Friday, February 4, 2011

တိုင်းရင်းသားကို လွှတ်တော် ကိုယ်စားမပြုဟု ဝေဖန်

ကိုပေါက် |
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၁ /

နယူးဒေလီ (မဇ္ဈိမ) ။ ။ တွေ့ဆုံ ဆွေးနွေးရေးနှင့် တိုင်းရင်းသား အခွင့် အရေးအတွက် လွှတ်တော် ထဲတွင် ဝိုင်းဝန်း ကြိုးစားရန် လိုအပ်ကြောင်း ဗညားအောင် ရေးသားသည့် ဆောင်းပါးတပုဒ် ယမန်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာထဲ၌ ဖော်ပြပါရှိခဲ့သည်။

‘နိုင်ငံ့အရေး အလွယ်မတွေးစေချင်ပါ’ ဟူသည့် ပြည်ထောင်စုနေ့ ဂုဏ်ပြု ဆောင်းပါးတွင် “ယနေ့ ပြောနေသည့် နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်တို့ တွေ့ဆုံရေး ဆိုသည့် လုပ်ငန်းကို ထိုလွှတ်တော် အဆင့်ဆင့်တွင် လက်တွေ့ ဆောင်ရွက်နိုင်ပြီ” ဟု ဗညားအောင်က ဆိုသည်။

"အခြေခံဥပဒေထဲတွင် တိုင်းရင်းသားများ၏ အခွင့်အရေး၊ မိမိတို့ ဘာသာစကား၊ ယဉ်ကျေးမှု စသည်တို့ကို ထိန်းသိမ်း ဖော်ဆောင် နိုင်မည့် လွှတ်တော်၊ အစိုးရအဖွဲ့၊ ဥပဒေပြုခွင့် အာဏာတို့လည်း ပါပြီးဖြစ်သည်။ လွှတ်တော်တွင် အားလုံး လက်တွဲ လုပ်ဆောင်ရင်း အားသာချက်များကို ပိုပြီး အားကောင်းအောင်၊ အားနည်းချက်များ တွေ့လာပါက ပြုပြင်နိုင်အောင် ဝိုင်းဝန်း ကြိုးစားဖို့သာ လိုပါသည်" ဟု ရေးထားသည်။

သို့သော် ယင်းရေးသားချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင်ဖြင့် ထိုင်း-မြန်မာ နယ်စပ်၌ စုဖွဲ့ ထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB နှင့် ပြည်တွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကဲ့သို့ အတိုက်အခံ အဖွဲ့များက လက်မခံသည့် အပြင် လွှတ်တော်များ ရှိသော်လည်း လက်တွေ့မှာ တပါတီ ကြီးစိုးရေးဖြစ်ပြီး၊ အပြိုင်အဆိုင် သဘော မရှိနိုင်သဖြင့် တိုင်းရင်းသားများကို ကိုယ်စားမပြုဟု ဝေဖန်သည်။

“မည်ကာမတ္တပေါ့ဗျာ။ အသွေးအရောင် အမယ်စုံတယ်ဆိုတဲ့ သဘောပဲဖြစ်ပြီး လွှတ်တော်ထဲမှာ ထိထိ ရောက်ရောက် အယုံအကြည် မရှိ အဆို တင်သွင်းတာတို့က အစပေါ့၊ အတိုက်အခံ နိုင်ငံရေး ပါတီတို့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း စံချိန်မီ လုပ်နိုင်ဖို့ရာ အလားအလာ မရှိဘဲနဲ့ ဝတ်စုံဝတ်ပြ၊ အပေါ်တက်ပြီး သဘောတူကြောင်း လက်မှတ်ထိုး၊ လက်ခုပ်တီး အဲဒီအဆင့်ပဲ ဖြစ်နေတော့ ကိုယ်စားပြုမှုဟာ တရားဝင်မှု မရှိဘူး၊ မခိုင်မာဘူးလို့တော့ ကျနော် ပြောရဲတာပေါ့” ဟု NCUB တွဲဖက် အထွေထွေ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိကို ပြောဆိုသည်။

သူက ဆက်ပြီး “စီစဉ်ထားတဲ့အတိုင်း ဘယ်သူ့ကိုတင်ရင် ဘယ်သူက ထောက်ခံ၊ ဘယ်သူက လက်ခုပ်တီး ဆိုတာ လောက်နဲ့ ဆိုတော့ ဒီလွှတ်တော် တွေဟာ စံချိန်စံညွှန်းမီ လွှတ်တော်တွေ မဖြစ်နိုင်ဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ အတိအလင်း ပြောရဲတယ်” ဟု ပြောသည်။

NCUB တွင် NLD လွတ်မြောက်နယ်မြေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂ MPU၊ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ပေါင်းစုထားသည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် DAB တို့ ပါဝင်သည်။

NLD ကလည်း လွှတ်တော်အရပ်ရပ်တွင် စစ်မှန်သည့် ကိုယ်စား ပြုမှုများ မရှိဟု ရှုမြင်သည်။

