Monday, October 24, 2011

အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ


လူထုစိန်ဝင်း

Sunday, 23 October 2011

မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက် မလာဘဲ နောက်ကျန် နေရစ်တာဟာ ကိုးကွယ်တဲ့ ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့ မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာ တွေနဲ့ တွေ့တဲ့အခါတိုင်း အမေးခံရလေ့ ရှိတယ်။

ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ

မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံ အလျောက် ဖြစ်ရတယ်လို့ ဆိုတဲ့အတွက် ကြိုးစား သင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ် နေကြတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ဘာမှ မဆိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ 'ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်နှိုက်' ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီ လှတဲ့ လူ့လောကရဲ့ လောကီ ကိစ္စတွေထဲ ပါဝင် စွက်ဖက်ခြင်း လုံးဝမရှိတဲ့ ဘာသာဖြစ်တယ်။ ကလေး မွေးဖွားတဲ့ ကိစ္စမှာ မပါသလို၊ မင်္ဂလာဆောင် ကိစ္စမှာလည်း ၀င်မပါဘူး။ ကွာရှင်းပြတ်စဲ ကိစ္စမှာလည်း ၀င်မပါဘူး။ လူသေတဲ့အခါ ဘုန်းကြီး ပင့်ပြီး 'သရဏဂုံ' တင်ကြတာလည်း ဗုဒ္ဓဘာသာက သတ်မှတ်ထားတာ မဟုတ်ဘူး။ လူတွေက ဆန္ဒရှိကြလို့ လိုက်လုပ်ပေးတာသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာက သေမှ သရဏဂုံ တင်ခိုင်းတာ မဟုတ်ဘူး။ အသက်ရှင် နေသမျှ ကာလပတ်လုံး၊ အခါမလပ် သရဏဂုံသုံးပါး ဆောက်တည်နေဖို့သာ ဆုံးမတာဖြစ်တယ်။ တင်လို့ ဘာမှမထူးသလို မတင်လို့လည်း ဘာမှမဖြစ်ဘူး။

အမျိုးသမီးတွေ ဓားဆွဲထကြ

သည်းခံစိတ်ရှိတယ်ဆိုတဲ့ကိစ္စမှာလည်း အများထင်ကြသလို တခြားလူမျိုး တွေထက် ထူးထူးခြားခြားကြီး ပိုနေတယ်လို့ မထင်ပါဘူး။ တခြားလူတွေရဲ့သည်းခံနိုင်မှုမှာ အတိုင်းအတာ ရှိသလို မြန်မာလူမျိုးတွေမှာလည်း အတိုင်းအတာ ရှိတာပါပဲ။ သည်းခံနိုင်မှုရဲ့ အမြင့်ဆုံး အတိုင်းအတာက ကျော်လွန်သွားပြီ ဆိုရင်တော့ အမျိုးသမီးတွေတောင် ဓားဆွဲပြီး ထတတ်ကြတယ်။ နယ်ချဲ့စစ်တပ်တွေ မန္တလေးကို သိမ်းပြီးနောက် အညာကျေးလက် ဒေသတွေကို ငြိမ်ဝပ် ပိပြားရေး အတွက်ဆိုပြီး ခုခံ တိုက်ခိုက်သူရှိတဲ့ ကျေးရွာ မှန်သမျှ မြေလှန်မီးရှို့ လုပ်တဲ့အခါမှာ အမျိုးသမီးတွေ ဓားဆွဲပြီး ကုလားဖြူတွေကို ၀င်ခုတ်ပြီး ခုခံ တိုက်ခိုက်ခဲ့ကြတယ်။

အထူးအဆန်းမဟုတ်

ဆရာစံရဲ့ တောင်သူလယ်သမား သူပုန်ထမှုကြီးမှာလည်း အမျိုးသမီးတွေရော ၀င်ရောက် တိုက်ခိုက်ကြတယ်။ ရေနံမြေ အလုပ်သမား သပိတ်ကြီးမှာလည်း အလားတူ ပါဝင်ကြတယ်။ ဂျပန်ခေတ် ရောက်တော့လည်း ပါးရိုက် နားရိုက် အနိုင်ကျင့်မှုတွေ လွန်လွန်း လာတဲ့အခါရောက်တော့ သည်းခံနိုင်မှု ဂိတ်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး အမျိုးသား၊ အမျိုးသမီး၊ ရဟန်းရှင်လူ မှန်သမျှ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ရရာလက်နက် စွဲကိုင်ပြီး အုံကြွ တော်လှန်ခဲ့ကြတယ်၊ ဒါအထူးအဆန်းတော့ ဟုတ်မထင်ဘူး။ တခြား လူမျိုးတွေလည်း ဒီလိုပဲရှိမှာ သေချာတယ်။

