အောက်တိုဘာ ၂၃၊ ၂၀၁၁
“အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေဆိုရင် ကျနော် အပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉ ဒဿမ ၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံကြွမှု လုံးဝ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားပြီးသား။ အဲဒီအချိန်မှာ ထ ဖြစ်တယ်” လစ်ဗျားနိုင်ငံ အာဏာရှင်ခေါင်းဆောင် Moammar Gadhafi အောက်တိုဘာလ ၂၀ ရက်နေ့ကပဲ လက်နက်ကိုင် အုံကြွတော်လှန်သူများရဲ့  လက်ချက်နဲ့ ဇာတ်သိမ်းသွားခဲ့ပါတယ်။ အာရပ်တော်လှန်ရေး လှိုင်းတံပိုးနဲ့အတူ တူနီးရှား၊ အီဂျစ် ခေါင်းဆောင်တွေ ပြုတ်ကျခဲ့ပြီး အခု ကဒါဖီရဲ့  အဖြစ်ကတော့ အဆိုးဆုံးပါ။ အာရှတိုက်က မြန်မာနိုင်ငံမှာလည်း လူထုအုံကြွမှုတွေ ဖြစ်လာမလားလို့ မျှော်လင့်ပြီး အာဏာပိုင်တွေကို ဖြုတ်ချနိုင်ဖို့ စိတ်ကူးယဉ်နေသူတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေ တူနိုင်မလားဆိုတာကို ဗြိတိန်နိုင်ငံ မဟာဗျူဟာ လေ့လာရေးဌာနက မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ဒေါက်တာဇာနည် ကို ကျနော် ဆက်သွယ် မေးမြန်းထားပါတယ်။
ကိုဇာနည် ။ ။ နံပတ်တစ် သင်ခန်းစာကတော့ ပြည်သူ့ရဲ့  ထောက်ခံမှု၊ ပြည်သူ့ရဲ့  ကြည်ညိုမှု၊ လေးစားမှု မရှိဘဲနဲ့။ ဆိုလိုတာ ကတော့ ပြည်သူ့မေတ္တာ ခံယူမှု မရှိဘဲနဲ့ အာဏာ ယူထားတဲ့ ခေါင်းဆောင်တွေ ဗမာပြည်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံမှာပဲ ဖြစ်ဖြစ် သူတို့မှာ ကြောက်လန့်၊ ကျီးလန့်စာစာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ လက်နက်အင်အား တောင့်တောင့် ကျီးလန့်စာစား နေရတဲ့ ဘဝက ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ် – ဆဒမ်ဟူစိန် (Saddam Hussein) ကြိုးပေး ခံရတာကိုပဲ ကြည့်ကြည့်၊ နောက်တခါ ကဒါဖီ (Gaddafi) ခွေးသေ၊ ဝက်သေ သေတဲ့ ပုံစံမျိုးပဲ ဖြစ်ဖြစ်။ အာရှတိုက်မှာ ဆိုရင် ပတ်ချုံဟီး(Park Chung Hee) ဆိုရင် ၁၉၇၀ ပတ်ဝန်းကျင်မှာ ညစာ ထမင်းစားပွဲမှာ သူ အသတ်ခံရတယ်။ ဆူဟာတို (Suharto) ဆိုရင်လည်း အကျယ်ချုပ် ခံရတယ်။ ပြည်သူ့မေတ္တာ ခံယူမှု မရှိတဲ့ ခေါင်းဆောင်တွေကတော့ အထူးသဖြင့်တော့ ကျီးလန့်စာစား နေရတယ်လို့ မြင်မိတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု ဒီအခြေအနေမှာ စိတ်ဝင်တစားနဲ့ သုံးသပ်လာကြတာက အထူးသဖြင့် အာရပ် ဘက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေကို ကြည့်မယ် ဆိုရင် ဒါက နှစ်ပေါင်းကြာရှည် အာဏာရှင်တွေရဲ့  ဖိနှိပ်မှုအောက်မှာ နေနေရတာ ကနေ အပြောင်းအလဲ တစုံတရာကို တောင့်တ လာပြီးတော့ ဖိနှိပ်ခံရလို့ အုံကြွလာတဲ့ လူထုအနေနဲ့ အာဏာရှင်တွေကို ဖြုတ်ချ လိုက်တဲ့ အနေအထားအထိ တချို့နိုင်ငံတွေမှာ ရောက်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့  ကူညီ အားပေးမှုတွေ၊ ပြင်ပဘေး နိုင်ငံတွေရဲ့  ကူညီမှုတွေလည်း ပါကောင်း ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးတွေဟာ အာရှတိုက်၊ မြန်မာနိုင်ငံလို မြောက်ကိုရီးယား လို နိုင်ငံမျိုးတွေမှာ အလားတူ ဖြစ်လာနိုင်မယ့် အနေအထားတွေ ရှိသလား။
ကိုဇာနည် ။ ။ ကျနော် ထင်တာကတော့ လူထု ထကြွပြီးတော့ ပုန်ကန်လို့၊ လက်နက် ကိုင်တာပဲဖြစ်ဖြစ်။ အနုနည်းနဲ့ ဂန္ဒီ (Gandhi) ပုံစံမျိုး၊ မာတင်လူသာကင်း (Martin Luther King) တို့လို့ ပုံစံမျိုး၊ အနုနည်းနဲ့ အာဏာဖီဆန်ပြီး။ ကျနော်တို့ ဆီမှာလည်း ရှိပါတယ်။ ဝံသာနု ဂျီစီဘီအေ ခေတ်ထဲက စပြီး ရှိခဲ့တာ – သပိတ်မှောက်တယ် ဆိုတာ။ အဲဒီလို အနုနည်းနဲ့ ဖြစ်ဖြစ်၊ အကြမ်းဖက်နည်းနဲ့ ဖြစ်ဖြစ် အုပ်ချုပ်မှုက ယိုယွင်း ပျက်စီးပြီး၊ မတရား ပြည်သူကို ဖိနှိပ်ပြီး ပြည်သူ့ စားဝတ်နေရေး အဆင်မပြေဘူး၊ နောက် – နိုင်ငံရဲ့  ဂုတ်သွေးစုပ်တဲ့ အနေအထား ရောက်လာရင်တော့ ဒါ အမြဲတမ်း အဲဒီအခြေအနေက ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သံဃာ အရေးအခင်း ၂၀၀၇ မတိုင်ခင်လေးမှာ သြဂုတ်၊ စက်တင်ဘာလမှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြား ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း တွေနဲ့ တခြား ပုဂ္ဂိုလ်တွေ ပေါင်းပြီးတော့ ကုန်ဈေးနှုန်းတွေ ကျရေး လုပ်ခဲ့တာ ရှိတယ်။ အဲဒါပြီးတဲ့ နောက်မှာ သံဃာတော်တွေရဲ့  အရေးအခင်း ၂၀၀၇ မှာ လာတယ်။ အဲဒီတော့ အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေ ဆိုရင် ကျနော် အပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉ ဒဿမ ၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံကြွမှု လုံးဝ မဖြစ်နိုင်ဘူးလို့ သတ်မှတ် ထားပြီးသား။ အဲဒီအချိန်မှာ ထ ဖြစ်တယ် ဆိုတော့ ကျနော်တို့လည်း ရှင်းရှင်း ပြောရရင် လူထုထက် နှစ်ရက် သုံးရက် ကြိုသိတဲ့ အနေအထားက လွှဲလို့ရှိရင် တကယ်တမ်းမှာ ကျနော်တို့မှာလည်း ဒိဗ္ဗစက္ခုဉာဏ် မရှိတော့ အဲဒါကို ဖြစ်မလား မဖြစ်ဘူးလား ဆိုတာကို မပြောနိုင်ဘူး။ ဒါပေမဲ့ ဖြစ်ဖို့ အခြေအနေ ရှိလား ဆိုရင်တော့ လုံးဝ ရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းကြဖို့ အခြေ အနေတွေ စေ့ဆော်လာပြီ ဆိုရင် တချို့ ကတော့ အောက်ခြေ လူတန်းစားကနေ အုံကြွပြီးတော့ တောင်းဆိုလာတဲ့ အတွက်ကြောင့် ဖိနှိပ်တဲ့ စနစ်ကြီးတရပ် ပြိုလဲပြီး ဒီမိုကရေစီ စနစ်ကို ပြောင်းလဲသွားတယ်။ နောက်တမျိုးကတော့ ခေါင်းဆောင်တွေ ပိုင်းက သဘောပေါက် နားလည်လာပြီး လူထုတွေလည်း သိပ်မကျေနပ်ဘူး၊ အဲဒီတော့ သူတို့ကိုယ်တိုင်က ပြုပြင် ပြောင်းလဲရေးကို လိုလားပါတယ် ဆိုပြီးတော့ အထက်ပိုင်းကတော့ သဘော ပေါက်ပြီးတော့ အပြောင်းအလဲတွေ စ လုပ်လာတဲ့သဘော။ ဒီလို အတွေးအခေါ် နှစ်ရပ်။ အဲဒီလို အခြေအနေမျိုးမှာ ပညာရှင် တချို့ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင် တွေက ဗမာနိုင်ငံမှာ ပြောင်းလဲမှုကို လိုနေပါပြီ ဆိုတာကို သဘောပေါက်တဲ့ အတွက်ကြောင့် ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်နေပြီ။ အလားတူပဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေ ဘာတွေ လုပ်လာနေပြီ။ တဖြည်းဖြည်းပေါ့။ အခုအခြေအနေမျိုးမှာ လူထု ဆန္ဒပြမှုတွေ လမ်းမပေါ်ထွက် အုံကြွမှုတွေ ဖြစ်လာရင် ဒီလို ပြုပြင် ပြောင်းလဲမှုအရှိန်ကို ထိခိုက် သွားစေလိမ့်မယ်လို့တောင် တွေးခေါ်ပြီး ပြောလာကြတာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာဇာနည် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ကိုဇာနည် ။ ။ အောက်ခြေက ဆန္ဒပြတာ၊ အောက်ခြေက မကျေနပ်မှု၊ ခံစားမှုတွေနဲ့ အုံကြွလာလို့ ပြောင်းတာက တမျိုး။ နောက်တခါ အထက်ကနေ ဦးစီး ဦးဆောင်လုပ်ပြီးတော့ တိုင်းပြည်ကို ပြောင်းဖို့ လုပ်တဲ့နေရာမှာ ကျနော်ထင်တယ် idea နှစ်ခု။ အတွေးအခေါ် နှစ်ခုက တကယ်တမ်းကျတော့ အဲဒီ နှစ်ခုကို ခွဲဖို့ ဆိုတာ ရေကို ဓါးနဲ့ ခုတ်သလိုပဲ။ အဲဒီ နှစ်ခုက လုံးဝ ဆက်နွယ် နေတယ်။ ကျနော်တို့ နိုင်ငံ အနေအထားမှာ ကြည့်လိုက်လို့ရှိရင် အခုပြောနေတဲ့ သမ္မတ သိန်းစိန်တို့၊ သူ့အနားမှာ ရှိတဲ့ သူရရွှေမန်းတို့ တခြားလူတွေ အကုန်လုံးက ထိပ်ပိုင်းကနေ သမ္မတရဲ့  အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေ ပြောတာကိုလည်း နားထောင်ကြည့်လိုက်ပါ။ နေဇင်လတ်၊ ဦးကိုကိုလှိုင် တို့ပြောတာကို နားထောင်ကြည့်လိုက်ရင် ကျနော်တို့ နိုင်ငံက သူများနိုင်ငံတွေနဲ့ မတူတာက ဘာလဲဆိုတော့ လူကြီးတွေ ကိုယ်တိုင်က တိုင်းပြည်ကို ကောင်းလာအောင် ပြောင်းနေပါတယ် ဆိုတာ တကယ်တမ်းက အဲဒါက မှားတယ်။ အတိအကျ မမှန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဒီလူကြီးတွေက တိုင်းပြည်မှာ အာဏာ ယူထားတဲ့ ပုဂ္ဂိုလ်တွေက ထိပ်ကနေ ပြောင်းဖို့ လုပ်နေတယ် ဆိုတာ တကယ်တမ်း အောက်ကနေ တက်လာတဲ့ ဖိအား၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့  