Thursday, October 27, 2011

ကဗျာဆရာလှသန်း (သို့မဟုတ်) ကဗျာ၏ ၀ိညာဉ်

ထက်ရာဇာ
October 27, 2011

ကျနော်သူ့ကို စသိတာက အင်းစိန် သီးသန့်အကျဉ်းထောင်မှာ။ ကျနော် အင်းစိန်ဗဟို အကျဉ်းထောင်ကနေ ပြစ်ဒဏ်နဲ့ သီးသန့် ထောင်ကို ရောက်တယ်။မှတ်မှတ်ရရ ၁၉၉၂ ခုနှစ်။ ကျနော့်ကို တိုက်ထဲထည့်ပြီး ၁၅ မိနစ်လောက်အကြာမှာ ပိန်ပိန် ရှည်ရှည် နှုတ်ခမ်းမွေးနဲ့ ထောင်ပုံစံ ၀တ်စုံအဖြူ ၀တ်ထားတဲ့ လူတယောက်က ကျနော့်တိုက်ခန်းရှေ့ သံတိုင်တွေရဲ့အပြင်မှာ လာထိုင်တယ်။

ပြီးတော့ မက်လောက်စရာမရှိတဲ့ အပြုံးတခုကိုပြုံးတယ်။ အဲဒီအချိန်က တိုက်ကို ရေချိုးချတဲ့ နာရီဝက် လမ်းလျောက်ချိန်ပါ။ ပြီးတော့ ကျနော့်ကို စနှုတ်ဆက်တယ်။

“မင်းက ၅/ ည လား။ ကိုယ်က လှသန်းပါ” တဲ့။ အဲဒါဟာ ကဗျာဆရာလှသန်းနဲ့ ကျနော် စတွေ့ကြတဲ့ နေ့လယ်ခင်းပဲ။


အဲဒီတုန်းက သီးသန့်ထောင် ၁ တိုက် အနောက်ခြမ်းမှာ ကျနော်ရောက်တဲ့အချိန် ကဗျာဆရာလှသန်း ရှိတယ်၊ သူ့အစ်ကို အရင်း ပန်းချီ မောင်နိုးရှိတယ်၊ ကဗျာဆရာ မောင်နေနွယ်ရှိတယ်၊ အခုလက်ရှိ ဧရာဝတီ မဂ္ဂဇင်းက အယ်ဒီတာ ကိုကျော်စွာမိုးရှိတယ်၊ လက်ရှိ DVB က ကိုမိုးအေးရှိတယ်။ ကျန်တဲ့သူ တော်တော်များများလည်း ရှိကြတယ်။ ပြီးတော့ ကိုလှသန်းက ကျနော့်ကို နွား ဆေးပေါ့လိပ် ၃ လိပ် ထုတ်ပေးတယ်။ “နောက်မှ အေးဆေး တွေ့မယ်ကွာ” တဲ့။ ဒါဟာ ကဗျာဆရာ လှသန်းရဲ့ ပထမဆုံး နွေးထွေးမှုဆိုရင်လည်း မမှားဘူး။

နောက်နေ့တွေမှာတော့ ကိုလှသန်းနဲ့ကျနော် ရေချိုးချတဲ့ နာရီဝက်မှာ ရေကိုအမြန်ချိုးပြီး တိုက်ရှေ့က မြေနီလမ်းမှာ ကဗျာ အကြောင်းတွေ၊ စာအကြောင်းတွေ ကျနော်က လှသန်းကို သိချင်တာတွေ မေးဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်က ကဗျာဆရာ ဖြစ်ချင်စိတ် အားသန်နေခဲ့ပြီ။

သူနဲ့ကျနော် သီးသန့်ထောင်မှာ ၂ နှစ်ခွဲလောက် အတူနေခဲ့ပြီး ကိုလှသန်း ထောင်ကလွတ်တဲ့နေ့ကို ရောက်တော့ ကျနော့်တိုက် ခန်း ၀ရှေ့မှာ လာထိုင်လို့ ကျနော့်ခေါင်းကို သံတိုင်တွေကြားထဲကနေ လက်နဲ့ပွတ်ပြီး “ညီလေး အပြင်မှာ ပြန်တွေ့ကြမယ်နော်” တဲ့။ သူ့မျက်လုံးမှာ မျက်ရည်စတွေနဲ့။ ကျနော့်မျက်လုံးမှာလည်း မျက်ရည်ကြည်တွေဝဲလို့။ ၂ နှစ်ခွဲလောက် အတူပေါင်းသင်း စကားပြောလိုက်ရတဲ့ သံယောဇဉ်က ၂ ဘ၀ခွဲစာ မကဘူး။

