Wednesday, October 26, 2011

ပလောင်ဒေသ ဘိန်းစိုက်ပျိုးမှု နှစ်ဆနီးပါးတိုးဟု PWO ပြော

October 25, 2011

ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်ထက် နှစ်ဆနီးပါး တိုးလာသည်ဟု ပလောင် အမျိုးသမီး အစည်းအရုံး (PWO) က ပြောဆိုလိုက်သည်။

ယနေ့ထုတ်ပြန်သည့် PWO ၏ “အဆိပ်သင့်နေဆဲ” (Still Poisoned) အမည်ရှိ အစီရင်ခံစာ၌ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာတွင်၂၀၁၀ ပြည့် နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပချိန်မှစ၍ ဟက်တာ ၁၁၀၀ ကျော် ဘိန်းစိုက်ပျိုးမှု တိုးလာကြောင်း၊ လွန်ခဲ့ သည့် ၂ နှစ်တာ ကာလတွင် ၇၈ ရာခိုင်နှုန်းကျော် တိုးလာကြောင်း ဖော်ပြထားသည်။

ယင်း အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ကျင်းပသည်။

PWO ၏ ပြောရေးဆိုခွင့်ရှိသူ လွေးနွေနှောင်း(လိုည်းနွေနှောင်း)က“မနှစ်က အဆိပ်သင့် တောင်တန်း နောက်ဆက်တွဲ အဆိပ် သင့်နေဆဲ အစီရင်ခံစာကို ထုတ်ရတာက မနှစ်က အဆိပ်သင့် တောင်တန်း ဖေဖော်ဝါရီလ၂၆ ရက် နေ့ထုတ်တယ်၊၂၈ ရက်နေ့ဆိုရင်ပဲ ခလရ ၁၄၄ နမ့်ခမ်း ဒေသတ၀ိုက်က စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေကို ဘိန်းရာဇာ ပန်းဆေးကျော်မြင့်က ဘိန်း ခင်းတွေမဖျက်ဖို့ ကျပ် သိန်း ၁၀၀ လာဘ် ထိုးပေး လိုက်တယ်၊ ဒါကြောင့် ပလောင်ဒေသ နမ့်ခမ်းနဲ့ မန်တုံမှာ လုံးဝ လျော့နည်း သွားတာမရှိဘူး ဆိုတာကို PWO အနေနဲ့ မီးမောင်း ထိုးပြချင်တယ်”ဟု ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် ဒေသတွင်း ဘိန်းရောင်းဝယ်ဖောက်ကားမှုကို အာဏာရ အစိုးရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးချယ်ခံအမတ် တဦးလည်းဖြစ်ပြီး လက်နက်ကိုင်ပြည့်သူ့စစ်ခေါင်းဆောင် တဦးလည်း ဖြစ်သည့် ပန်းဆေး ကျော်မြင့် က ဦးဆောင် နေသည်ဟုလည်း လွေးနွေနှောင်း က ဆိုသည်။

ပန်းဆေး ကျော်မြင့်သည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းစဉ်က ၎င်းအနိုင် ရရှိခဲ့ပါက ဒေသတွင်း ရွာသားများ အနေနှင့် နောက်ထပ် ၅ နှစ် ဘိန်းစိုက်ခွင့်ပြုမည်ဟုဆိုကာ မဲဆွယ် စည်းရုံးခဲ့သည်ဟု အစီရင်ခံစာ အတွက် ကွင်းဆင်းခဲ့သည့် ကျောင်းသူ တဦးကလည်း ပြောသည်။

ပလောင်လူထု၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်သုံးစွဲမှုသည် ကျေးရွာတရွာတွင်အသက် ၁၅ နှစ်အထက် အမျိုးသား ၉၀ ရာခိုင်
နှုန်းကျော်မှာ ဘိန်းဖြူ (သို့) ဘိန်းမည်း စွဲနေသည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့် ၂ နှစ်တာ ကာလထက်၂ ဆနီးပါး များပြားလာ ကြောင်းလည်း အစီရင်ခံစာ၌ ပါရှိသည်။

ပလောင်ဒေသခံတဦးက“ရွေးကောက်ပွဲနောက်ပိုင်း ပလောင်ဒေသမှာ ဘိန်းစိုက်ပျိုးတာနဲ့ ဘိန်းစားတဲ့လူက ပိုများ လာတယ်၊ ပန်းဆေး ကျော်မြင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုတော့ မူးယစ်ဆေးဝါးနဲ့ ရောင်းဝယ် စိုက်ပျိုးတာတွေ အတွက် သူ့မှာ လုပ်ပိုင်ခွင့်တွေ ပိုရလာတယ်”ဟု ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းစိုက်ပျိုးမှုအများစုသည် ပန်းဆေးကျော်မြင့်၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ရှိနေပြီး ၎င်း၏ ပန်းဆေး ကျေးရွာ၌ ဘိန်းစိုက်ပျိုးမြေသည် ၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီတွင် ဧက ၁၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ ဘိန်းစိုက် ရာသီတွင် ဧက ၁၄၀၀ အထိ တိုးလာသည်ဟု အစီရင်ခံစာတွင် မှတ်တမ်းဓာတ်ပုံ မြေပုံအညွန်းများဖြင့် ဖော်ပြထားသည်။

ပလောင်ဒေသအတွင်း ဘိန်းစိုက်ပျိုး သုံးစွဲမှုများနှင့်ပတ်သက်ပြီး PWO သည် ယမန်နှစ်က “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး၂၀၀၆ ခုနှစ်၊၂၀၁၀ ပြည့်နှစ်၂၀၁၁ ခုနှစ် စသည်ဖြင့် အစီရင်ခံစာ များကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့