Tuesday, October 25, 2011

နိုင်ငံရေး ဓားစာခံများ

အောင်လင်းထွဋ်
October 24, 2011

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ပြီးသော နောက်ပိုင်းမှစ၍ ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော လမ်းစဉ်များကို နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင် များသည် မိမိတို့ လိုသလိုသာ အသုံး ချခဲ့ကြပြီး ခေတ်အဆက်ဆက် ယနေ့အထိတိုင် တိုင်းသူပြည်သားများကို ဓားစာခံ အဖြစ် အသုံးချနေဆဲ ဖြစ်နေသည်။

မကြသေးခင်က လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ ပြောခဲ့သလို ဆိုမာလီ ပင်လယ် ဓားမြများ ကဲ့သို့ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို ပြန်ပေးဆွဲထားပြီး သူတို့ လိုချင်သည်ကိုရမှ လိုသလောက် သူတို့ အိတ်ကပ်ထဲက ထုတ်ပေးခြင်းကို တွေ့မြင်ရမည် ဖြစ်ပါသည်။

စာရေးသူ အနေဖြင့် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲနောက်ပိုင်း တပ်မတော် ခေါင်းဆောင်များ ၏ နိုင်ငံရေး ကစားကွက် များကို လေ့လာ တင်ပြလိုပါသည်။

၈ လေးလုံး အရေးခင်းကို စက်တင်ဘာ ၁၈ ရက် စစ်တပ် အာဏာသိမ်းစဉ် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးပြီး တပ်မတော် သည် စစ်တန်းလျား ပြန်မည်ဟူသော ကြေညာချက်ဖြင့် နိုင်ငံရေး ခေါင်းဆောင်များနှင့် ပြည်သူ ပြည်သားများကို ချွေးသိပ်၍ နဝတ သည် အကြမ်းနည်းရော အနုနည်းရောကိုပါ သုံး၍ ဖြိုခွဲခဲ့သည်။

တဘက်က မက်လုံးပေးသောစကားကိုသုံးပြီး အခြားတဘက်တွင်လည်း ကျောင်းသား ခေါင်းဆောင်များနှင့် သဘောထား ပြင်းထန်သော နိုင်ငံရေး ခေါင်းဆောင်များကို စစ်ထောက်လှမ်းရေးက ဖမ်းဆီး၍ အကျဉ်းထောင်များ အတွင်း ထည့်ခဲ့ ကြရပါသည်။ နောက်ဆုံး ဒီမိုကရေစီ ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဖမ်းဆီးပြီး နေအိမ် အကျယ်ချုပ်ချခဲ့သည်။

၁၉၉၀-၁၉၉၁ ခုနှစ် ကာလများအတွင်း ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သော ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီး ခိုင်းခဲ့ပြီး အေအဆင့်ကို ထောင်အနှစ် ၂၀ ၊ ဘီ အဆင့်ကို ထောင် ၇ နှစ် မှ ၁၀ နှစ် ၊ စီ အဆင့်ကို ထောင် ၃ နှစ် မှ ၅ နှစ် သတ်မှတ် ပြီး ထောင်ချ ခိုင်းခဲ့ပါသည်။

ထိုစဉ်ကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများသည် စစ်အာဏာာရှင် ကြီးများ၏ လိုသလို အသုံးချ ခံရမည့် ဓားစာခံများ ဖြစ်လာရသည်။

စစ်ထောက်လှမ်းရေးများအနေဖြင့် အကျဉ်းသားနိုင်ငံရေး သမားများကို လစဉ် ပုံမှန် တွေ့ဆုံပြီး စစ်တပ်၏ လုပ်ဆောင်ချက်ကို ထောက်ခံရန် မက်လုံးပေး စည်းရုံး ခဲ့ရပါသည်။ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံမှု အစီရင်ခံစာကို အထက် ဌာနများသို့ စစ်ထောက်လှမ်းရေးမှ ပုံမှန် တင်ပြခဲ့ရသည်။

ယနေ့ကဲ့သို့ နယ်ထောင်များသို့ နိုင်ငံရေးအကျဉ်းသားများ ပို့ဆောင် ချုပ်နှောင်ခြင်း မရှိဘဲ အင်းစိန် အကျဉ်းထောင် တွင်သာ ထားပြီး ခေါင်းဆောင်ပိုင်းကို အထူးဆောင်နှင့် သီးသန့် ဆောင်များတွင် ထားပါသည်။ ထိုစဉ်ကတည်းက အမျိုးသားအရေးတွက် အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်အကျိုး မစွန့်နိုင် သူများသည် စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ကြရပါသည်။