စားဝတ်နေရေး၊ နိုင်ငံရေး မကျေနပ်မှုတွေ ဒါတွေ အဲဒီ ဖိအားတွေကို ပြည်တွင်း ဖိအားတွေကို တုံ့ပြန်တာ ဖြစ်တယ်။ အဲဒါမျိုးတော့ ကျနော်တို့က Georgetown က David Steinberg တို့ဘာတို့ ပြောတဲ့ဟာမျိုးကို မှန်တယ်လို့ ပြောလို့ မရဘူး။ ကျနော့်အနေနဲ့ လုံးဝ လက်မခံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အောက်ကလာတဲ့ ဖိအားနဲ့ အထက်ကနေ တုံ့ပြန်မှု အဲဒီနှစ်ခုက အမြဲတမ်း ဆက်နွယ်နေတယ်။ အဲဒါကို ကျနော်တို့ ခွဲကြည့်လိုက်ပြီးတဲ့ အခါကျတော့ အထက်ကလူတွေ လုပ်နေလို့ အောက်ကလူတွေ ခေါင်းလေးငုံ့ပြီး နောက်ကနေပြီး ဘယ်လိုပြောမလဲ ရှေ့ ကနွား သွားတာကို နောက်က ဖြောင့်ဖြောင့်လိုက်ပါ ဆိုတဲ့ ဗမာရှေးထုံး ပုံစံနဲ့ လုပ်ရင် မှားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီ ဖြစ်တယ် ဆိုတာ ပြည်သူက ကိုယ့်အား ကိုယ်ကိုး ကိုယ့်အမြင်နဲ့ ကိုယ့်ရဲ့  ဂုဏ်သိက္ခာနဲ့ ကိုယ့်ရဲ့  idea နဲ့ ငါတို့က လူသား အစစ်အမှန် ဖြစ်တဲ့ လူစိတ်နဲ့ သွားနေတဲ့အခါမှာ ရှေးတုန်းက ပြောသလို အစိုးရဆိုတာ ဘဝရှင် မင်းတရားကြီးက တိုင်းသူပြည်သားတွေ အားလုံး၊ ပြည်သူပြည်သားတွေ အားလုံးကို ကျောသားရင်သား မခွဲဘဲနဲ့ဆိုပြီး သူ့ကိုယ်သူ အဖေလိုလို၊ ပထွေးလိုလို အမြင်နဲ့ ဆက်ဆံတယ်။ အဲဒီ စိတ်၊ အဲဒီ ခေါင်းဆောင်မှု model မျိုးနဲ့ ကျနော်တို့က သွားလို့။ အဲဒါကို လိုက်လို့မရဘူး။ ဒီမိုကရေစီစနစ် ဆိုတာ ပြည်သူက ဦးဆောင်တဲ့စနစ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ Steinberg တို့ တခြား ပညာရှင်တွေဆိုတဲ့ ဗမာပြည်ရဲ့  အရေးကို လေ့လာတဲ့လူတွေ အကုန်လုံး ပြောနေကြတာ ဘာလဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေး reform လုပ်တဲ့လူတွေကို နားလည်ကြည့်၊ အဲဒီလုပ်တဲ့ လူတွေကို ထပ်မတွန်းပါနဲ့ ဖိအားမပေးပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါဆိုရင် hardliner ဆိုတဲ့ မပြောင်းချင်တဲ့ လူတွေရဲ့  လက်ထဲကို အာဏာ ပြန်ရသွားမယ်ဆိုတာ တကယ်တမ်း အဲဒါမှားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူရဲ့  ဖိအားကြောင့်၊ ပြည်သူရဲ့  မကျေနပ်မှုကြောင့် သူတို့က ဒါကို တုံ့ပြန်တာကို လိုအပ်တာက ပြည်သူက ပိုပြီး ထပ်တွန်းရမယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရမယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း အဲဒီလို တွန်းတဲ့အခါမှာ တွန်းတဲ့နေရာမှာ လမ်းမထွက် ဆန္ဒပြမှုတွေ ပေါ်လာတယ်။ ဒါမှမဟုတ် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်လာတယ် ဆိုလို့ရှိရင် အခြေအနေက ပိုမဆိုး သွားနိုင်ဘူးလား။