“တိုင်းရင်းသားတွေ စုံတယ် ဆိုတာ တခုထဲနဲ့ တိုင်းရင်းသား များကို ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ နေရာဌာန အဖြစ် မသတ်မှတ် နိုင်ပါဘူး။ ရွေးချယ်ပုံ ရွေးချယ်နည်း မှားယွင်း နေတယ်၊ လစ်ဟာနေတယ်၊ ချွတ်ယွင်းနေတယ်၊ ဒါတင်မကဘူး ကိုယ်စားပြုမှုလည်း မပြည့်ဝဘူး။ ဒါကြောင့် ဒီလွှတ်တော် ထဲမှာ တိုင်းရင်းသား ကိုယ်စားလှယ် များပြား နေတယ် ဆိုပေမယ့်လည်း ဒီနေရာ ဌာန ကြီးမှာ တိုင်းရင်းသားများ အရေး ဆွေးနွေး နိုင်တယ်လို့ မယူဆဘူး လို့ဘဲ ပြောချင်ပါတယ်” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဆိုသည်။

LD အနေဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားညီလာခံကို သပိတ်မှောက်ထွက်ခွါ လာပြီး ကတည်းက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲနှင့် သော်လည်းကောင်း၊ လွှတ်တော်နှင့် သော်လည်းကောင်း ပါဝင် ပတ်သက်မှု မရှိခဲ့ကြောင်း ဦးဝင်းတင်က ဖြည့်စွက် ပြောဆိုသည်။

ဗညားအောင် ဆောင်းပါးထဲတွင် တပ်မတော်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်ခံ နိုင်ငံရေးပါတီများ မပါဝင်သည့် ပင်လုံ ညီလာခံပုံစံ ညီလာခံ ကျင်းပမည် ဆိုသည့် အယူအဆသည် အပေါစား နိုင်ငံရေး စတန့်ထက် မပိုကြောင်း NLD နှင့် အတိုက်အခံ တိုင်းရင်းသား ပါတီများ ခေါ်ဆိုရန် ကြိုးပမ်းနေသည့် ဒုတိယ ပင်လုံညီလာခံကို ရည်ညွှန်းထားသည်။

၎င်းအယူအဆကို ဦးဝင်းတင်က “ကိုယ်စားပြုမှုမှာရော၊ ရွေးချယ်မှုမှာရော၊ အကျိုး စီးပွားမှာရော ဘာမှ မပြည့်စုံတဲ့ လွှတ်တော်ဟာ နိုင်ငံရေး စတန့်တင် မဟုတ်ဘူး ဘာပြောရမှန်းတောင် မသိတဲ့ စကားလုံးနဲ့ပဲ ပြောရမှာလို့ပဲ ယူဆပါတယ်” ဟု ဝေဖန်သည်။

ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကလည်း ဆောင်းပါး ဖော်ပြပါ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်တို့၏ ဆွေးနွေးမှုဆိုသည်ကို လက်ရှိကျင်းပဆဲ လွှတ်တော်များတွင် မမျှော်လင့်ရဲဟု ဆိုသည်။

“သိပ်တော့ မမျှော်လင့်ရဲပါဘူး။ လက်ရှိအခင်းအကျင်း ကျနော်တို့ သုံးသပ်နေပါတယ်။ တဆင့်ချင်း လေ့လာနေတယ်။ အယူအဆ မတူနိုင်ဘူးလေ။ အယူအဆ မတူတာကို လက်ခံကြရမှာပဲ။ မတူကွဲပြားတဲ့ အယူအဆတွေကို စုစည်းနိုင်တဲ့ စွမ်းအားလည်း လိုမှာပေါ့။ တကယ်တမ်း စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ချီတက်နိုင်ကြဖို့ လိုပြီလို့ဆိုတဲ့ အသိလေး ရှိတယ်လို့ ဖြစ်ရင်ပေါ့ဗျာ။ သူ့ဘက် ကိုယ့်ဘက် အတတ်နိုင်ဆုံး ပြန်လျှော့ပြီး Common Ground ကို ဖန်တီးပေးကြရမှာ။ သူ့ဘက်ကိုယ့်ဘက် ဆိုတာလေးကတော့ လျှော့ကြရမှာပေါ့” ဟု သူက ပြောသည်။

ဒေါက်တာအေးမောင်မှာ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အပြိုင် ဒုသမ္မတလောင်းအဖြစ် အမျိုးသား လွှတ်တော်မှ အဆိုပြု ခံခဲ့ရသူ တဦး ဖြစ်သည်။ ဒုသမ္မတ နေရာအတွက် မဲခွဲဆုံးဖြတ်ရာ ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းက မဲ အပြတ်အသတ်ဖြင့် အနိုင် ရခဲ့သည်။

လက်ရှိ ရွေးချယ်ရရှိထားသော ဒုတိယ သမ္မတ ၃ ဦးဖြစ်ကြသည့် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့ အားလုံးမှာ ကြံ့ဖွံ့မှ လွှတ်တော် ကိုယ်စားလှယ်များချည်း ဖြစ်သည်။ ၎င်းတို့ထဲမှ နိုင်ငံသား အားလုံး၏ အထွတ်အထိပ် နေရာဖြစ်သည့် သမ္မတကို ရွေးချယ် သွားမည်ဖြစ်သည်။

အများစု၏ သဘောဆန္ဒသာ လွှမ်းမိုးနေသဖြင့် အနည်းစု၏ သဘောဆန္ဒကိုလည်း လေးစား လိုက်နာပါက သွားလိုသည့် လမ်းကြောင်းမှာ အင်မတန် သာယာ လာနိုင်ဖွယ်ရှိဟုလည်း ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောဆိုသည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများ၏ ပါဝင်မှုမှာ ၁၂ ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် စစ်တပ်နောက်ခံပြု ကြံ့ခိုင်ရေးပါတီမှ ၅၈ ရာခိုင်နှုန်းက အများစု ကြီးစိုးထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့