစ်အစိုးရက မိမိအား အကူအညီတောင်းခဲ့ကြောင်းဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာဆစ်က ထုတ်ဖော်ပြောကြားအပြီး ဤသို့ အဖိဆစ်၏ မှတ်ချက်ချ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

မစ္စတာကာဆစ်သည် မြန်မာနိုင်ငံသို့ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပဏာမ မိတ်ဆက်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များနှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ်၏ တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုကို ဆောင်ရွက်ခဲ့သည်။

KNU နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့သည် စစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ လမ်းပြမြေပုံကို လက်မခံဘဲ ဗဟိုအစိုးရကို ဆက်လက်၍ လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် အဓိက လက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့ ဖြစ်သည်။

မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများက သူတို့၏ လမ်းပြမြေပုံတွင် အပြောင်းအလဲများ မလုပ်ပါက၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မည်သည့်ပုံစံဖြင့် ဖိအားပေးမှုမျိုးကိုမဆို အလျှော့ပေး လိုက်လျောမည် မဟုတ်ကြောင်း KNU ၏ ဒုဥက္ကဌ ဒေးဗစ်တာကပေါက အင်္ဂါနေ့က တုံ့ပြန်ပြောကြားခဲ့သည်။

သို့သော် KNU အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါက မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ဒေးဗစ်တာကပေါက ပြောကြားခဲ့သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့