နောက် ကျနော်မှတ်မိသေးတယ်။ သူအမြဲတမ်း ၀တ်တတ်တဲ့ မီးခိုးရောင် ဆွယ်တာလေးကို “မင်းအတွက် ငါ့အမှတ်တရ” လို့ပြော ပြီး လက်ဆောင်ပေးခဲ့တယ်။ ဒါဟာ ကဗျာဆရာလှသန်းနဲ့ ကျနော်နဲ့ ပထမဆုံး တွေ့ဆုံခြင်းပေါ့လေ။

အဲဒီလိုနဲ့ ကျနော်ထောင်ကလွတ်ပြီး ဘ၀မျိုးစုံကို ကျင်လည်ခဲ့တယ်။ နောက်ဆုံးတော့ ကျနော် မထင်မှတ်ဘဲ စာနယ်ဇင်း သမား တယောက် ဖြစ်ခဲ့တယ်။ နောက် ဖက်ရှင် မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်အထိ ကိုလှသန်းနဲ့ မဆုံဖြစ် သေးဘူး။ ဒါပေမယ့် သူက ဟန်သစ်မဂ္ဂဇင်းရဲ့ စာမျက်နှာတွေကနေစပြီး လှသန်းဆိုတဲ့ ထင်ရှားတဲ့ ကဗျာဆရာ တယောက် ဖြစ် နေပြီ။

သူက အဲဒီတုန်းက မလေးရှားကို ရောက်နေတယ်။ သူ မလေးရှားကနေ ရေးပြီးပို့လိုက်တဲ့ ကဗျာတပုဒ်ကို ဖတ်ရတယ်။ ကဗျာ ခေါင်းစဉ်က ရေသူမနဲ့ ညစာစားခြင်းတဲ့။ ဟန်သစ်မှာပဲ ထင်တယ် သိပ်မမှတ်မိတော့ဘူး။ ကျနော်သူ့ကို ဘယ်လိုမှ မတွေ့နိုင် တော့ ဘူးလို့လည်း ထင်မိတယ်။

တရက်တော့ ကဗျာဆရာ ငြိမ်းစေမင်းနဲ့ ကျနော် ကန်တော်လေးက အရက်ဆိုင်တခုမှာ ထိုင်သောက်နေတုန်း နောက်ကနေ ကျနော့်ခေါင်းကို ပိတ်ရိုက်လိုက်ပြီး “ခွေးလေး” ဆိုတဲ့အသံကို ကြားလိုက်ရလို့ လှည့်ကြည့်လိုက်တော့ ကဗျာဆရာ လှသန်း …။

သူနဲ့ကျနော် ဘာစကားမှာမပြောဘဲ တယောက်နဲ့တယောက် အကြာကြီး ဖက်ထားမိတယ်။ ဘေးမှာ ကဗျာဆရာ အောင်ဘညို လည်း ရှိတယ်။ ပြီးတော့ ကျနော်တို့ ၂ ယောက် ဘာစကားမှ မပြောဘဲ ငိုဖြစ်ခဲ့ကြတယ်။ အဲဒီနောက်တော့ ၃၃ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ညနေတိုင်း ထိုင်ဖြစ်ခဲ့ကြတယ်။ ညိုညိုတေးသံသွင်း ဆိုင်ရှေ့က လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ပါ။ ကျနော် နယ်စပ်မထွက်ခင် အထိပဲ။

အဲဒီတုန်းက ကျနော်ရယ်၊ ကိုလှသန်းရယ်၊ ကဗျာဆရာ သစ်ကောင်းအိမ်၊ လူအိမ်၊ ကြည်ဇော်အေး၊ ဟိန်းမြတ်ဇော်၊ စာရေးဆရာ ကိုအောင်ခက် (ကွယ်လွန်)၊ စာရေးဆရာမင်းနွယ်စိုး၊ ပန်းချီမောင်နိုး၊ ပန်းချီကိုကိုနိုင်၊ ပန်းချီသိန်းသိန်း၊ စိုးကိုအောင် (ကန့်ဘလူ) (ကွယ်လွန်)၊ ကာတွန်းဖေစိုးအောင်တို့ပါတယ်။ ကျနော်တို့ အုပ်စုကို လူတိုင်းက ချီးကျူးရတဲ့အထိ ညနေတိုင်း တွဲခဲ့ကြတယ်။ ညနေတိုင်း တယောက်မရောက်လာရင် လည်တဆန့်ဆန့် မျှော်ခဲ့တဲ့အထိ ကျနော်တို့ သံယောဇဉ်တွေ မြဲခဲ့ ကြတယ်။

