Thursday, October 27, 2011

ဒုတိယပင်လုံခေါ်ရေး ထောက်ခံ

ဇွဲခန့်
အောက်တိုဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ်

တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်နိုင်မည့် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ဆိုရေးအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီနှင့် ချင်းအမျိုးသား တပ်ဦး တို့က ထောက်ခံကြိုဆို လိုက်သည်။

“ဒီပင်လုံစာချုပ်အတိုင်း တကယ်သာ အကောင်အထည် ဖော်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဘာလို့လဲဆိုရင် ပင်လုံညီလာခံကတော့ အရင်တုန်းက တကယ့်ကို စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည် ခဲ့တာဆိုတော့ ဒီဟာကတော့ တန်းတူညီမျှမှု အပေါ်မှာ၊ ဒီပြည်ထောင်တွေကို ပေါင်းစု ပြီးတော့ ပြည်ထောင်စု လုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တာလို့ ကျနော်တို့ နားလည်တယ်။” ဟု ရခိုင်ပြည်လွတ်မြောက် ရေးပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သူခက မဇ္စျိမကို ပြောသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကျရောက်ခဲ့သည့် ဇိုမီး အမျိုးသား ကွန်ဂရက် (ZNC) တည်ထောင်ခြင်း ၂၂ နှစ်ပြည့်တွင် “ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း” တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ပြန်ခေါ်ရန် တိုက်တွန်းခဲ့သည်။

ထိုအချိန်က ဒုတိယပင်လုံဟု ခေါ်ဆိုခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာခဲ့ချိန်တွင် “၂၁ ရာစု ပင်လုံ ညီလာခံ” ဟု ခေါ်တွင် လှုပ်ရှားလာခဲ့ကြပြီး လွှတ်တော်ပြင်ပမှ အဖွဲ့အစည်းများနှင့် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ယခုကဲ့သို့ ထောက်ခံလာခဲ့ကြသည်။

လက်ရှိတိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သတ်ပြီး “စစ်ပွဲနဲ့ပဲ ပြည်တွင်းရေးကို ဖြေရှင်း မယ်ဆိုရင် ဖြေရှင်းလို့ မရတာကတော့ သေချာနေပါပြီ၊ အခုက။ အစိုးရသစ်လည်း တက်လာတယ်။ အဲဒီစစ်ပွဲကို ဆက်ပြီး ဆင်နွဲတယ် ဆို ရင်တော့ ပြဿနာရှင်းလာတာ ဘာတခုမှ ကျနော်တို့ မမြင်ရဘူး။ ဒီထက် တနေ့တခြားပဲ ပြည်တွင်းစစ်မီးက အားကောင်းလာ သလိုမျိုး ဖြစ်နေတယ်။” ဟု ချင်းအမျိုးသား တပ်ဦးမှ အထွေထွေ အတွင်းရေးမှူး ပူးပေါလ်စီတာက ပြောသည်။

ပြည်တွင်းစစ်မီးကို ငြိမ်းအေးသွားနိုင်ရန်အတွက် ပင်လုံညီလာခံကဲ့သို့ တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်နိုင်သော တန်းတူညီမျှ သည့် ညီလာခံတခု လိုအပ်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ချင်းအမျိုးသားပါတီ (CNP) မှ “အဲဒါ လွယ်လွယ်နဲ့ ပြီးနိုင်တဲ့ ကိစ္စမဟုတ်ဘူး။” ဟု ဆိုသည်။

“ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း” တွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်” ဟု ဖော်ပြ ပါရှိ သည်။

အဆိုပါ ကြေငြာစာတမ်းတွင် NLDမှ ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ အပြင် လွှတ်တော်ပြင်ပ ပါတီများနှင့် ဝါရင့် နိုင်ငံရေးသမား (၁၁) ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့