Monday, January 31, 2011

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက်ရပ် တည်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တို့ကြောင့် ပြည်သူ့ တော်လှန်ရေး ပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက်ရပ် တည်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တို့ကြောင့် ပြည်သူ့ တော်လှန်ရေး ပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ
January 30, 2011

ဒီဇင်ဘာလ (၁၇) ရက်နေ့က တူနီရှားနိုင်ငံ ဆစ်ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ် ခရိုင် ကောင်စီရုံးရှေ့မှာ မိမိကိုယ်ကို မီးရှို့ သတ်သေရာမှစပြီး တူနီးရှား နိုင်ငံတင် သာမက အာရပ်နိုင်ငံများ ဖြစ်ကြတဲ့ အီဂျစ်နိုင်ငံ အထိပါ လူထု တော်လှန်မှုကြီးတွေ ကူစက် ပြန့်ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီး စိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေး ကြရတဲ့အဖြစ်တွေ ရှေ့ဆင့်နောက်ဆင့် ဆက်တိုက် ပေါ်ပေါက် လာပါတော့တယ်။

အသက် (၂၆) နှစ်အရွယ် မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ အထက်တန်းကျောင်း ပညာရေး သင်ကြား နေရာကနေ ရပ်လိုက်ပြီး စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတဲ့ သူ့ရဲ့ မိသားစုဝင် (၈) ဦးအား စောင့်ရှောက် ကျွေးမွေး နိုင်ရန်အတွက် သစ်သီးဝလံတွေ လှည့်လည် ရောင်းချခြင်းဖြင့် ဘ၀ကို ရုန်းကန် လှုပ်ရှားကာ မိသားစုကို ထောက်ပံ့နေသူ ဖြစ်ပါတယ်။ သူရဲ့ ဦးလေးဖြစ်သူဟာ လယ်ယာမြေ အသေးလေး တစ်ကွက်ကို ၀ယ်ယူခဲ့ပြီး သစ်သီး ၀လံများ စိုက်ပျိုးကာ မိုဟာမက်က အဆိုပါ စိုက်ပျိုး ရရှိလာတဲ့ သစ်သီး ၀လံများကို လမ်းတွေမှာ လှည့်လည် ရောင်းချပေးနေတာ ဖြစ်ပါတယ်။



အာဏာရှင်ကြီးစိုးနေတဲ့ တူနီးရှားနိုင်ငံမှာ ပြည်သူတွေဘ၀ဟာ အသက်ရှင် ရပ်တည်နိုင်ရေး စားဝတ်နေရေး အခက်အခဲတွေ အဆင်ပြေ သက်သာစေဖို့ အတွက် နေ့စဉ်နဲ့ အမျှ ရုန်းကန် လှုပ်ရှား နေကြရသလို မိုဟာမက်တို့လို လမ်းမများပေါ်မှာ လှည့်လည် ဈေးရောင်း ချကြသူများကိုလည်း မကြာခဏ ဆိုသလို ဖမ်းဆီးကာ မတရား အနိုင်ကျင့်ကြလေ့ ရှိပါတယ်။

မိသားစုကြီးတစုလုံးအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့ ရိုးသားစွာ ကြိုးစား ဆောင်ရွက်နေတဲ့ မိုဟာမက် အနေနဲ့  ဒီလို သစ်သီးဝလံ လှည့်လည် ရောင်းချရတဲ့ အလုပ်မှအပ အခြား ရွေးချယ်စရာ လမ်းမရှိတဲ့ သူ့ဘ၀မှာ ဒီအလုပ်လေးကိုသာ မှီခို အားထားနေရတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့မနက်မှာတော့ မိုဟာမက်တစ်ယောက် ခါတိုင်းလိုပဲ သစ်သီး ၀လံတွေရောင်းချဖို့ အတွက် တွန်းလှည်းလေး တွန်းကာ လမ်းမပေါ် ထွက်ကာ လှည့်လည် ရောင်းချနေစဉ်မှာ တူနီးရှားနိုင်ငံ အာဏာရှင် လက်အောက်မှာ ဗိုလ်ကျ စိုးမိုးနေတဲ့ ရဲတပ်ဖွဲ့ထဲက ရဲမေဖြစ်သူ ဖာဒါဟမ်ဒီ က သူ့ကို ဖမ်းဆီး ပါတော့တယ်။ သူရဲ့ သစ်သီးဝလံတွေ တင်ထားတဲ့ တွန်းလှည်း လေးကို သိမ်းပိုက် လိုက်ရုံမက မိုဟာမက် မျက်နှာကို ရဲက ထပ်ကာတလဲလဲ ပါးရိုက်ပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ မိုဟာမက်ဟာ မဟုတ်မခံစိတ်နဲ့  မခံမရပ်နိုင် ဖြစ်ပြီး ခရိုင် ကောင်စီရုံးကို ချက်ချင်း သွားရောက်ကာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြား ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားနိုင်ငံ အာဏာရှင် ကြီးစိုးနေပြီး ဥပဒေ ထင်ရာစိုင်း လာဘ်ပေးလာဘတ်ယူ ချစားမှုတွေ များပြားနေတဲ့ အတွက် ခရိုင်ကောင်စီရုံးက မိုဟာမက် လို သာမန် ဆင်းရဲနွမ်းပါးလှသူ တဦးရဲ့ တိုင်ကြားမှုကို မည်သူ တဦးကမှ အရေးတယူ နားထောင်ဆောင်ရွက် အရေးယူ ပေးတာ မရှိပါဘူး။ ဒီထက် ပိုဆိုးတာကတော့ ရဲက မတရား ပါးရိုက် အနိုင်ကျင့် ခံခဲ့ရသူ မိုဟာမက်ဟာ ခရိုင်ကောင်စီရုံးတွင်း ကနေ အတင်း မောင်းထုတ်ခြင်းကို ထပ်မံ ခံရပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်မှုတွေကို ထပ်မံကြုံတွေ့ရတဲ့အခါမှာတော့ မိုဟာမက်ရဲ့ မခံမရပ် စိတ်ဟာ အမြင့်မားဆုံး ရောက်ရှိပြီး သူ့မှာ ပါရှိလာတဲ့ ရေနံဆီပါ ဆေးချွတ် ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပြီး အဲ့ဒီ ခရိုင် ကောင်စီရုံးရှေ့မှာပဲ ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြ ပါတော့တယ်။ ခန္ဓာကိုယ် မီးလောင်နေတဲ့ မိုဟာမက်ကို ဆေးရုံကို ခေါ်ဆောင်သွားပြီး မိုဟာမက်ဟာ မီးလောင် ဒဏ်ရာနဲ့ ဆေးရုံပေါ်မှာ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကွယ်လွန် သွားပါတော့တယ်။