ညနေ ၆ နာရီလောက်ဆိုရင်တော့ ကိုယ် ရသမျှ စာမူခနဲ့ စုပေါင်းစပ်ပေါင်း ရီဝေေ၀ ညနေတွေကို ဖြတ်သန်းခဲ့ကြတယ်။ကျနော်က မူးပြီဆိုရင် အိမ်မပြန်ဖြစ်ဘဲ ကိုလှသန်းရဲ့ ဒဂုံမြောက်အိမ်ကို လိုက်အိပ်ဖြစ်တာ များတယ်။ မနက်ဆိုရင် ဒဂုံမြောက် ဈေးနားက ဖြူနီညိုပြာ ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ကိုလှသန်းနဲ့ကျနော် လက်ဖက်ရည်ကျဆိမ့် တယောက်တခွက်နဲ့ အနာဂတ်တွေကို မစားရ၀မခမ်း ပြောခဲ့ဖူးတယ်။ ကိုလှသန်းနဲ့ ကျနော်နဲ့က တခန်းထဲမှာ အတူအိပ်တာ။ ကိုလှသန်းအမေဟာ ကျနော်တို့ရဲ့ အမေပဲ။ သူက သူ့သား ကဗျာဆရာရဲ့ သူငယ်ချင်းတွေကို သူ့သားလိုပဲ ဆက်ဆံခဲ့တယ်။ ကျနော်က အဲဒီအချိန်မှာ ကဗျာဆရာ ဒီလက်မျိုး ဖြစ်နေပြီ။ ကိုလှသန်းက ကျနော့်ကို စကားတခွန်း ပြောဖူးတယ်။

“မင်းကို ငါက စာနယ်ဇင်းသမား၊ အယ်ဒီတာပဲဆိုရင် မဆက်ဆံဘူး။ မင်းက ထောင်ထွက်၊ ပြီးတော့ ကဗျာဆရာ ဖြစ်နေလို့” တဲ့

ကျနော်အကြောင်းအမျိုးမျိုးနဲ့ နယ်စပ်ကိုထွက်လာပြီး DVB မှာ သတင်းထောက် လုပ်နေတဲ့အချိန် ၂၀၀၇ ရွှေဝါရောင် တော်လှန် ရေးမှာ ကဗျာဆရာများ သမဂ္ဂရဲ့ ဖုန်းကိုဆက်ပါဆိုလို့ ဆက်လိုက်တော့ ပြောခွင့်ရ ပုဂ္ဂိုလ်က အသံကြားရတာနဲ့ ကျနော်မှတ်မိတဲ့ ကိုလှသန်း။ ရဲရဲတောက် ကဗျာဆရာက ရဲရဲတောက် စကားတွေ သတင်းပို့တယ်။ ဒါဟာ လှသန်း ဖြစ်ခဲ့တယ်။ ဒါဟာ လှသန်း အစစ်ပဲ။

လှသန်းဟာ အားမနာတတ်ဘူး၊ လှသန်းဟာ မတွေဝေဘူး၊ လှသန်းဟာ ခေတ်ကိုမြင်တယ်၊ လှသန်းဟာ ဘယ်သူ့ကိုမှ မကြောက် ဘူး၊ လှသန်းအကြောင်း ပြောမယ်ဆို သိပ်ရှည်လိမ့်မယ်။ ဒါပေမယ့် ကျနော်သိပ်ချစ်ခဲ့ရတဲ့ ကဗျာဆရာ လှသန်းဟာ အခုတော့ ကျနော်တို့ ဘ၀ထဲကနေ ထွက်သွားခဲ့ပါပြီ။ ဒါပေမယ့် သူဟာ ကျနော်တို့ နှလုံးသားထဲမှာ ထာဝရ ရှိနေမယ့် ကဗျာဆရာ တ ယောက် ပါ။

သူဟာ ကဗျာရဲ့ ၀ိညာဉ်ပါပဲ။ ဒီအတွက် လှသန်းဟာ ကဗျာဆရာတွေကို သူ့ဝိညာဉ်နဲ့ ဆက်ပြီး ရှင်သန်စေပါလိမ့်မယ်။ကိုလှသန်း ကောင်းရာသုဂတိ လားပါစေ။

အစ်ကို

အစ်ကို့ကို ဒီစာမူနဲ့ ကန်တော့ပါတယ် အစ်ကို။ အစ်ကိုနဲ့ ကျနော်နဲ့ နေခဲ့တဲ့ရက်တွေကို ကျနော် ဘယ်တော့မှ မမေ့ပါဘူး။ အစ်ကို ကောင်းရာသုဂတိ လားပါစေ။

အစ်ကို ဖြစ်စေချင်ခဲ့တဲ့
ဒီလက်မျိုး

ကဗျာဆရာ လှသန်း (ကြည်မောင်သန်း) သည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။ အောက်တိုဘာ ၂၂ ရက်နေ့ အသက် ၄၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးသည် မချော ကျန်ရစ်ခဲ့သည်။ အောက်တိုဘာ ၂၄ ရက်နေ့က ရေဝေးသုသာန်တွင် ကျန်ရစ်သည့် ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကဗျာဆရာ များနှင့် ၎င်းကိုရင်းနှီးသော မိတ်ဆွေသင်္ဂဟများ လိုက်ပါပို့ဆောင်ခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့