ဒေါင်ဒေါင်မြည်နိုင်ငံရေးခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်နှင့် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များသာ တိုင်းပြည် အတွက် ဒီမိုကရေစီ အရေး ယုံကြည်ချက် ခံယူချက်ကို မပြောင်းမလဲ ယနေ့တိုင် ကြံ့ကြံ့ခိုင် ရပ်တည်ခဲ့ကြ သူများဖြစ်ပါသည်။ လက်ရှိ အနေထားမှာပင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များသည် စစ်အစိုးရ၏ ဓားစာခံများ အဖြစ် ရှိနေဆဲဖြစ်သည်။

၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှစ၍ စစ်အစိုးရသည် နိုင်ငံတကာနိုင်ငံရေးကို လျစ်လျူရှုပြီး မြန်မာ နိုင်ငံအရေးကို ထင်သလို လုပ်၍ မရမှန်း သိလာခဲ့သည်။ နိုင်ငံတကာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းသည် ပေါ်လွင် ထင်ရှားလာပြီး ကုလသမဂ္ဂ အပါဝင် အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှု ကြီးထွားလာခြင်းနှင့် ရင်ဆိုင် ခဲ့ရသည်။ ဖိအားပေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးသည် အဓိက အချက်တခု အနေဖြင့် ပါခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ၂၀၀၀ ပြည့်နှစ်အတွင်း လျှို့ဝှက်တွေ့ဆုံ ဆွေးနွေး ခဲ့ရသလို အခြား တဘက်တွင်လည်း Lobby Group (ညှိနှိုင်းရေးအဖွဲ့) ငှား၍ အမေရိကန် အစိုးရကို ချဉ်းကပ်ခဲ့ရပါသည်။ ထိုကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်း ထားသူများ ပြန်လည် လွှတ်ပေးပြီး ပြည်တွင်း ပြည်ပတွင် စစ်အစိုးရမှ သဘောထားကြီး သရောင် ပြခဲ့ပါသည်။

အမှန်တကယ်တော့ စစ်အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးရှေ့ဆက်တိုးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မပါလျှင် အလုပ် မဖြစ်နိုင်ဟု သိရှိထား၍လည်း ဖြစ်သည်။

ထို့ကြောင့်၂၀၀၂ ခုနှစ်မေလတွင် D C I Lobby Group အစီအစဉ်ဖြင့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ် ကျော်သိန်းနှင့် မူးယစ်ဆေး ဝါး နှိမ်နင်းရေးမှ ရဲမှူးကြီးခမ်းအောင် တို့ အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့ကို လာရောက်ပြီးနောက် ဝါရှင်တန် မြန်မာ သံရုံးမှနေ၍ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးကြောင်း သတင်း အစောဆုံး ကြေညာချက် ထုတ်ပြန် ပေးခဲ့ရပါသည်။ ထိုစဉ်အချိန် အခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး ခေါင်းဆောင် တချို့ကို စစ်အစိုးရက အသုံးချ ခဲ့သော်လည်း စိတ်ရင်း စေတနာမမှန် စိတ်ကောင်းနှစ် လုံးကောင်း မရှိခဲ့၍ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ် ခဲ့ရသည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးခင်းလူသတ်ပွဲကြီးပြီးနောက် နိုင်ငံတကာ၏ ပြင်းထန်စွာ ရှုတ်ချမှုများနှင့် ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ဖြစ်ပွား ခဲ့ပြီးနောက် တဖန် ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ချဉ်းကပ် ခဲ့ရပြန်ပါသည်။ ဝန်ကြီး တဦးကို ခေါင်းဆောင် တာဝန်ပေး၍ အဖွဲ့တဖွဲ့ ဖွဲ့စေပြီး စေ့စပ် ဆွေးနွေးမှုများ လုပ်ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ၊ အမျိုးသားညီလာခံမူ အချက်အလက် တချို့ ပြန်လည် ဆွေးနွေးခွင့်ပြုရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ နိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို အသိအမှတ် ပြုရေး စသည်တို့ကို အဓိက အချက်များ အနေဖြင့် ဆွေးနွေး ခဲ့ကြ ဖူးပါသည်။

ထိုစဉ်ကလည်း နားလည်မှု တစုံတရာ ရခဲ့ပြီးကာမှ ရက်ပိုင်းအလိုမှာ NLD အမျိုးသား ညီလာခံ တက်ပြီးမှ အခြေအနေ ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွှတ် ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုက်ရိုက်ပြင်ဆင် အမိန့်ကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ရဖူးပါသည်။

