Wednesday, October 26, 2011

မှတ်ပုံတင်မလား၊ မတင်လား … ကောလဟာလ


ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ အောက်တိုဘာ ၂၆၊ ၂၀၁၁

လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအခြေအနေတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့က စစ်အစိုးရက သူတို့ရဲ့၂၀၁၀ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းစဉ် တုန်းက တင်းတင်းမာမာ ပြဋ္ဌာန်းခဲ့တဲ့ ကန့်သတ်ချက် တွေကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပြီးတော့ အင်န်အယ်ဒီ ပါတီကို မှတ်ပုံ တင်နိုင်အောင် လုပ်ပေးနေပြီလို့ သတင်းတွေ ကြားနေရတယ်။ ဒါကြောင့် ဆရာဦးဝင်းတင်နဲ့ သူ့သဘောထားကို မေးမြန်း ခဲ့ပါတယ်။

မေး။ ။၂၀၁၀ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ အကြောင်းလေး ပြန်ပြောရအောင် ဆရာ။

ဖြေ။ ။ အဲသည်တုန်းက အင်န်အယ်ဒီပါတီက အဲသည်က အချက်အလက်တွေကို လက်မခံနိုင်ဘူး ဆိုပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့ ပါတီကို မှတ်ပုံ မတင်ခဲ့ဘူး။ ၂၀၁၀ တုန်းက ဖြစ်ခဲ့တဲ့ အနေအထားမှာ ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်လို့ သစ္စာ ခံခိုင်းတာပါတယ်။ ဒါကို တို့က ငြင်းခဲ့တယ်။ ထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပါတီကနေ ထုတ်ပစ် ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ဆိုထားခဲ့တယ်၊ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ်။ ဒါကို လက်မခံနိုင်ဘူး။ နောက်ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပျက်ပြယ်ပြီလို့ မှတ်ယူရမယ် ဆိုတဲ့ စာပိုဒ်ပါတယ်။ ဒါကိုလည်း ဒို့က လက်မခံခဲ့ဘူး။

မေး။ ။ အင်န်အယ်ဒီပါတီ မှတ်ပုံတင်နိုင်အောင် ရွေးကောက်ပွဲဥပဒေကို ပြင်ပေးမယ်တဲ့လား

ဖြေ။ ။ သတင်းတွေ ဖြစ်နေတာကတော့ အခြေခံဥပဒေကို လေးစားလိုက်နာရမည်လို့ ပြောင်းပြဋ္ဌာန်းမယ်လို့ သတင်း ထွက်တယ်။ ဒါက သဘောကတော့ ရာဇသတ်ကြီး ဥပဒေတို့၊ ပုဒ်မတို့ စတဲ့ ရှိတာတွေကို လေးစား လိုက်နာရမယ် ဆိုတဲ့ သဘောမျိုးပေါ့ကွာ။ ဥပဒေက ဥပဒေဆိုတဲ့ သဘောမျိုး၊ လက်ခံတာ မခံတာက တပိုင်းထားပေါ့။ နောက်တခုက ထောင်ကျနေတဲ့ သူတွေကို ထုတ်ပစ်ရမယ် ဆိုတာတွေကိုလည်း ဖယ်ရှား လိုက်မယ်လို့ ပြောတယ်။ နောက် ၁၉၉၀ ရလဒ်နဲ့ ပတ်သက်ပြီး တစုံတရာ အသိအမှတ် ပြုမယ်လို့ သတင်း ထွက်နေတယ်။ ဒီသတင်းတွေကြောင့် အင်န်အယ်ဒီနဲ့ မဟာမိတ်တွေ၊ စီအာရ်ပီပီ အဖွဲ့ဝင်တွေက မှတ်ပုံ တင်လိမ့်မယ်။ ပြီးတော့ အင်န်အယ်ဒီဟာ ရွေးကောက်ပွဲ ၀င်လိမ့်မယ်လို့ သတင်းတွေ အပြင်မှာ ထွက်နေတယ်ပေါ့ကွာ။

မေး။ ။ ဒါဆိုရင် သတင်းတွေထွက်နေပြီ ဆိုတာနဲ့ အင်န်အယ်ဒီ ပါတီထဲမှာ ဒါကို အတည်ထားပြီး ဆွေးနွေး နေကြပြီလား။

ဖြေ။ ။ ဒါတွေက ဘာဆွေးနွေးနေတာ ဘာမှ မရှိဘူး။ တရားဝင်ဥပဒေမှ မရှိတဲ့ဟာကို ဘာတွေ ဆွေးနွေးရမှာလဲ။ ဒေါ်စု ကိုယ်တိုင်ကလည်း ဦးအောင်ကြည်နဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပြီးသားပဲ ပါတီကိစ္စကို အင်န်အယ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တင်ပြပြီးမှ ဖြစ်မယ်ဆိုတာ ပြောခဲ့ပြီးသား ဖြစ်တယ်။

မေး။ ။ ဒါတွေက ကောလဟာလတွေပေါ့ ဆရာရေ။

ဖြေ။ ။ ဟုတ်တယ်။ ဒါကို အခုအချိန်မှာ ဒီလိုပဲ ပြောပြရမှာပဲ။ အစိုးရကနေပြီးတော့ ၂၀၁၁ ရွေးကောက်ပွဲ ဥပဒေ ဆိုပြီး ထွက်လာမှပဲ အကျိုးအကြောင်း သိရမှာပဲ။ အခု စကားပြောနေတဲ့ အောက်တိုဘာ ၂၄ အထိတော့ ဘာမှ မသိရသေးဘူးပေါ့ကွာ။

မေး။ ။ ဟုတ်ကဲ့။ ၂၀၀၈ မတ်လ ၈ ရက်နေ့တုန်းက ရွေးကောက်ပွဲဥပဒေ ပေါ်ခဲ့စဉ်တုန်းက အခြေအနေကို ပြန်ပြောကြမယ် ဆိုရင် အဲသည်တုန်းက ဆရာနဲ့ ဦးအောင်ရွှေတို့နဲ့ ဆွေးနွေးကြတယ်။ စီအီးစီ အစည်းအဝေးနဲ့ အဆုံးအဖြတ် ဘာမှ မကျဘူး။ စီအီးစီက စီစီခေါ်တယ်။ ဗဟိုကော်မီတီ အစည်းအဝေး ခေါ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ကြတယ်။ အခုလည်း လက်ရှိ အစိုးရကနေ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မှပဲ ဒါက အရေးယူရမယ့် ကိစ္စပေါ့နော် ဆရာ။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲသည်တုန်းက အကြောင်းတွေကို ကျနော့် မီဒီယာအင်တာဗျူးတွေမှာ ပြောခဲ့တာတွေ ရှိတယ်။ ခင်ဗျားတို့ ဆီမှာ ရှိသေးရင်လည်း ပြန်ညွှန်းပြ စေချင်တယ်။ အသေးစိတ်ကို အဲသည်မှာ ကြည့်လို့ ရတယ်လေ။

(မိုးမခက မှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၀ မတ်လ ၈ ရက် စစ်အစိုးရရွေးကောက်ပွဲဥပဒေဆိုင်ရာ အင်တာဗျူးကို သည်နေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါသည်)

Ref: မိုးမခ

0 comments:

အပေါ်သို့