Wednesday, October 26, 2011

သတင်းတွေ အပြင်ဆက်ပို့မယ် ဆိုတဲ့ Burma VJ

ထွန်းထွန်း
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းပြည် တိုးတက်ပြောင်းလဲရေးအတွက် မီဒီယာအား ကိရိယာတခု အနေဖြင့် အသုံးပြု ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်လက် ဖော်ထုတ်သွားမည်ဟု Burma VJ အဖွဲ့က ပြောဆိုသည်။

အဖွဲ့အနေဖြင့် လက်ရှိတွင် လွတ်လပ်စွာ ရပ်တည်နေပြီဖြစ်ကြောင်းနှင့် လတ်တလောဖြစ်ပျက်နေသည့် လူအခွင့်အရေး ချိုးဖောက်မှု ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများကိုလည်း လူမှုကွန်ယက် တခုဖြစ်သည့် Facebook
တွင် “Burma VJ Media Network” အမည်ဖြင့် ဆက်လက် ဖော်ထုတ်သွားမည် သိရသည်။

Burma VJ အဖွဲ့ကို ၂ဝဝ၆ ခုနှစ်မှစ၍ တည်ထောင်ခဲ့ခြင်းဖြစ်ကာ နော်ဝေအခြေစိုက် ရုပ်မြင်သံကြားမီဒီယာ တခု
ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းများနှင့်
ပြည်တွင်းသတင်းများကို ထုတ်လွှင့်ခဲ့သည်။

သို့သော် DVB သတင်းဌာနတွင် အမေရိကန်ဒေါ်လာ သုံးသိန်းခန့် ငွေကွာဟမှု ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လဆန်း ပိုင်းတွင်း ပေါ်ပေါက်လာခဲ့ပြီးနောက် Burma VJ အဖွဲ့ဝင်များ နုတ်ထွက်ခဲ့ကြသည်။

VJ အဖွဲ့၏ ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်၊ အဖွဲ့ဘဏ္ဍာရေးနှင့် သီးသန့် မီဒီယာ ထောင်လာနိုင်ခြေ ရှိ၊ မရှိနှင့် ပတ်သက်၍ အဖွဲ့ဝင် တဦးဖြစ်သည့် ကိုအောင်ကြီးအား မဇ္ဈိမ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်း ထားသည်။

----------
အရင်ဆုံး Burma VJ အဖွဲ့ ဖြစ်ပေါ်လာပုံလေး အကျဉ်းလေး ရှင်းပြပေးပါဦး။

“ကျနော်ကတော့ Burma VJ စပြီးတော့ Founding လုပ်တဲ့ထဲမှာ ပါတာပေါ့နော်။ ကျနော်တို့ Burma VJ ဆိုတဲ့ ရုပ်ရှင်ကားကို ၂ဝဝ၆ နှစ်ကုန်ပိုင်းလောက်ကတည်းက စပြီးတော့ ရိုက်ဖို့ဆိုပြီးတော့ ကျနော်တို့ အဲဒီ အချိန်မှာ ထိုင်းကို ထွက်လာတယ်။ ထိုင်းကို ထွက်လာပြီးတော့ ဘန်ကောက်မှာပေါ့နော်။ အဲဒီမှာ စတည်တယ်။

“ကျနော်တို့ Burma VJ မီဒီယာအဖွဲ့ စပေါ်လာခဲ့ကြတာက တကယ့်ပတ်ကား ရုပ်သံမီဒီယာ ဂျာနယ်လစ်တွေနဲ့ စတည်ထောင်ခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ မြန်မာပြည်ထဲမှာရှိတဲ့ Political Activist တွေကနေစတာ။ အထူး သဖြင့် ကျနော် အပါအဝင် ပေါ့နော်။ ကျနော်က အဲဒီအချိန်တုန်းက ထောင်တခါ ကျထားတယ်။ နောက် တခြား Burma VJ အဖွဲ့ဝင်တွေ အများစုကလည်း အကုန်လုံးကလည်း ထောင်ကျဖူးတဲ့သူတွေ။ ထောင်ထွက်တွေ ချည်း
ပဲ။ ကျနော်တို့ အဓိက က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာ။ ကျနော်တို့က မီဒီယာကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ Tool တခုအနေနဲ့ အသုံးချပြီးတော့ လုပ်တဲ့သဘောပဲ။ ကျနော်တို့ အားလုံးက မီဒီယာသမား သက်သက် မဟုတ်ဘူး။ တဖက်အခြမ်းမှာ ကျနော်တို့က Activist တွေ ဖြစ်တယ်။ အထူးသဖြင့် Burma VJ စပြီးတော့ တည်ခဲ့တဲ့ အပြင် ဘက်က လူတွေကော၊ အထဲက လူတွေကောက၊ Burma VJ အဖွဲ့ရဲ့ ၉၀ ရာခိုင်နှုန်းက ထောင်ထွက်တွေချည်းပဲ။ အရင်တုန်းက နိုင်ငံရေးလုပ်ခဲ့တဲ့ သူတွေချည်းပဲ”

