Wednesday, October 26, 2011

လိုင်စင်ပြန်ရရေး လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြရန် ရှေ့နေများစီစဉ်

ကိုဝိုင်း
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အသက်မွေးဝမ်းကျောင်း လိုင်စင် များ ပိတ်ပင် ခံထားရသည့် ဆရာဝန်များနှင့် ရှေ့နေများ ပါဝင်သော အစုအဖွဲ့မှ အစိုးရ၏ မကြာခင်က ဖွဲ့စည်း လိုက်သော အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကို တိုင်ကြားပြီး လိုင်စင်ပြန်ရရန် လျှောက်ခြင်းဖြင့် အစိုးရ၏ အပြောင်းအလဲ လုပ်နေပါသည် ဆိုခြင်းကို စမ်းသပ်ရန် ပြင်ဆင်နေကြသည်။

လိုင်စင် ရုပ်သိမ်းခံရသော ရှေ့နေ ၁၇ ဦး၊ ကျောင်းဆက်တက်ခွင့် မရသည့် ကျောင်းသား တဦး၊ လိုင်စင် ရုပ်သိမ်းခံရသည့် ဆရာဝန် တဦး တို့သည် စစ်အစိုးရ လက်ထက်တွင် ထောင်ချ ခံခဲ့ရသူများလည်း ဖြစ်သည်။

"ကျနော်တို့က အပြောင်းအလဲတခု ဖြစ်နေတယ်ဆိုတဲ့ အပေါ်မှာ စမ်းသပ်ကြည့်တာပါ။ ထူးခြားမယ် မထူးခြား ဘူး ဆိုတာတော့ အတတ် ပြောလို့ မရပါဘူး။" ဟု ကိုယ်တိုင်လည်း လိုင်စင်သိမ်းခံထားရသူ အန်အယ်ဒီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက မဇ္ဈိမကို ပြော သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခု စက်တင်ဘာလ ၅ ရက်နေ့တွင် အငြိမ်းစား ဝန်ထမ်း ၁၅ ဦးဖြင့် အစိုးရက ဖွဲ့စည်း ပေးထားပြီး ဦးဝင်းမြ သံအမတ်ကြီး (ငြိမ်း) နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ် ပြောဆိုလေ့ရှိသူ ဦးကျော်တင့်ဆွေ ကုလ သံအမတ်ကြီး (ငြိမ်း)တို့ကို ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူစေခဲ့သည်။

လာမည့်လတွင် သတင်းစာ ရှင်းပွဲတခု ပြုလုပ်ပြီး လက်မှတ်ထိုး တင်သွင်းရန် စီစဉ်နေကြသည်။ လိုင်စင် ရာသက်ပန် အပိတ် ခံထားရသည့် ရှေ့နေအများစုတွင် တရားလွှတ်တော် ရှေ့နေ အများစု ပါဝင်ပြီး အထက်တန်းရှေ့နေ တဦးသာ ပါသည်။

တနိုင်ငံလုံးတွင် နိုင်ငံရေး လုပ်သဖြင့် လိုင်စင် ရုပ်သိမ်းခံရသည့် အရေအတွက် အတိအကျကို စုဆောင်းရာ တွင် နယ်ဘက် ဒေသများတွင် လက်လှမ်းမမီဘဲ ဖြစ်နေသေးကြောင်း၊ သို့သော် လက်မှတ်ထိုးမည့် အရေအတွက်မှာမူ ထပ်တိုးလာဖွယ် ရှိသည်ဟု ဦးအောင်သိန်းက ဆိုသည်။

အန်အယ်ဒီ ဒုဥက္ကဋ္ဌနှင့် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက "အန်အယ်ဒီ ဆရာဝန်တွေ၊ အခြား ဒီမိုကရေစီ ဆရာဝန်တွေရော မဟုတ်တာနဲ့ တရားစွဲ။ ပြန်လွတ်လာတော့ လိုင်စင်သိမ်း။ ကျောင်းဆရာ - ဆရာမ တွေလည်းပဲ အလုပ်ဖြုတ် ခံရတယ်။ ကျောင်းသားတွေလည်းပဲ လွတ်လာရင် ပညာသင်ချင်တာ ဆက်ပြီး မသင်ရဘူး။ လူ့အခွင့်အရေး ဆုံးရှုံးတာပဲလေ"ဟု မဇ္ဈိမကို ပြောသည်။ သူကိုယ်တိုင်လည်း ရှေ့နေ အဖြစ် အသိအမှတ်ပြုခြင်း ရုပ်သိမ်း ခံထားရကြောင်း ပြောသည်။

မူလက ရှေ့နေများ သီးသန့်သာ တောင်းဆိုရန် အစီအစဉ်ကို ဆရာဝန်၊ ကျောင်းဆရာ၊ ကျောင်းထုတ်ခံ ကျောင်းသားများ ပါဝင်စေရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သြဂုတ်လ အတွင်း အကြံပြုခဲ့ပြီးနောက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို လျှောက်ထားရန် ပြင်ဆင်ခဲ့ရာ ယခု အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တင်သွင်းရန် ထပ်မံ ပြောင်းလဲလိုက်သည်။

“ဒီတရားရုံးတွေက ဒီလိုပဲလုပ်ထားတဲ့ ကိစ္စကို တရားရုံးတွေအပေါ် သွားပြန်လျှောက်ရင် ဘာမှမထူးဘူး” ဟု ဦးအောင်သိန်းက ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအမတ် ဒေါက်တာ မြတ်ဉာဏစိုးက ရှေ့နေနှင့် ဆရာဝန်လိုင်စင် ရုပ်သိမ်း ထားမှုကို ပြန်ခွင့်ပြု၊ မပြု မေးမြန်းခဲ့ရာ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ရှေ့နေများကို အရေးယူရာတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်က တရားလွှတ်တော် ရှေ့နေများ ကောင်စီ (ဘားကောင်စီ) နှင့် တိုင်ပင်၍ ဆုံးဖြတ် သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ၊ တရားလွှတ်တော် ရှေ့နေများ ကောင်စီနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့သည် တည်ဆဲ ဥပဒေများနှင့် အညီ “တရားမျှတခြင်း၊ သာတူညီမျှခြင်းနှင့် လိပ်ပြာသန့်ခြင်း” တို့ကို အခြေခံ ဆောင်ရွက် နေသည်ဟုသာ ဖြေသွားသည်။

သို့သော် အတိုက်အခံများကတော့ လက်ရှိ ဘားကောင်စီမှာ ယခင် စစ်အစိုးရ လက်ထက် ဆွဲခန့်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ လွတ်လပ်မှု မရှိဟု ဝေဖန် ထားကြသည်။

စက်တင်ဘာလဆန်းတွင် ရှေ့နေလိုင်စင် ရုပ်သိမ်းခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းပွဲတခုပြု လုပ်ရန် စီစဉ် ခဲ့သော်လည်း ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးနေမှုကို ထိခိုက်မည် စိုးသဖြင့် အစီအစဉ် ဖျက်သိမ်းခဲ့ကြောင်း ဦးတင်ဦးက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့