Thursday, October 27, 2011

အရှင်ဂမ္ဘီရ ကျန်းမာရေး စောင့်ရှောက်မှုရရန် လိုအပ်နေ

စိုင်းဇွမ်ဆိုင်း
October 26, 2011

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်ပါဝင်ခဲ့သည့် အတွက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသောအရှင်ဂမ္ဘီရ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဦးဂမ္ဘီရ၏ မိခင် ဒေါ်ရေး၏ ပြောဆိုမှုအရ လက်ရှိထောင်တွင်းကျန်းမာရေး အခြေအနေမှာ ဆောင်းရာသီအစ အအေးဒဏ်ကြောင့် ဆိုးရွားနေခြင်းကြောင့် ဖြစ်သည်ဟု ကြားသိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ဝင် ဦးနန္ဒမာလာကလည်း ဆိုသည်။

“စစ်ကြောရေးတုန်းက ခေါင်းနဲ့ ကျောမှာ အရိုက်ခံရတယ်လေ။ အဲဒီတုန်းက ဆေးကောင်းကောင်း မကုရဘူး။ အဲဒီဒဏ်တွေက အခုပြန်ပေါ်တာ” ဟု ဦးနန္ဒမာလာက ပြောသည်။


အရှင် ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်နှင့်အတူ မန္တလေးတိုင်း စဥ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့် ဆက်သွယ်မှုအပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – မြန်မာနိုင်ငံ (AAPP) ၏ စာရင်းများအရ မြန်မာ နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများ အသီးသီးတွင် သံဃာနှင့် သီလရင် ၂၀၀ ခန့် ရှိကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ဆရာတော် ဦးဂမ္ဘီရ၏ လက်ရှိဖြစ်ပေါ်နေသည့် ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ လူသားချင်း စာနာသည့် အနေဖြင့် ချက်ချင်းလွှတ်ပေးရန်နှင့် နိုင်ငံတကာ ကြက် ခြေနီ အဖွဲ့များနှင့် တွေဆုံခွင့်ပေးစေလိုကြောင်း အိတ်ဖွင့်စာတစောင်ကို ယမန်နေ့က သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့လိုက် သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာ အခါတော်နေ့)တွင် သမ္မတဦးသိန်းစိန်က အကျဉ်းသား ၆၃၉၅ ဦးကို လွတ်ငြိမ်း ချမ်း သာခွင့်ပေးခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကနေသည့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာပါဝင်ခဲ့သည်။

ယနေ့တွင်လည်း အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ဦးစန္ဒိမာ၊ ဦးဝိသုဒ္ဓိ အပါ အ၀င် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက လျှော့ရက်ခံစားခွင့် မရှိသော သီးသန့်နှင့် သာမန်သီးသန့် အကျဉ်းသားများအား လျှော့ ရက် ခံစားခွင့် ပေးရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြကြောင်း ပြည်တွင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုး ဆောင် ကွန်ယက်၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လူမှုရေးလုပ်ငန်းဖြစ်သည့် သွေးလှူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည့်အတွက် အင်းစိန် ထောင်တွင် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာလည်း ကျန်မာရေးဆိုးရွားနေကြောင်း အမှုကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးလှမျိုးမြင့်က ဧရာဝတီသို့ပြောသည်။

ဗိုလ်ကြီးနေမျိုးဇင်၏ အမှုကို ရန်ကုန်တိုင်း တရားရုံးတွင် အယူခံဝင်ထားကြောင်း၊ ယခုအခါ အဆိုပါ အမှုတွဲကို တောင်းယူပြီး နေပြည်တော်ရှိ တရားရုံးချုပ်က ပြန်လည် စိစစ်နေကြောင်းလည်း သိရသည်။

သတင်းထောက် ရန်ပိုင် ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့