“ကျနော် အဓိက ပြောချင်တာကတော့ Burma VJ ဆိုတဲ့ တချို့မီဒီယာတွေမှာ ပြောနေတာ Burma VJ ဆိုတာ မရှိခဲ့ဘူးပေါ့နော်။ တကယ်မရှိဘူး၊ အဖွဲ့ဆိုတာ မရှိခဲ့ဘူး။ တကယ် ဒါက ပြည်သူတွေသာ ဖြစ်တယ် ဆိုတဲ့ ဟာချည်း ကတော့ ကျနော် ပါခဲ့တဲ့ လူတယောက်အနေနဲ့ ပြောရရင် အဲဒါက မမှန်ဘူးလေ။ ဒါကတော့ ကာယကံရှင်တွေ သေသေချာချာ သိမှာပဲလေ”

လက်ရှိ ရပ်တည်နေသေးတဲ့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကကော။

“အဓိက ကတော့ ကျနော်တို့ မြန်မာပြည်ထဲမှာ လတ်တလော လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေ အားလုံးကို နိုင်ငံတကာကို တပြေးညီသိအောင်လို့ လုပ်ပေးနေတယ်။ အဓိက ကတော့ ကျနော်တို့ ရည်ရွယ် ချက်ကတော့ အဲဒါပဲ။ ကလေးစစ်သားကိစ္စမျိုးတွေ လုပ်ခဲ့တာ ရှိတယ်။ အရင်တုန်းကလည်း နျူကလီးယား ကိစ္စ
တွေ ကျနော်တို့ အဖွဲ့ကပဲ လုပ်ပေးခဲ့တာပဲ။ ၂ဝဝ၇ (ရွှေဝါရောင်တော်လှန်ရေး) Revolution တုန်းက ရိုက်ခဲ့တဲ့ အရုပ်တွေ၊ ဂျပန် (သတင်းထောက်) သေခဲ့တဲ့ အရုပ်ဆိုလည်း ကျနော်တို့ အဖွဲ့က လူတွေပဲ ရိုက်ခဲ့တာပဲ”

“အဲဒီတုန်းလည်း ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေကို ဟိုးအရင်တုန်း ကလည်း လုပ်ခဲ့တယ်။ အခုအချိန်မှာလည်း နိုင်ငံတကာကို လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ကိစ္စကို သိအောင် ဆက်ပြီးတော့ လုပ်နေတုန်းပဲ။ အဓိက ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကို Burma VJ ကားထဲကလို အပိတ်ခံထား ရတဲ့ တိုင်းပြည် တပြည် ကနေပြီးတော့ သတင်းတွေ အကုန်လုံးကို နိုင်ငံတကာကို သိအောင် တတ်နိုင်သလောက် ပြောဖို့ပဲ”

အခုကော Burma VJ မှာ အဖွဲ့ဝင်အင်အား ဘယ်လောက်လောက် ရှိနေသေးလဲ။

“ကျနော် အဲဒီအရေအတွက်ကတော့ ပြောဖို့ မလိုဘူး ထင်တယ်။ အဓိက ကျနော်တို့ Burma VJ နာမည် အနေနဲ့ ဆက်သွားနေတယ်။ အဲဒီအဖွဲ့အနေနဲ့ ဆက်ပြီး ရပ်တည်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့ အထဲက ရိုက်နေတဲ့ အရုပ်တွေပေါ့နော်။ အထဲက ကျနော်တို့ အဖွဲ့တွေက ဆက်ပြီးတော့ ရိုက်နေတယ်။ လုံခြုံရေးအရ ကျနော် အရေအတွက် ကိုလည်း မပြောချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီးတော့ ရှိနေတယ်။ ကျနော်တို့ Activities တွေ ဆက်ရှိတယ် ဆိုတာ သိချင်တယ်ဆိုရင် Face Book မှာလည်း တက်ကြည့်လို့ရတယ်။ Burma VJ Media Network ဆိုပြီး တော့ နေ့စဉ် မြန်မာပြည်ထဲမှာ ဓာတ်ပုံတွေ၊ ဗီဒီယို သတင်းတွေ တောက်လျောက် တင်နေတာ ပေါ့နော်”