ကိုဇာနည် ။ ။ ကျနော်ထင်တယ် ဆန္ဒပြတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီ စနစ်ကို ရောက်အောင် သွားနေတယ်၊ အဲဒီ ဒီမိုကရေစီဘက်ကို ဦးတည်ပြီးတော့ စသွားနေပြီ၊ ဦးတည်ထားရုံ မကဘူး။ ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ် တို့ ပြောနေတာကို ကြည့်လိုက်မယ် ဆိုရင် ရထားကြီးက ဘူတာထဲက ထွက်သွားပါပြီ – သူတို့ ဆိုလိုတာက ကျနော်တို့ နိုင်ငံမှာ လက်ရှိ စနစ်ကြီးက ဒီမိုကရေစီဘက် ခေါင်းတည် စသွားနေပြီ။ သွားနေတဲ့ အခါကြရင် ကျနော်တို့ ဒီမိုကရေစီ ဘယ်နေ့ ဘယ်အချိန်မှ နက္ခဗေဒ ပညာတွေနဲ့ တွက်ပြီးမှ ဒီမိုကရေစီရပါပြီ ဆိုပြီး ကြေညာပြီး စည်တွေမောင်းတွေနဲ့ လုပ်စရာအကြောင်း မရှိဘူး။ ဒီမိုကရေစီ ဘက်ကို စသွားပြီးဆိုရင် ဒီမိုကရေစီနည်းအရ ပြည်သူတွေကလည်း လိုက်ရမယ်။ ပြည်သူလိုက်မယ် ဆိုရင် ဒီမိုကရေစီ နည်းထဲမှာ ဘာပါလဲဆိုရင် ပြည်သူက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိတယ်။ ဆန္ဒပြပိုင်ခွင့် ရှိတယ်။ အစိုးရ အဆောက်အအုံတွေကို မီးရှို့ မယ်၊ ရဲတွေကို ခဲနဲ့ပေါက်မယ်။ ဒါဆိုရင်တော့ အကြမ်းဖက်တဲ့ လိုင်းကို ပါသွားမယ်။ ဒါပေမဲ့ ပြည်သူက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါဆိုပြီး ဆန္ဒပြတာမျိုး။ ဒါမှမဟုတ်လို့ရှိရင် အလုပ်ပြုတ်တာ မတရားလို့ ဒါကို ဆန္ဒပြမယ်။ နောက်တခါ လုပ်ခနည်းတာကို တိုးပေးဖို့ ဆန္ဒပြမယ်။ လုပ်ခွင့်ရအောင်။ နောက်တခါ မြစ်တွေမှာ ဆည်တွေ မတရား ဆောက်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်မယ့် စီမံကိန်းတွေကို စိုးရိမ်လို့ ဆန္ဒပြမယ်။ ဒါတွေ ဆန္ဒပြတယ်ဆိုတာက ဒီမိုကရေစီ အစိုးရ အနေနဲ့ ဒါကို လက်မခံဘဲနဲ့ လုံးဝမရဘူး။ ကျနော်ဆိုလိုတာက ဆန္ဒပြတာက ပြဿနာ မဟုတ်ဘူး။ ဒီမိုကရေစီ လိုလားတဲ့ အစိုးရ ဆိုလို့ရှိရင် ဆန္ဒပြတာက ပြည်သူ့ရဲ့  အခွင့်အရေး။ ဆန္ဒပြသူကိုလည်း ရိုက်စရာလည်း မလိုဘူး။ အိပ်တဲ့အချိန်မှာ သွားဖမ်းစရာလည်း မလိုဘူး။ ၅ (ည) နဲ့ ထောင်ချစရာလည်း မလိုဘူး။ အာဏာကို ပြည်သူ့လက်ထဲမှာပဲ ရှိတယ် ဆိုတဲ့ စိတ်ဓာတ်ကို နိုင်ငံရေး အဆောက်အအုံ ထဲမှာရော၊ နိုင်ငံရေး ခေါင်းဆောင် လုပ်တဲ့ တပ်မတော် ပုဂ္ဂိုလ်တွေရဲ့  ခေါင်းထဲကို မရောက်မချင်း ဒီမိုကရေစီဘက်ကို သွားနေတယ်လို့ ပြောရမှာက အတော်ခက်နေမယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါက်တာဇာနည်ရဲ့  သဘောက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို အတိုက်အခံ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ်ရင် ပြည်သူ့ လွှတ်တော်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေး သမားတွေ အနေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဒီမိုကရေစီ လမ်းဘက်ကို ရောက်အောင် ညှိနှိုင်းယူ လုပ်နေတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ရဲ့  ရပိုင်ခွင့်၊ အခွင့်အရေး တွေကို သုံးပြီး ဆန္ဒပြစရာ ရှိတာပြ၊ လုပ်စရာရှိတာ လုပ်။ ဒါပေမဲ့ စည်းကမ်းတကျ လုပ်ဆောင်ကြဖို့ ဆိုတဲ့ အချက်ကို မီးမောင်း ထိုးပြချင်တဲ့ သဘောပေါ့။
ကိုဇာနည် ။ ။ ဟုတ်တယ်။ ၁၉၄၆-၄၇ အင်္ဂလိပ် ပြန်ဝင်လာပြီး အင်္ဂလိပ်နဲ့ လွတ်လပ်ရေး စတင် ဆွေးနွေးတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်၊ သခင်စိုး တို့ အကုန်ပါတယ်။ အားလုံးက အစောပိုင်းမှာ ဒီဟာကို ပေါင်းပြီး။ ဦးနုတို့ ဖဆပလခေတ်မှာ လုပ်တဲ့ဟာကို ကြည့်ပါ။ လူတွေက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာ။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ ရဲဘော်ဆိုပြီး ဖွဲ့ထားတဲ့ တပ်လည်းရှိတယ်။ နောက်တခါ ဗမာပြည်ရဲ့  Burma Army ဆိုပြီး ထပ်ပေါ်လာတယ်။ နောက်တခါ သခင်သန်းထွန်းတို့၊ သခင်စိုးတို့ ကလည်း အလုပ်သမား၊ လယ်သမားတွေကို စည်းရုံးတာတွေ ရှိနေတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဘုရင်ခံရဲ့  အတိုင်ပင်ခံ အဖွဲ့ထဲမှာ ဝင်ပြီးတော့ ဒုတိယ ဥက္ကဋ္ဌအနေနဲ့ ဝင်လုပ်နေတယ်။ အဲဒီတော့ ဆိုလိုတာက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် က သမ္မတဦးသိန်းစိန် နဲ့ ထိုင်စကားပြောနေလို့ ကျန်တဲ့လူတွေက ငြိမ်နေရမယ်၊ ကိုဇာဂနာက ဘာလုပ်နေလို့ ကျန်တဲ့လူတွေက ကိုဇာဂနာ ဆီက ပြောတာက နားထောင်ပြီး နားစွန့်ပြီး သူပြောသမျှကို နောက်က လိုက်လုပ်ပါဆိုတာ ဒါက ဒီမိုကရေစီ လှုပ်ရှားမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီ ထိုက်တန်တဲ့ လူထု သဘောမျိုးလည်း မဟုတ်ဘူး။ ခေါင်းဆောင် လုပ်သမျှကို ထိုင်စောင့်ပြီး ခေါင်းဆောင်လုပ်မှ ခေါင်းဆောင် ခြေလှမ်းလှမ်းမှ နောက်က လိုက်တယ် ဆိုတာ အဲဒါက နောက်လိုက်ပြည်သူဗျ၊ ဒီမိုကရေစီနဲ့ တန်တဲ့ ပြည်သူ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ပြည်သူက ဒီမိုကရေစီစနစ် အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိဘဲနဲ့ နေ့တိုင်း အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဗြိတိန်နိုင်ငံ ဗဟာဗျူဟာ လေ့လာရေးဌာနက မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Ref: မိုးမခ
0 comments:
Post a Comment