Tuesday, January 22, 2013

ဆက်သွယ်ရေး ဝန်ကြီး နုတ်ထွက်မှု ဂယက်များ ဆက်တိုက်ထွက်ပေါ်

တင်ဇာအောင်
ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဦးသိန်းထွန်း အား နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့က ကြေညာလိုက်ပြီး နောက်ပိုင်း ဆက်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းဂယက်များ အင်တာနက် စာမျက်နှာများတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ယခင် မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်း ၏ ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ရေး ဝန်ကြီးနှင့် နာမည်တူသူထံသို့ ငွေသိန်းပေါင်း သုံးထောင် လွှဲပေးသည့် ဘဏ်စာရွက် အချက်အလက်များ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ယင်းအချက်အလက်များနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများ စုံစမ်းစစ်ဆေးရေးတွင် သွားရောက် စစ်ဆေးခံနေရသည် ဟူသော သတင်းများလည်း ထွက်ပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူ တဦးက “ဆက်သွယ်ရေး ဝန်ထမ်း ရှစ်ဦး ပြည်ထဲရေးကို တွဲဖက်ထားတယ် ဆိုတာလောက်တော့ သိရပါတယ်။ ဘာကြောင့်၊ ဘယ်သူတွေ ဆိုတာ မပြောလိုပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မိုဘိုင်းဖုန်းများ ဈေးနှုန်းနှင့် ပတ်သက်၍လည်း သမ္မတနှင့် ဝန်ကြီးဌာနတို့ ကြားတွင် သဘောထား ကွဲလွဲမှု ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း “ဈေးနှုန်းနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးက တင်ထားတာ ရှိပါတယ်။ နိုင်ငံတော် သမ္မတကြီးက ပိုမို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ချထားပေးမယ် ဆိုရင်လည်း ဆက်သွယ်ရေးက ဘာမှ ပြောစရာ မရှိပါဘူး။ အားလုံးက အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ ဝန်ကြီးနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျနော်တို့တောင် ဘာမှ မသိပါဘူး။ သတင်းမှာ ကြေညာမှပဲ သိရပါတယ်။ ကောလာဟဠတွေ လို့ပဲ ပြောချင်ပါတယ်” ဟု ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ဈေးနှုန်းများကို ယခုဈေးနှုန်း၏ ထက်ဝက် ကျပ်တသိန်းဖြင့် ချထားပေး မည်ဟု သမ္မတရုံးသို့ တင်ထားခြင်းဖြစ်ပြီး ပြန်လည် တုန့်ပြန်ခြင်း မရှိသေးဘဲဖြစ်နေစဉ် ဝန်ကြီး အနားယူသွား၍ ဈေးနှုန်းလျော့ သည့် မိုဘိုင်းဖုန်းများ ထွက်ပေါ်ရန် နှောင့်နှေးသွားမည်ကို အများပြည်သူကလည်း စိုးရိမ်လျက်ရှိသည်။

“ဝန်ကြီး အပြောင်းအလဲ ဖြစ်တယ်ဆိုရင် ဖုန်းကတ်တွေ ချမပေးတော့မှာ စိုးရိမ်တယ်။ ကျနော်က ဈေးသက်သာတဲ့ ဖုန်းဝယ်မလို့ စောင့်နေတာ။ ထွက်တော့မယ် ဆိုတော့ စောင့်နေတာ။ ဒါပေမယ့် အခုလို ဝန်ကြီး အပြောင်းအလဲ ဖြစ်တယ်ဆို တော့ ကြန့်ကြာမှာ စိုးရိမ်မိပါတယ်။ ဝန်ကြီး အပြောင်းအလဲမှာ ဈေးပိုသက်သာမလားလို့လည်း မျှော်လင့်ပါတယ်” ဟု မိုဘိုင်းဖုန်း ဝယ်လိုသူ တဦးက ပြောသည်။

GSM ဖုန်းများကို ကျပ်နှစ်သိန်း၊ WCDMA ဖုန်းများကို ကျပ်နှစ်သိန်းခွဲဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့