Thursday, October 27, 2011

လယ်သမားအဖွဲ့ ဖွဲ့ပြီ

ခင်ဦးသာ
October 26, 2011

မြန်မာနိုင်ငံအတွင်းရှိ လယ်သမား၊ စိုက်ပျိုးရေး အလုပ်သမားတို့၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ပေးနိုင်ရေးအတွက် အဖွဲ့အစည်းတခုကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပြီး တရားဝင်ရပ်တည်ခွင့်ရရေးအတွက် စောင့်ဆိုင်းနေကြောင်း သိရသည်။

ထိုအဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM) ဟု အမည်ပေးထားပြီး တရားဝင် မှတ်ပုံတင်ခွင့် ရရှိရန် လျှောက်ထားလွှာကို အလုပ်သမားဝန်ကြီးထံ အင်္ဂါနေ့က တင်ပြထားကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ဧရာဝတီကို ပြောသည်။


“မှတ်ပုံတင်အရာရှိချုပ် ဆိုတာ တရားဝင် ခန့်အပ်ထားတာ မရှိသေးလို့ ၀န်ကြီးဆီကတဆင့် တင်ထားတာပါ၊ သမ္မတက အတည်ပြု ပေးထားတဲ့ ဥပဒေအတိုင်း လုပ်တာ ဆိုတော့ မှတ်ပုံတင်ခွင့် ပေးလိမ့်မယ်လို့ ထင်ပါတယ်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုအဖွဲ့က လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားတို့၏ အခွင့်အရေး၊ လူနေမှု ဘ၀ တိုးတက် မြင့်မားလာရေး၊ ကြုံတွေ့နေရသော စားဝတ်နေရေး ကြပ်တည်းမှုများ ပြေလည်စေရေးတို့အတွက် ကျယ်ကျယ် ပြန့်ပြန့် ကူညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

AFFM အလုပ်အမှုဆောင်များတွင် ဥပဒေ ကျွမ်းကျင်သူများ၊ စိုက်ပျိုးရေး ပညာရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းကို သုတေသန ပြုနေသူများ ပါဝင်ကာ ပြည်နယ်၊ တိုင်း အားလုံးနီးပါးမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း ဦးသန်းဆွေက ရှင်းပြသည်။

မကြာသေးမီက အလုပ်သမား ၀န်ကြီးဦးအောင်ကြည်က အဆိုပြု တင်သွင်းခဲ့သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေကြမ်းတရပ်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည်။

သြဂုတ်လအတွင်း အတည်ပြုပေးခဲ့သော ထိုဥပဒေတွင် အလုပ်သမားများ အခွင့်အရေး တောင်းဆိုခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်တို့ ပါရှိသည်။ သတ်မှတ်ထားသောနေရာတွင် ကြိုတင်ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်နိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမား ဦးညိုက တောင်သူလယ်သမားတို့၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များကို ကူညီ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်း ပေါ်လာ၍ ကြိုဆိုလိုက်ပြီး လယ်သမားတို့ကို အမှန်တကယ် ကူညီပေးစေလိုသည်ဟု ဧရာဝတီ ကို ပြောပြသည်။

“လယ်သမားတွေ ကြုံတွေ့နေကြတဲ့ ဒုက္ခတွေကို ကူညီမယ်လို့ ပြောသူတွေများနေတော့ သိပ်မယုံသေးဘူး။ လက်တွေ့ ကူညီပေး မှာလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ ကျနော့်တို့လယ်တွေ အသိမ်း ခံထားရပြီးတော့ ကိုယ့်လယ်မှာပဲ တရက် လုပ်အားခ ၁၈၃၀ ကျပ် နဲ့ အငှားဘ၀နဲ့ ပြန်လုပ်နေကြရတယ်” ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်း၊ ဆိပ်ကမ်း စသည့် မြို့နယ် ၃ ခုမှ လယ်သမား ၁၀၀၀ ကျော်က ၎င်းတို့၏ လယ်မြေများကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒေသခံ အာဏာပိုင်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များက အဓမ္မ သိမ်းယူထားကြောင်း၊ ထိုလယ်ဧက တသောင်းကျော်အရေး ဖြေရှင်းပေးရန် သမ္မတထံ တိုင်ကြားထားသော်လည်း ထူးခြားမှု မရှိသေးကြောင်း သိရသည်။

ယခု ဖွဲ့စည်းလိုက်သည့် AFFM အဖွဲ့က လယ်သမားအရေးကို အမှန်တကယ် လုပ်ပေးနိုင်ခြင်း ရှိမရှိ သံသယ ဖြစ်မိသည်ဟု လယ်သမား၊ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေကိုဖိုးဖြူက ပြောသည်။

“တကယ်နစ်နာ ဆုံးရှုံးနေတဲ့ လယ်သမားမိသားစုတွေ ကိစ္စကို လုပ်ပေးနိုင်မယ့် အခြေအနေလည်း မဟုတ်သေးပါဘူး၊ နောက်တခု က တောင်သူ အခွင့်အရေး၊ ရပိုင်ခွင့်တွေအတွက် အဖွဲ့ ဖွဲ့စည်းနိုင်မယ့် ဥပဒေ ကိုလည်း စနစ်တကျ ပြဋ္ဌာန်းထားတာ မဟုတ်သေးတဲ့အတွက် တနိုင်ငံလုံးက လယ်သမားတွေကို ကိုယ်စားပြုတဲ့ လွတ်လပ်တဲ့ အဖွဲ့လို့ မယူဆပါဘူး” ဟု ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်က ရန်ကုန်တိုင်းမြို့နယ် တချို့မှ လယ်သမား ၂၀ ကျော်နှင့် ရှေ့နေ ကိုဖိုးဖြူတို့သည် သိမ်းယူခံထားရ သော လယ်ဧကများ ပြန်လည်ရရှိရေး၊ အလုပ်သမား၊ လယ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ရေးတို့အတွက် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများထံ အဆိုပြုလွှာများ ပေးပို့ထားသော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့