ဒုက္ကရစရိယာခြောက်နှစ်ကြာ

နောက်ပြီးတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က ရောင့်ရဲတင်းတိမ် မနေဘဲ အချိန်ရှိသမျှ ကြိုးပမ်း အားထုတ်ဖို့ အမြဲ ဟောပြော ဆုံးမနေခဲ့တယ်။ ဘယ်သူမဆို ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်လို့ လမ်းညွှန်ခဲ့တယ်။ ကိုယ်တော် တိုင်လည်း ကပ်ကမ္ဘာပေါင်း အသင်္ချေနဲ့ အနန္တ ကြိုးစား အားထုတ်ခဲ့ရပြီး နောက်ဆုံး ဘ၀မှာတောင် ပင်ပန်းကြီးစွာနဲ့ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်ကြံ ခဲ့ရတယ်။ တခြားဘာသာများမှာက ဘုရားသခင် ဆိုတာ ဘယ်က လာတယ်၊ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဘယ်လောက် ဆင်းရဲ ပင်ပန်းခံပြီး ကျင့်ကြံ အားထုတ်လဲ ဘယ်သူမှ ဘုရားမဖြစ်နိုင်ဘူး။ ကြိုးစား အားထုတ်ရင် ဘုရား ဖြစ်နိုင်တယ် ဆိုတာ ဗုဒ္ဓဘာသာ တစ်ခုပဲရှိတယ်။

ထိုးတော့မယ့်ဆင်

ဗုဒ္ဓဘာသာက မှန်တယ်၊ ကောင်းတယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကြောင့် လူတွေ သည်းခံ ရောင့်ရဲပြီး လည်းစင်း ခေါင်းငုံ့ ခံနေကြတာ မဟုတ်တဲ့ အကြောင်း ပြောချင်တာပါ။ ငြိမ်နေတိုင်း ဘာမှ မလုပ်ဘူးလို့တော့ မထင်နဲ့။ ပင်လယ်ပြင်မှာ လေလုံးဝ မတိုက်ဘဲ ငြိမ်သက်နေရင် သိပ်ကြောက်ဖို့ ကောင်းတယ်။ မကြာခင်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြီး လာတော့မယ် ဆိုတဲ့ နိမိတ် လက္ခဏာပဲ။ ထိုးတော့မယ့် ဆင်ဟာလည်း နောက်တစ်လှမ်း ဆုတ်ပြီး ငြိမ်နေလေ့ ရှိတယ်။ ဗုဒ္ဓဘာသာ အကြောင်း၊ မြန်မာလူမျိုးများ အကြောင်း သေသေချာချာ မသိတဲ့ နိုင်ငံခြားသားများက ဘာသာတရားကြောင့် မြန်မာတွေ ဒီဘ၀က မကျွတ် မလွတ်သေးတာလို့ ပြောတာကို နားလည် သည်းခံ နိုင်ပါတယ်။ မြန်မာ လူမျိုးတွေ ကိုယ်တိုင်က သံယောင် လိုက်ပြောတာမျိုးကိုတော့ နည်းနည်းမှ သည်းမခံနိုင်ဘူး။ အားကြီး စိတ်ဆိုးတယ်။

လက်ချိုးရေတွက်ကြည့်ပါ

စီးပွားရေးမဖွံ့ဖြိုးတာလည်း လူတွေက ရောင့်ရဲ တင်းတိမ်နေလို့ မဟုတ်သလို၊ ပျင်းလို့ ဖျင်းလို့လည်း မဟုတ်ပါဘူး။ နှစ်ကာလတွေကို လက်ချိုး ရေတွက် ကြည့်လိုက်ပါ။ လွတ်လပ်ရေး ရပြီးတာ ၆၃ နှစ်ရှိပြီ ဆိုပေမယ့် တကယ်တမ်း လွတ်လွတ် လပ်လပ် စီးပွားရေး လုပ်ခွင့်ရှိတာ ဘယ်နှနှစ်ရှိလို့လဲ။ ၁၉၄၈ခုနှစ်က ၁၉၆၂ ခုနှစ်တွင်း ၁၄ နှစ် လုပ်ခဲ့ရတယ်။ ရန်ကုန် အစိုးရ ခေတ်လို အချိန်ကာလတွေ ကြုံတွေ့ ခဲ့ရတာတောင် အများကြီး တိုးတက်ခဲ့တယ်။ အဲဒီခေတ်က 'တက်ထရွန်' ဆိုတဲ့ ပိတ်စချောချော ဖြူဖြူ ထုတ်လုပ်နိုင်တာ အာရှတိုက် တစ်ခုလုံးမှာ ဂျပန်ပြီးရင် မြန်မာပဲရှိတယ်။ အဲဒီနောက် 'ဒက်ကရွန်' တို့ 'နိုင်လွန်' တို့လည်း ထုတ်နိုင်တယ်။

