Thursday, October 27, 2011

ပြောင်းလဲမှု မလုံလောက်ဟု ပြည်ပရောက် အတိုက်အခံ ပြောဆို

October 26, 2011

အာဆီယံဥက္ကဋ္ဌ တာဝန် မြန်မာပြည် လက်ခံမရယူမီ မြန်မာအစိုးရ အနေဖြင့် ပြုလုပ်ရမည့် ပြုပြင် ပြောင်းလဲမှုများ လုံလောက် ခြင်း မရှိသေးကြောင်းပြည်ပရောက် မြန်မာအတိုက်အခံများက ပြောသည်။

အာဆီယံအသင်းတွင် ၂၀၀၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူရမည့် အခွင့်အရေးကို မြန်မာနိုင်ငံက စွန့်လွှတ်ခဲ့ပြီးနောက် လာမည့် ၂၀၁၄ နှစ်တွင် ထပ်မံရရှိမည့် အလှည့်ကျ ဥက္ကဋ္ဌရာထူး အတွက် မြန်မာအစိုးရက ကြိုးပမ်းလျက်ရှိသည်။

နိုဝင်ဘာ ၁၇ အာဆီယံညီလာခံ မတိုင်မီ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှား၏ နိုင်ငံခြားဝန်ကြီးက မြန်မာနိုင်ငံသို့ သွားရောက်ပြီး မြန်မာပြည်နှင့် အလှည့်ကျ ဥက္ကဋ္ဌရာထူး ကိစ္စကို ဆွေးနွေးမည်ဟု သိရသည်။


မြန်မာအစိုးရက ပြုလုပ်ရမည့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စတွင် အောက်တိုဘာ ၁၃ ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာချက်အရ ပြန်လည် လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၃၇ ဦးသာ ပါဝင်သည်ဟု ထိုင်း အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထောက်ပြထားသည်။

“ဆက်ပြီး ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၇၀၀ ထက်မနည်း ကျန်နေပါသေးတယ်” ဟု ထိုင်းအခြေစိုက် အတိုက် အခံတဦးဖြစ်သူ ကိုစိုးအောင်က ယနေ့ နံနက်က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းတွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောလိုက်သည်။

ဆက်လက် အကျဉ်းကျနေသူများထဲတွင် ယခင် ၀န်ကြီးချုပ်တာဝန် ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၊ ၈၈မျိုးဆက် ကျောင်း သား ခေါင်းဆောင်များ ပါဝင်သည်။

ထို့ပြင် ၂၀၀၇ သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရလည်း ပါဝင်သည်။ AAPP အသင်း တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် ၏ အဆိုအရ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် သံဃာ ၉၁ ပါး ဆက်လက် အထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု သိရသည်။

“ဒီသံဃာတွေဟာ ထောင်ထဲမှာလည်း ရှိနိုင်သလို တိုင်းရင်းသားဒေသ ရှေ့တန်း စစ်မြေမြင်မှာ ပေါ်တာ အထမ်းသမားအဖြစ် အခိုင်း ခံနေရတာလည်း ဖြစ်နိုင်တယ်၊ ကျနော်တို့ အတိအကျ မသိနိုင်ဘူး” ဟု ကိုဘိုကြည်က ပြောသည်။

အာဆီယံဥက္ကဋ္ဌ တာဝန် ယူလိုပါက နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမည်ဟု ၎င်းတို့က ဆိုသည်။

စက်တင်ဘာတွင် မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းများ ဆိုင်းငံ့ခြင်း နှင့် လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ အောက်တို ဘာတွင် နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော် လွှတ်ပေးခြင်း စသည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့သည်။ နိုဝင်ဘာ ၁၇ အာဆီယံညီလာခံ မတိုင်မီ နိုင်ငံရေး အကျဉ်းသားတချို့ ထပ်မံ လွတ်မြောက်လာဖွယ်ရှိသည် ဟူသော ကောလာဟလများ လည်း ထွက်နေသည်။

ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားသည် ဆိုသော်လည်း ထိုဒေသအခြေစိုက် KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော် နှင့် အစိုးရတပ်များ၏ တိုက်ပွဲများက ရပ်ဆိုင်းသွားခြင်း မရှိသေးပေ။ KIA နှင့် အစိုးရသည် ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲရေး သဘော တူခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လတွင် ထိုသဘောတူညီချက် ပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌ တာဝန် ပေးသင့်မသင့် စဉ်းစားရာတွင် အနောက်နိုင်ငံတို့က မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဒဏ်ခတ် ပိတ်ဆို့မှု ရုပ်သိမ်းသင့်မသင့် စဉ်းစားဆုံးဖြတ်စဉ်က အသုံးပြုခဲ့သည့် စည်းကမ်း သတ်မှတ်ချက်များ အတိုင်း ကျင့်သုံး သင့်သည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားသူများက ပြောဆိုနေကြသည်။

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရန် အချိန် မတန်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု Wall Street Journal တွင် အောက်တိုဘာ ၂၅ ရက်နေ့က ရေးသားထားသည်။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစားရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်မည်ဟု သိရသည်။

မြန်မာပြည် ပြုပြင် ပြောင်းလဲရေးအတွက် ကာလကြာရှည်စွာ တောင်းဆိုလျက်ရှိသည့် ထိုင်းနိုင်ငံရေးသမား Mr. Kraisak Choonhavan က ထိုင်းနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူများ ယခင်ကထက် ပိုပြီး တက်တက် ကြွကြွ လုပ်ဆောင်ရန် လိုအပ် သည်ဟု တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုတချို့ကို သတိဖြင့် ကြိုဆို တုံ့ပြန် ရမည်ဟု သူက ပြောသည်။

ပြည်ပရောက် မြန်မာအတိုက်အခံတို့ကလည်း မြန်မာအစိုးရ၏ အကျဉ်းသား လွှတ်ပေးပြီး နိုင်ငံတကာ ဖိအား လျော့ကျရေး ဆောင် ရွက်နေခြင်းနှင့်ပတ်သက်ပြီး သံသယ၀င်နေကြသည်။ မြန်မာအစိုးရက အာဆီယံဥက္ကဋ္ဌရာထူးကို ၂၀၁၄ ခုနှစ်တွင် ထမ်း ဆောင်လိုကြောင်း အဘယ့်ကြောင့် အသည်းအသန် ကြိုးပမ်းနေရသနည်းဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ မခင်ဥမ္မာက မေးခွန်းထုတ်လိုက်သည်။

“အလှည့်ကျဥက္ကဋ္ဌရာထူးက ၂၀၁၆ ခုနှစ်မှာ ရောက်လာမှာပဲ။ ပြီးတော့ ၂၀၁၅ မှာလည်း ရွေးကောက်ပွဲ လုပ်ရဦးမယ်။ ဘာ ကြောင့် အလျင်စလိုဖြစ်နေရတာလဲ။ ရွေးကောက်ပွဲ လွတ်လပ်သလား တရားမျှတသလား ဆိုတာကို အရင်ဆုံး စောင့်မကြည့် တော့ဘူးလား” ဟု မခင်ဥမ္မာက ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့