Friday, January 25, 2013

စစ်တွေ ဟင်းသီးဟင်းရွက်များ အဆိပ်တွေ့ရှိမူ ကောလဟလ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ တုန့်ပြန်

January 24, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ ဈေးများတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်များတွင် အဆိပ်တွေ့ရှိသည် ဆိုသော သတင်းမှာ ကောလ ဟလသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

“ ကျွန်တော်တို့လည်း အတိအကျ မသိသေးဘူး။ သူတို့ကသာ ပြောနေတာ။ အဲဒီ ဥစ္စာတွေ နမူသာ ပြတာ။ ဘယ်က ရတယ်ဆိုတော့လည်း အတိအကျ မသိသေးဘူး။ အဆိပ်ပါတယ်ဆိုတာက မဟုတ်ပါဘူး။ ကောလဟလတွေက များနေပါတယ်” ဟု ဆိုသည်။

စစ်တွေ ရဟန်းပျိုများ စည်းကမ်း ထိန်းသိမ်ရေး အဖွဲ့မှ ဇန္န၀ါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြည်နယ် အစိုးရရုံးတွင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး အပါအ၀င် ရဲမှူးကြီးတို့အား ဟင်းသီး ဟင်းရွက် များတွင် အဆိပ်တွေ့ရှိကြောင်း တင်ပြ ခဲ့မူနှင့် ပတ်သက်ပြီး ဦးဝင်းမြိုင်အား ဆက်သွယ်မေးမြန်းရာ ထိုသို့ တုန့်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် ယခုကဲ့သို့ ဟင်းသီးဟင်းရွက်များတွင် အဆိပ်ပါနေသည်ဟု သတင်းများကြောင့် ပြည်သူများ အကြား ထိတ်လန့်မူများ ရှိနေပါသဖြင့် မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်ပါမည်နည်းဟု မေးမြန်းရာ ဦးဝင်းမြိုင်က ယခုလို ဆက် ပြောသည်။

“ ကျွန်တော်တို့ အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးလို့ရမလဲ။ တစ်ခုရှိတာက အဲဒီဟာတွေဘယ်က၀င်လာသလဲ။ ဘာလဲ တကယ်တန်း ဖြစ်တယ်ဆိုရင်တော့ လိုက်စုံစမ်းမှာပေါ့”ဟု ဆိုသည်။

၎င်းပြင် ဦးဝင်းမြိုင်က ပြည်သူများ စိုးရိမ်စိတ် ၀င်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ အင်တာနက်တွင် တင်သူသာ စိုးရိမ်စိတ်ဝင်ခြင်း ဖြစ်ကြောင်း၊ ဈေးထဲမှာ ဘူးသီးတွေက အစ ဟင်းသီးဟင်းရွက်များ အစုံ ရောင်းချနေပါကြောင်း၊ ဟုတ်မဟုတ်ကို လာကြည့်စေချင်ကြောင်း ပြောကြားသည်။

ယခု သတင်းမှာ ကောလဟလ ပျံ့နှံ့နေခြင်းသာ ဖြစ်ပြီး ဟင်းသီးဟင်းရွက်များတွင် အဆိပ်ပါသည် ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း တပ်လောင်း ပြောကြားသွားပါသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့