တွေ့သမျှပြည်သူပိုင်သိမ်း

စီးကရက်မှာတော့ အာရှတစ်ခွင်လုံးမှာ မြန်မာကို ဘယ်သူမှ မမီဘူး။ ဂျပန်လည်း မမီဘူး။ ဘားမား စတိတ်၊ ကပ္ပီတန်၊ လန်ဒန်ရိုး ဖလိတ်၊ ဘလက်ကက် ဆိုတဲ့ စီးကရက် တံဆိပ်တွေကို အိမ်နီးချင်း နိုင်ငံ အားလုံးဆီ တင်ပို့ ရောင်းချရတယ်။ အဲဒီအချိန်က စက်မှု လုပ်ငန်းအများကြီး တိုးတက်ခဲ့တယ်။ နောက်တော့ မြန်မာ့ ဆိုရှယ်လစ်ဆိုတဲ့ ခေတ်ရောက်သွားပြီး၊ ရပ်ကွက်ထဲက ကုန်ခြောက် ဆိုင်ကလေးတောင် အရင်းရှင်လို့ သတ်မှတ် လိုက်တယ်။ တွေ့သမျှ မြင်သမျှ ပြည်သူပိုင် သိမ်းပစ် လိုက်တယ်။ စာသင် ကျောင်းတွေတောင် မချန်ဘူး။ ငါးဆယ်ခုနစ်များ အတွင်း အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အားလုံး ပြိုလဲ ကျဆင်း သွားခဲ့ရတယ်။

စီးပွားရေး

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေး စနစ်ကို ပြန်လည် အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ အဓိကကျတဲ့ နိုင်ငံရေး စနစ်က စစ်တပ် အုပ်စိုးတဲ့ အာဏာရှင် စနစ် ဆိုတော့ စနစ်နှစ်ခု သဟဇာတ မဖြစ်တဲ့အတွက် အောင်မြင် သင့်သလောက် မအောင်မြင်ခဲ့ဘူး။ အာဏာရှင် စနစ်များနဲ့ ဖွားဖက်တော်လို အမြဲ တွဲပါလာတတ်တဲ့ 'ကပ်ပါးကောင်' လူတန်းစားသစ် တစ်မျိုးကြောင့်၊ ဈေးကွက် စီးပွားရေးဟာ မျက်စိကြီး၊ နားကြီးတို့ရဲ့ 'ဇီးကွက်စီးပွားရေး' ဖြစ်သွားခဲ့ရတယ်။ အကျိုးဆက်က ချမ်းသာ ဆင်းရဲကွာဟမှု အလွန့်အလွန် ကြီးမားသွားပြီး မြန်မာ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ 'ကျောရိုး' ဖြစ်တဲ့ 'လူလတ်တန်းစား' လုံးဝ ကွယ်ပျောက် သွားတယ်။

မရှိမရှားဘဲ

မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါကမှ အိမ်နီးချင်းနိုင်ငံတွေမှာလို ငတ်သေလောက်အောင် ဆင်းရဲ မွဲတေတဲ့ လူတန်းစား မရှိခဲ့ဘူး။ အလားတူပဲ သူတို့ဆီမှာလို 'ဘီလျံနာ' သူဌေးတွေလည်း မရှိဘူး။ လူလတ်တန်း စားတိုင်း ပြည်ဖြစ်တယ်။ အားလုံး 'မရှိမရှား' ဘဲ။ အခုတော့ တစ်ပါတီတစ်ဖွဲ့ အာဏာရှင် စနစ်နေရာမှာ ဒီမိုကရေစီ အစိုးရမျိုးနဲ့ အစားထိုးဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်။ အာဏာရှင် စနစ်ကို စွန့်လွှတ်လိုက်သလို 'ကပ်ပါးကောင်' တွေကိုပါ တစ်ပါတည်း ဖယ်ရှား ရှင်းလင်းပစ်ဖို့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုတယ်။ ဒါမှ ဈေးကွက် စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက် လာနိုင်လိမ့်မယ်။ ကပ်ပါး ကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များ အများအပြား ပေါ်ထွက်လာအောင် တွန်းအား ပေးရမယ်။