ယနေ့အချိန်အခါတွင်လည်း နိုင်ငံရေးအကျဉ်းသား အရေးသည် ကိုဇာဂနာ ပြောသလို “ကိုယ့် အိတ်ထဲက ပေးရတာ ကျနေတာပဲ အကုန်လုံး လွှတ်တော့ဘာဖြစ်လဲ” ဖြစ်နေပါသည်။ တကယ်တော့ ဦးသိန်းစိန် အစိုးရလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လိုများ နိုင်ငံရေး အကျဉ်းသားများကို ဓားစာခံအဖြစ် လုပ်နေပြီလားဟု သံသယ ဝင်ခဲ့မိပါသည်။

စာရေးသူ လေ့လာကြားသိရသော အတည်ပြုဆဲသတင်းများကို ထောက်လှမ်းရေးမှန်းခြေ ဆွဲကြည့်ပြီး စာဖတ်သူ များကို တင်ပြ လိုပါသည်။

ထောက်လှမ်းရေးသတင်း ဆိုသည့် အဓိပ္ပာယ်ကို ဦးစွာရှင်းပြပါမည်။ သတင်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျသည် ဖြစ်စေ မတိကျသည်ဖြစ်စေ ခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ သတင်းဖြစ်ပါသည်။ ဤသတင်းကိုမှ အခြေအမြစ် ပေါင်းစုံမှ အချက်အလက် ပေါင်းစုံ စုစည်းပြီး အကဲဖြတ် အနက်ကောက် သတင်း တည်ဆောက်ပြီး သတင်း အဆင့် သတ်မှတ်ရပါသည်။ သတင်း အဆင့် သတ်မှတ်ရာမှာလည်း သတင်းဖြစ်ပေါ်ရာ အခြေအမြစ် နှင့် သတင်း၏ အမှားအမှန်ကို လေ့လာ သုံးသပ်ပြီးမှ အသုံးပြုနိုင်သည့် သတင်းတခု ဖြစ်လာသည်။

စာရေးသူရရှိသည့် အတည်ပြုဆဲသတင်းတွေ အရ သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ကို လုပ်မှ ဖြစ်မည်ဟု သဘောထား ရှိထားသူ တဦး ဖြစ်သည်။ သို့သော် တချိန်တည်းမှာလည်း စစ်အစိုးရ ကာလ ဆရာသမားကြီးများ နှင့် လုပ်ဖော် ကိုင်ဖက် များကို အကာကွယ် ပေးရမည် ဆိုသော စိတ်သဘောထားရှိ နေပါသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင်လည်း ဒေါ်အောင် ဆန်းစုကြည် နှင့် ပူးပေါင်းရေး နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး တို့သည် ပြည်တွင်းပြည်ပ မြန်မာ့အရေး စိတ်ဝင်စားသူများ၏ တောင်းဆိုချက်များ ဖြစ်၍ လိုက်လျောရမည်ကို နားလည်သကဲ့သို့ ၄င်း ဘက်တွင်လည်း စစ်အစိုးရကာလ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများ အပေါ် ကုလသမဂ္ဂမှ Commission of Inquiry မဖွဲ့ရေး၊ နောက်ကြောင်းပြန် အရေး မယူရေးတို့ အပေါ် ဘယ်သူ အာမခံချက်ပေးမည်လဲ ဆိုသည်များအတွက် ခေါင်းခဲနေရသည့် အချက် တချက်ရှိပါသည်။

ထို ကိစ္စများနှင့် ဆက်စပ်၍ တိုင်းရင်သားများနှင့် ငြိမ်းချမ်းရေး ရယူရန်လည်း လိုနေပါသည်။ အားလုံးကို ခြုံသုံးသပ်ရလျှင် ဂုဏ် သိက္ခာရှိသည့် အစိုးရဖြစ်ရန် ပြုပြင် ပြောင်းလဲမှုပြုလုပ်ရေး မဟာဗျူဟာတခု ချဆောင်ရွက်နေသည်ဟု ပြောရမည် ဖြစ်သည်။

ပထမဦးဆုံး အကြံပေးအဖွဲ့များကို ယခင်ခေတ်ကာလများနှင့်မတူ အစိုးရ၏ ရှေ့တန်းတိုက်စစ်မှူးများအဖြစ် အသုံးပြု လာသည်ကို တွေ့ရပါသည်။ ထိုအထဲတွင် ဒီမိုကရေစီ ခေါင်းဆောင်နှင့် ရင်းနှီးသူကို ထည့်သွင်း ဖွဲ့စည်းပြီး ချဉ်းကပ်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