“နောက်ပြီးတော့ မီဒီယာတခု အနေနဲ့လည်း ဆက်ပြီးတော့ ရပ်တည်ဖို့ အတွက်ကို ကြိုးစားနေတယ်။ ကျနော်
ပြောနိုင်တာကတော့ ကျနော် ဆက်ပြီးတော့ အလုပ်လုပ်နေတယ်။ ကျနော်တို့ မြန်မာပြည်ထဲမှာလည်း ထပ်ပြီး
တော့ ကျနော်တို့ လူတွေ အလုပ်လုပ်နေတယ်။ အပြင်မှာလည်း ကျနော်တို့ အဖွဲ့က ဆက်ပြီး အလုပ် လုပ်နေတယ် ဆိုတာတော့ အသေအချာ ပြောနိုင်တယ်”

အဖွဲ့ရဲ့ ရှေ့ရေးအတွက်ကော ဘာတွေဆက်လုပ်သွားဖို့ ရှိလဲ။

“အရင်တုန်းကတော့ ကျနော်တို့က သတင်းဌာနတခုအောက်မှာပဲ ရှိနေတာပေါ့နော်။ အခုကတော့ ကျနော်တို့ ကတော့ အဲဒီလို သတင်းဌာနတခုအောက်ကနေပြီးတော့၊ သတင်းဌာနတခုရဲ့ ပေါ်လစီအောက်ကနေပြီး တော့ လုပ်နေတဲ့ဟာမျိုးတော့ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ ပိုပြီးတော့ လွတ်လပ်လာတယ်လို့ ထင်တယ်။ အခုက အရင်တုန်းထက်ပိုပြီးတော့ နိုင်ငံတကာမီဒီယာတွေကို ချိတ်ဆက်ပြီးတော့ ကြိုးစားနေ တယ်။ ဥပမာ ကျနော်တို့ကို မီဒီယာတင် မဟုတ်ဘူးပေါ့ဗျာ။ တခြား နိုင်ငံတကာမှာ ရှိတဲ့ ကွန်ဖရင့်တွေနဲ့ ပတ်သက်ပြီးတော့ အထဲက လူတွေရဲ့ Message တွေ၊ Video Message တွေဘာတွေရအောင် လုပ်ပေး တယ်။ ဒါက မီဒီယာလို့ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ လုပ်ပေးတဲ့ဟာတွေလည်း ရှိတယ်”

အခုကော ဘာလုပ်ငန်းတွေ ဆက်လုပ်နေတာ ရှိလဲ။

“ကျနော်တို့ ဆက်လုပ်နေတာတော့ အထဲမှာ ရှိနေတဲ့ သတင်းတွေပေါ့နော်။ အထူးသဖြင့် ဗီဒီယိုနဲ့ ဓာတ်ပုံ သတင်းတွေကို တတ်နိုင်သလောက် ရအောင် အရင်တုန်းကလိုဘဲ ဆက်ပြီးတော့ ယူနေတယ်။ ယူနေပြီးတော့ တခြား လိုချင်တဲ့ မီဒီယာတွေကိုလည်း ကျနော်တို့ ပေးတယ်။ နောက်ပြီးတော့ Facebook ပေါ်မှာလည်း တင်တယ်။ ကျနော်တို့လည်း ပြောထားတယ်လေ။ ကျနော်တို့စီက လိုချင်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ အကုန်လုံးကို လွတ်လွတ် လပ်လပ် သုံးလို့ရတယ်။ ကျနော်တို့ နာမည်ကိုပဲ Credit ပေးပြီးတော့ သုံးလို့ရတယ်။ အလကားသုံးလို့ ရတယ် ဆိုတာလည်း ကျနော်တို့ Facebook မှာ ကြည့်ဖြစ်မယ် ထင်ပါတယ်”

အခုထပ်လုပ်နေတဲ့ဟာတွေကို Facebook တင် မဟုတ်ဘဲ တခြား ဘယ်နေရာတွေမှာ သုံးဖို့ ရှိသေးလဲ။