ချုပ်ကိုင်ခဲ့တယ်

မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်က ဆိုရှယ်လစ် 'ဒီရေမြင့်ချိန်' ဖြစ်တယ်။ ဖဆပလ အစိုးရကလည်း ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်လို့ ကြွေးကြော်ခဲ့တယ်။ လယ်ပိုင်ရှင် ကလေးတွေနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်လေးတွေကို မြေရှင် ယာရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေ အဖြစ်သတ်မှတ်ပြီး လုပ်စားကိုင်စားခွင့်တွေကို ချုပ်ကိုင်ခဲ့တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့ ဆိုရှယ်လစ် အစိုးရလက်ထက် ရောက်တော့ ချုပ်ကိုင်ရုံ မကတော့ဘဲ လုံးဝ နှိပ်ကွပ် ပစ်လိုက်တယ်။ ကွမ်းယာ ဆိုင်ကအစ ပြည်သူပိုင် သိမ်းလိုက်တယ်။ တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက်လုံးဝ ကွယ်ပျောက် သွားခဲ့တယ်။

ကူညီထောက်ပံ့ပေး

၁၉၈၈ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကူးပြောင်းခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက် ကွယ်ပျောက်ခဲ့ပြီ ဆိုတော့ အင်တိုက် အားတိုက် ပါဝင်လာမယ့်သူ မရှိတော့ဘူး။ အဲဒီနေရာမှာ 'ကပ်ပါးကောင်' တွေ ပေါ်ထွက်လာပြီး ရသမျှ လက်ဝါးကြီး အုပ်ကြတယ်။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ အခါမှာ နိုင်ငံရေး စနစ်နဲ့ စီးပွားရေးစနစ် သဟဇာတ ဖြစ်ဖို့လိုတယ်။ နိုင်ငံသား အားလုံး အားတက်သရော ပါဝင်လာဖို့ လည်း မရှိမဖြစ် လိုအပ်တယ်။ အထူး သဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်တွေ ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လာဖို့ လိုတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံခြားသား တွေနဲ့ ယှဉ်ပြိုင် နိုင်အောင် အစိုးရက ကူညီ ထောက်ပံ့မှု တွေ ပေးရမယ်။ အရေးကြုံတဲ့ အခါ တိုင်းရင်းသား လုပ်ငန်းရှင်က သာ အားကိုးရမှာ ဖြစ်တယ်။ နိုင်ငံခြားသား ဆိုတာကတော့ သာတုန်း နားပြီး မသာရင် ခွာသွားကြတာပဲ။

အရင်းရှင်အရင်ရှင်း

တိုင်းရင်းသားလုပ်ငန်းရှင်တွေ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ် လုပ်နိုင်ကိုင်နိုင်ဖို့၊ အစိုးရ ဘက်တွေက ငွေလုံးငွေရင်း ထုတ်ချေးမှု မျိုးတွေ လုပ်ပေးဖို့လိုတယ်။ လုပ်သာ ကိုင်သာဖြစ်အောင် အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည် ချေးငွေမျိုး ဖြစ်ဖို့ လည်းလိုတယ်။ တကယ် အလုပ်လုပ်တဲ့ အခါ ငါးနှစ်၊ ခြောက်နှစ် အတွင်း အပြီးဆပ် ဆိုတာမျိုးနဲ့ ဘယ်လိုမှ လုပ်လို့ မဖြစ်နိုင်ဘူး။ အရေးကြီးတာက တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ရှေးယခင် မြန်မာ့ဆိုရှယ်လစ် ခေတ်ကလို အရင်းရှင်ကြီးတွေလို မြင်ပြီး 'အရင်ရှင်း' မပစ်ဖို့ ဖြစ်တယ်။ 'အရင်ရှင်း' ပစ်ရမှာက တိုင်းရင်းသား အရင်းရှင် မဟုတ်ဘဲ 'ကပ်ပါးကောင်' ဇီးကွက် စီးပွားရေး သမားတွေသာ ဖြစ်ပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့