Thursday, October 27, 2011

ရှမ်းမြောက်ဒေသ တိုက်ပွဲများ လုံးဝရပ်

ကိုဝိုင်း
အောက်တိုဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ်

SSA/SSPP ရှမ်းပြည်တပ်မတော် (မြောက်) တပ်ဖွဲ့များ ဖြန့်ကျက်ထားသည့် ဒေသများတွင် တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းနေသည်မှာ တလကျော်ပြီ ဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလှ က ပြောသည်။

မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်းမြို့နယ်များတွင် အစိုးရတပ်နှင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) တပ်များ ခြောက်လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ရပ်ဆိုင်းနေခြင်း ဖြစ်သည်။

နောက်ဆုံးတိုက်ပွဲမှာ စက်တင်ဘာလ၂၂ ရက်နေ့က တောနင်းလာသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၆) တပ်ရင်း အင်အား (၅၀) ခန့်နှင့် ကျေးသီးမြို့နယ်နှင့် သီပေါမြို့နယ် အစပ်တွင် ဖြစ်သော (၁၅) မိနစ်ကြာ တိုက်ပွဲ ဖြစ်သည်။

တန့်ယန်းမြို့နယ် နမ့်လောင်းစခန်းနှင့် မိုင်းရယ်မြို့နယ် နောင်ချိုစခန်း အပါအဝင် စခန်း (၁၀) ခု လက်လွှတ်လိုက်ရ ပြီးနောက် ဝမ်ဟိုင်း ဗဟိုဌာနချုပ် တခုသာ အခြေစိုက် စခန်းအဖြစ် ကျန်တော့သည့် ရှမ်းမြောက် တပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေ တိုက်ခိုက် မှုများ ရှိခဲ့သည်။

"သူတို့ ကချင်ဘက်သွားဖိနေတော့ ဒီဘက်ခဏလေး ငြိမ်သွားတဲ့ သဘောမျိုး ထင်တယ်။ ကျနော်တို့ ဌာနချုပ်ကို ချဉ်းကပ်ထား တဲ့တပ် တွေလည်း ရှိနေသေးတာပဲ" ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်များသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် နေရာတခုဖြစ်သော ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ (၄) ထိန်းချုပ်ရာ နယ်မြေကို စိုးမိုးနိုင်ပြီးပါက ရှမ်းမြောက် နယ်မြေကို ပြန်လည် ထိုးစစ်ဆင်နိုင်ကြောင်း ဗိုလ်မှူး စိုင်းလှက ခန့်မှန်း ထားသည်။

ရှမ်းမြောက်တပ်ဖွဲ့က နာယက အဖြစ် ဆက်လက် အသိအမှတ်ပြုထားသူ အသက် (၇၅) နှစ် အရွယ် ဗိုလ်ချုပ် ဆေထင်သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် စစ်ထွေထောင်တွင် ၁၀၆ နှစ် ကျနေရာမှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အရ အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာသည်။

သတင်းဌာနများကို ဖြေကြားရန် အဆင်သင့် မဖြစ်သေးဟုဆိုသည့် ဗိုလ်ချုပ်ဆေထင်သည် ယခုအခါ မိသားစု နှင့်အတူ လားရှိုး မြို့တွင် နေထိုင်လျက်ရှိပြီး နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါများ ခံစားနေရသည်ဟု သမီးဖြစ်သူ နန်းခမ်း ဖောင်းက မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့