မိုဟာမက်ရဲ့ မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်ဆန္ဒပြမှု အဖြစ်အပျက်ကို မျက်မြင် တွေ့ရှိကြသူများ အထူးသဖြင့် လူငယ် များကနေ ဓါတ်ပုံမှတ်တမ်း ဗွီဒီယို မှတ်တမ်းတွေကို ဖုန်းတွေ ကင်မရာတွေနဲ့ ရိုက်ကူးပြီး တူနီးရှား တနိုင်ငံလုံး သာမက အ ခြားသော အာရပ် နိုင်ငံများ အပါအ၀င် ကမ္ဘာတ၀ှမ်းလုံး သိရှိ မြင်တွေ့ကြစေဖို့ အင်တာနက် စာမျက်နှာများ ပေါ်ကနေ တဆင့် ဖြန့်ခဲ့ကြပါတယ်။

အသက်ဆုံးရှုံးကွယ်လွန်သွားတဲ့ မိုဟာမက်ရဲ့ တကယ်တော် ဆန္ဒပြမှုကို လေးစား ဂုဏ်ပြုကြတဲ့ အနေနဲ့ မိုဟာမက် အတွက် အောက်မေ့ လွမ်းဆွတ်ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ရင်းနဲ့ အဲ့ဒီနေ့ညက စလို့ ပြည်သူလူထု တော်လှန် အုံကြွမှုကြီးကို စတင် ပါတော့တယ်။

မိုဟာမက်ရဲ့ ဒီလို ရဲရင့်ပြောင်မြောက်တဲ့ တကိုယ်တော် ဆန္ဒပြမှုနဲ့ အာဏာရှင်တွေ မတရား ကြီးစိုး အုပ်ချူပ်မှုရဲ့ အောက်မှာ ပြည်သူ ပြည်သားတွေ ခံစား နေကြရတဲ့ ခါးသီးလှတဲ့ ဘ၀တွေကြောင့် တူနီးရှားနိုင်ငံ ပြည်သူများဟာ အုံကြွ ပေါက်ကွဲကြပြီး တနိုင်ငံလုံး လူထု ဆန္ဒပြမှုများ အရှိန်အဟုန် အပြည့်နဲ့ ပေါ်ပေါက် လာပါတော့တယ်။

တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ လူထုဆန္ဒပြပွဲတွေကို လက်နက်အားကိုးနဲ့ နှိမ်နင်း ခဲ့ပေမယ့် နောက်ဆုံး မှာတော့ မိုဟာမက်ရဲ့ မီးရှို့ ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် ရက်သတ္တပါတ် လေးပါတ် အကြာမှာတော့ တူနီးရှားနိုင်ငံကို နှစ်ပေါင်း ၂၃ နှစ် ကျော်ကြာ ဖိနှိပ် အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီး ဖြစ်သူ တူနီးရှားနိုင်ငံ သမတ ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ထွက်ပြေး သွားရပါတော့တယ်။

တူနီးရှားနိုင်ငံက မိုဟာမက်ရဲ့ ရဲဝံ့တဲ့ ဆန္ဒပြမှု၊ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ပြောင်မြောက်သော လူထု တော်လှန်ရေး ဆင်နွဲမှုတို့ကို စံနမူနာပြုကြတဲ့ အာဏာရှင် ဆန့်ကျင် တော်လှန်မှုတွေဟာ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြား အာရပ်နိုင်ငံတွေ မှာပါ ပြန့်နှံ့ သွားပါတော့တယ်။

