Wednesday, March 25, 2009

ပါတီခေါင်းဆောင်များ တွေ့ဆုံခွင့်ရရေး အန်အယ်ဒီက စစ်အစိုးရကို တောင်းဆို

မြင့်မောင်

အင်္ဂါနေ့၊ မတ်လ 24 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခွင့်ရရန် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက မြန်မာစစ်အစိုးရထံ တောင်းဆိုလိုက်သည်။

နိုင်ငံရေးအရ အရေးကြီးချိန်ဖြစ်သဖြင့် ပါတီဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ယခုလ ၁၉ ရက်နေ့က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - နအဖ ဥက္ကဋ္ဌထံ လိပ်မူကာ စာရေးသား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုသည်။

“အားလုံး သိနေကြတာပဲ။ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ အစိုးရက ကြေညာထားတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစားသုံးသပ်ဖို့ လိုတာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အကြောင်းကြားထားသော်လည်း ယခုအချိန်အထိ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “တောင်းဆိုချက်အတိုင်း ရလာရင် ကျနော်တို့ လုပ်ဆောင်ရမှာပေါ့။ ရမလာရင် အဓိပ္ပာယ် တမျိုးရသွားတယ်။ ကျနော်တို့ တမျိုး စဉ်းစားရမှာပဲ” ဟု ပြောသည်။

အန်အယ်ဒီက ယခုလို တောင်းဆိုမှုမျိုး ပြုလုပ်နေချိန်မှာပင် အာဏာပိုင်များက အတိုက်အခံ လှုပ်ရှားသူများကို ထောင်ဒဏ်များ ယမန်နေ့က ချမှတ်ခဲ့သည်။

အန်အယ်ဒီ အဖွဲ့ဝင်များ၊ လေဘေးဒုက္ခသည်အရေး ကူညီသူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦး အပါအ၀င် ၁၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးများမှ ယမန်နေ့က ထောင်ဒဏ်များ ချခဲ့သည်။

အန်အယ်ဒီ လူငယ် မထက်ထက်အိုးဝေ၊ ကိုဝင်းမြင့်မောင် (ခေါ်) ပဲပြုပ်နှင့် ကိုထွန်းထွန်းဝင်းတို့ကို အရေးပေါ် စီမံမှုအက်ဥပဒေဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး တရုံးဖြစ်သည့် ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချခဲ့သည်။

သူတို့မှာ ၂၀၀၈ ခု ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အန်အယ်ဒီ ဗဟိုရုံးချုပ်ရှေ့မှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပိုစတာများ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြသဖြင့် အဖမ်းခံခဲ့ရသည်။

အလားတူပင် နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီသဖြင့် မတင်တင်ချို၊ မယဉ်ယဉ်ဝိုင်း၊ ကိုမြတ်သူနှင့် မနီမိုးလှိုင်တို့ကို ရန်ကုန် လ္ဘက်ရည်ဆိုင်တဆိုင်မှ ၂၀၀၈ ခု ဇွန်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ ယမန်နေ့က တရားမ၀င် အသင်း အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချသည်။

ထို့အပြင် ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ၈၈ ကျောင်းသားများနှင့် ပူးတွဲကာ စာရွက်စာတမ်း ဖြန့်ဝေရန် ကြိုးစားခဲ့သူ ရန်ကုန်မှ လူငယ် ၆ ဦးကိုလည်း အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ်ချခဲ့သည်။

ကိုအောင်အောင်ကျော်နှင့် ကိုဇေယျဦးကို နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု အပါအ၀င် ပုဒ်မ နှစ်ခုဖြင့် ၇ နှစ်၊ ကိုထင်အောင်၊ ကိုသန်းထွန်းဇင်နှင့် ကိုတင်ထွန်း ကို တရားမ၀င် အသင်း ဖွဲ့စည်းမှုဖြင့် ၅ နှစ်၊ ၈၈ ကျောင်းသားဟောင်း ကိုမျိုးသန့်ကို နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်အဖြစ် မြောက်ဥက္ကလာပ တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့