“လောလောဆယ် ကျနော်တို့ကတော့ အခြား လုပ်ထားတဲ့ဟာတွေ ပေါ့နော်။ သုံးချင်တဲ့ ဘယ်မီဒီယာကို မဆို ကျနော်တို့က ခုချိန်မှာ လွတ်လွတ်လပ်လပ် ပေးသုံးဖို့ အားလုံးကို သဘောတူထားတယ်လေ။ အခြားမီဒီယာ တခု
အောက်မှာ လုပ်ဖို့ဆိုတဲ့ အစီအစဉ်ကတော့ လောလောဆယ်တော့ မရှိသေးဘူးပေါ့။

အခု အဖွဲ့ရပ်တည်ရေး အတွက်ကော ကူညီထောက်ပံ့တာတွေ ရှိသေးလား။

“လောလောဆယ်တော့ ကျနော်တို့ ဘယ်က အကူအညီ၊ အထောက်အပံ့မှတော့ မရှိသေးဘူးပေါ့ဗျာ။ အထဲက သတင်းထောက်တွေကလည်း လုပ်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့ လုပ်ပေးနေတဲ့ သဘောပဲ”

ဒါဆိုတော့ အဖွဲ့မှာကော အခက်အခဲမရှိဘူးလား။

“ကျနော်တို့ ငွေရေးကြေးရေး အခက်အခဲကတော့ အရင်ကထက်စာရင်တော့ အများကြီးတော့ ရှိသွားတာ တော့ အမှန်ပဲလေ။ အရင်ကလောက် ကျနော်တို့ ငွေမသုံးနိုင်တော့ဘူး။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင် သလောက်ပေါ့ဗျာ။ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ ဆက်ပြီး လုပ်နေတာပဲ”

အခု Facebook မှာလည်း လုပ်နေတယ်ဆိုတော့ သီးခြား မီဒီယာတခု ပုံစံမျိုး လုပ်လာဖို့ ရှိလား။

“စိတ်ကူးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကျနော်တို့ သွားဖို့ အတွက်တော့ အများကြီးတော့ စိန်ခေါ်မှုတွေ ရှိတာပေါ့။ အဲဒါတွေကိုတော့ တတ်နိုင်သလောက် ကျော်လွှားနိုင်အောင်တော့ လုပ်နေတယ်။ ဘာလို့ဆိုတော့ ကျနော်တို့ မြန်မာပြည်က လွတ်လပ်တဲ့ သတင်း အေဂျင်စီတခု အနေနဲ့ သွားဖို့ ဆိုတဲ့ဟာမျိုး စိတ်ကူးတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံးတော့ ငွေရေးကြေးရေး အပိုင်းကော၊ အခြား နည်းပညာ အပိုင်းကော၊ လူအင်အားအပိုင်းကော အကုန်လုံးကို ဖြည့်ဆည်းပြီး လုပ်ဖို့ ကြိုးစားနေတယ်။ အဲဒါက ဘယ်လောက် အတိုင်းအတာထိ ဖြစ်မလဲဆိုတာတော့ ကျနော်တို့ပေါ် မူတည်တာပေါ့နော်”

လုပ်ဖြစ်ရင်ကော ပြည်ပ အခြေစိုက်လား၊ ပြည်တွင်းအခြေစိုက်လုပ်မှာလား။

“လောလောဆယ်ကတော့ ကျနော်တို့ ပြည်တွင်းအခြေစိုက် အနေနဲ့ကတော့ မရှိပါဘူး။ မရှိပါဘူး ဆိုတာက ကျနော် တို့က အရင်တုန်းက DVB နဲ့လုပ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ သတင်းတွေ အပြင်ကို ပို့မယ်၊ အပြင်က နေပြီးတော့မှ နိုင်ငံတကာသိအောင် လုပ်မယ်”

သီးခြား ပြောဆိုချင်တာ ရှိပါသေးလား ခင်ဗျ။

“အရင်တုန်းက လုပ်ခဲ့သလိုပဲ ဆက်ပြီးတော့လည်း တတ်နိုင်သလောက် အထဲမှာရှိတဲ့ သူငယ်ချင်းတွေ ပေါ့နော်။ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေကလည်း ကြိုးစား ပေးနေတယ်။ ကျနော်တို့ကလည်း တတ်နိုင် သလောက် ကျနော်တို့ လုပ်နေတဲ့ဟာကို၊ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ အားလုံးကို နိုင်ငံတကာ သိအောင် ထိရောက်တဲ့ နည်းလမ်းကို ရှာပြီးတော့ လုပ်နေတယ် ဆိုတဲ့ဟာကိုတော့ ပြောချင်ပါတယ်”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့