တူနီးရှားနိုင်ငံရဲ့ ပြည်သူလူထုဆန္ဒပြမှုကြီးမှာ လူထု လူတန်းစားပေါင်းစုံ ပါဝင်ရုံ သာမက ပြည်သူတွေရဲ့ သစ္စာကို စောင့်သိ ထိန်းသိမ်းပြီး ပြည်သူတွေ လိုလားတဲ့ ဆန္ဒကို အပြည့်အ၀ လိုလားတဲ့ ပြည့်သူ့ အကျိုးကို ရှေ့ထားတဲ့ တူနီးရှားနိုင်ငံရဲ့ စစ်တပ် တပ်မတော်ကြီးက တူနီးရှား ပြည်သူတွေ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပြသ ပါဝင်လိုက်တာမို့  တူနီးရှားနိုင်ငံ အာဏာရှင် သမတ တိုင်းပြည်ကနေ ခွေးပြေး ၀က်ပြေး ပြေးထွက် သွားရပြီး ကမ္ဘာ တ၀ှမ်းလုံးက ချီးကျူး ထောပနာပြုခြင်း လေးစားခြင်းကို ခံလိုက်ရတဲ့ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းကြာအောင် အာဏာရှင်ကြီး ကြီးစိုးထားတဲ့ တူနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် လျင်မြန်စွာ ချက်ချင်းပြုတ်ကျ သွားရခြင်းရဲ့ အဓိက အချက်တွေကို ကြည့်ရင်တော့ …

(၁) သာမန်ပြည်သူတယောက်ဖြစ်သူ မိုဟာမက်ရဲ့ မတရားမှုကို မဟုတ်မခံ ခေါင်းငုံ့မခံဘဲ ရသည့် နည်းလမ်းဖြင့် ဆန့်ကျင် တော်လှန် ဆန္ဒပြခြင်း၊

(၂) မိုဟာမက်တို့လို တဦးတယောက်အနေနှင့်ပင်ဖြစ်စေ ရဲရဲဝံ့ဝံ့ မတရားမှုကို တော်လှန်ခြင်းအား အပြည့်အ၀ အားပေး ထောက်ခံ ပြရုံသာမက၊ အာဏာရှင်တွေရဲ့ ထင်ရာစိုင်း ရိုင်းပြ စော်ကားမှုတွေကို ပြည်သူ ပြည်သား တဦးအနေနဲ့ မိမိတို့မှာ လည်း ဆန့်ကျင် တော်လှန်ရမယ့် တာဝန် ၀တ္တရား ရှိတယ်လို့ ခံယူပြီး ပြည်သူ ပြည်သား တဦးချင်းစီက အသီးသီး စုပေါင်း လက်တွဲကြပြီး လူထု တော်လှန်ရေးကို ပြောင်မြောက်စွာ ဆင်နွဲကြခြင်း၊

(၃) ပြည်သူအပေါ်သစ္စာတရားစောင့်သိပြီး ပြည်သူအကျိုးကို ရှေ့တန်းထားတဲ့ ပြည်သူ့ တပ်မတော် အဖြစ် ခံယူပြီး အာဏာရှင်အား ပြည်သူတွေနဲ့ အတူ လက်တွဲကာ ပြည်သူလူထု တော်လှန်မှုကြီးတွင် ပြည်သူရှေ့မှ မားမားမတ်မတ် ရပ်တည် ပေးခဲ့ကြသော သမိုင်းဂုဏ်ရောင် ထွန်းပြောင်စေသည့် တူနီရှားနိုင်ငံ စစ်တပ် တပ်မတော်ကြီးရဲ့ လေးစားထိုက်ဖွယ် လုပ် ရပ်များကြောင့် – တူနီးရှား နိုင်ငံတနိုင်ငံလုံး အာဏာရှင် လက်အောက်က လွတ်မြောက်ကြရခြင်း ဖြစ်ပါတယ်။

ပြည်သူသစ္စာစောင့်ထိန်းပြီး ပြည်သူတွေ အကျိုးရှေ့ရှုကာ ပြည်သူတွေရှေ့က မားမား မတ်မတ် ရပ်တည် ခဲ့ကြတဲ့ တူနီးရှား နိုင်ငံ ပြည်သူ့ တပ်မတော် ပီသခဲ့တဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ဆန္ဒပြပြည် သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းကတော့ -

“Our revolution is your revolution,” “The army will protect the revolution.” ပါတဲ့။

“ပြည်သူလူထုရဲ့ အာဏာရှင်တော်လှန်ရေးဟာ ငါတို့တပ်မတော်ရဲ့ တော်လှန်ရေးပဲ ဖြစ်တယ်၊ ငါတို့ တပ်မတော်ဟာ အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေကြတဲ့ ပြည်သူတွေ ဘက်က ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ပေး ကြမယ်” ဖြစ်ပါကြောင်း။

Ref: နစ်နေမန်း

0 comments:

အပေါ်သို့