အဆိုပါပုဂ္ဂိုလ်မှတဆင့် နိုင်ငံတကာအရေးကိစ္စများနှင့်ပတ်သက်သည့် နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ လာရောက်ခြင်း ကိစ္စ၊ ဥရောပ နိုင်ငံတချို့မှ အကူအညီ ပေးရေး ကိစ္စ၊ အာဆီယံ ကိစ္စများ ပူးပေါင်း ဆောင်ရွက်ရေး ကမ်းလှမ်းမှုများ ရှိခဲ့သည်။

၎င်းနောက် ဝန်ကြီးဦးအောင်ကြည်နှင့်တွေ့ဆုံခဲ့ပြီးနောက် မကြာမီ သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည့် အခြေ အနေထိ ရောက်ခဲ့ပါသည်။

သမ္မတဘက်မှ NLD ပါတီမှတ်ပုံတင်ပြီး လွှတ်တော်အတွင်း နိုင်ငံရေးလုပ်စေလိုပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လေးစားစေ လိုသည့် သဘောထား ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး ၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ နှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ကိစ္စများ ထောက်ပြမှုများ ရှိနေပါသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းကိစ္စကတော့ မမျော်လင့်ဘဲပေါ်လာသောပြဿနာ တခု ဖြစ်ပါသည်။ သမ္မတ အနေဖြင့် အဆိုပါ အခွင့်အရေး ကို အသုံးပြု၍ ပြည်တွင်းပြည်ပမှ ၄င်း၏ လုပ်ဆောင်ချက်အပေါ် ထောက်ခံမှု အများကြီး ရယူ သွားခဲ့ပါသည်။ ဆက်လက်၍ အကျဉ်း သား ၆၀၀၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့ပါသည်။

သို့သော် နိုင်ငံရေးအရ အဖမ်းခံထားရသူ (၂၀၀) ခန့်ကိုသာလွှတ်ပေးခဲ့ရာ ထင်ရှားသော အနုပညာသမား ကိုဇာဂနာ နှင့် ကျန်းမာရေး မကောင်းသူ ဗိုလ်ချုပ်ဆေထင် ကိုသာ လွှတ်ပေးခဲ့ပါသည်။ တကယ့် နိုင်ငံရေးသမား ကျောင်းသား ခေါင်းဆောင်များကို ဆက်လက် ဖမ်းထားခဲ့သည်။ ဓားစာခံများ အဖြစ် ဖမ်းဆီးထား သကဲ့သို့ ဖြစ်နေပါသည်။

စာရေးသူ လေ့လာသိရှိ ရသလောက်ကတော့ သမ္မတ ဦးသိန်းစိန် NLD ထံမှ တစ်စုံတစ်ခုပြန်လည် မျှော်လင့်နေသည်ဟု သိရပါသည်။

NLD အနေဖြင့် ဆိုမာလီ ပင်လယ်ဓားမြများနှင့်တူသည့် အစိုးရဆီက ဓားစာခံ နိုင်ငံရေး အကျဉ်းသား အားလုံးကို အဖိုးအခ မည်မျှပေး၍ ရွေးရမည်လည်းကို စောင့်ကြည့် ရပါဦးတော့မည်။

စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ စစ်အစိုးရတဖြစ်လဲ အရပ်သား အစိုး ရ နှင့် နိုင်ငံရေး ကစားပွဲများတွင် မခံရ စေရေး နည်းပရိယယ် ကြွယ်ဝစွာဖြင့် သတင်း လက်ဦးမှုရယူပြီး တန်ပြန် ထိုးစစ်ဆင်နွှဲ သွားနိုင်ပါမှ တော်ယုံကျမည် ဖြစ်ပါသည်။ တပ်မတော် နှင့် အစိုးရ အဖွဲ့အတွင်း ပြုပြင် ပြောင်းလဲရေး လုပ်လိုသူများ အင်အား ကြီးထွားလာရန် လုပ်ပေးနိုင်မှ စစ်ကျွန် ဘဝမှ လွတ်မြောက်မှာ ဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်းသား ဓားစာခံများ အမြန် လွတ်မြောက်ပါစေဟု ဆန္ဒပြုလျက်။ ။

(စာရေးသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ ခဲ့သည်။)

Ref: ဧရာဝတီ

0 comments:

အပေါ်သို့