Wednesday, February 2, 2011

တိုင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ အားလုံး ကြံ့ဖွံ့

ကိုပေါက် |
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းနှင့် ပြည်နယ်လွှတ်တော် ၁၄ ရပ်ရှိ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရာထူးအားလုံး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များသာ ရရှိခဲ့ကြသည်။

မနေ့ကစ၍ နိုင်ငံတဝှမ်းရှိ တိုင်း ၇ ခုနှင့် ပြည်နယ် ၇ ခုတွင် လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့ရာ ထိပ်တန်းရာထူး အများစုအတွက် ပြိုင်ဘက်မရှိ ကြံ့ဖွံ့ပါတီ အမတ်များ တင်မြှောက်ခံရသည်။

ကချင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် လွှတ်တော်များတွင် အခြားပါတီများက ပြိုင်ဘက် အမည်စာရင်း တင်သွင်းခဲ့ကြသော်လည်း မဲအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ကြသည်။ ဒေသခံ တိုင်းရင်းသားပါတီ မရှိသည့် ကချင်ပြည်နယ်တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက အပြိုင် အဆိုပြုခဲ့သေးသည်။

တပ်မတော်မှ ခန့်အပ်သည့် ဗိုလ်မှူးချုပ်ဇော်မင်း ကရင်ပြည်နယ်တွင် လွှတ်တော် သဘာပတိ တင်မြှောက်ခံရပြီး ကျန် တိုင်းနှင့် ပြည်နယ်လွှတ်တော် သဘာပတိ နေရာများကို ကြံ့ဖွံ့ပါတီကပင် ရရှိခဲ့ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကဲ့သို့ မနေ့မနက် ၈ နာရီ ၅၅ မိနစ်တွင် တပြိုင်တည်း စတင်ကျင်းပခဲ့သည်။ ၎င်းတို့က လွှတ်တော် ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် သဘာပတိများ တင်မြှောက်အပြီး တနေ့တာ အစီအစဉ် ရပ်နားခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးခင်အောင်မြင့်နှင့် ဦးမြညိမ်းတို့ တင်မြှောက်ခံရသည်။ ၎င်းတို့အားလုံးမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဖြစ်ကြသည်။

သူရဦးရွှေမန်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ပြီးလျှင် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် တတိယအကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၎င်းရာထူးကို စွန့်လွှတ်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့သည်။

ရေကူးချန်ပီယံဟောင်းနှင့် ဘိသိက်ဆရာ ဦးနန္ဒကျော်စွာမှာ ပြည်သူ့လွှတ်တော်အတွက် ဒဂုံမြို့နယ်မှ ရွေးကောက်ခံခဲ့ရသည်။ ဦးနန္ဒကျော်စွာမှာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းစစ်ကောင်စီဝင် ဗိုလ်မှူးချုပ်တင်ဖေ၏သားဖြစ်ပြီး တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးတန်ယုဆိုင်နှင့် NLD ဦးစီး အဖွဲ့ဝင်ဟောင်း စာရေးဆရာ မောင်ကိုယုတို့၏ တူလည်းဖြစ်သည်။ ဗိုလ်မှူးချုပ်တင်ဖေမှာ တိုင်းပြည်စီးပွားရေး ပြိုလဲစေခဲ့သော အစွန်းရောက် ဆိုရှယ်လစ် စီမံကိန်း စီးပွားရေးစနစ်ကို ချမှတ်ပေးခဲ့သူလည်းဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တင်မြှောက် ခံရသူ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်အောင်မြင့်သည် နအဖ ယဉ်ကျေးမှု ဝန်ကြီးတာဝန် ထမ်းဆောင်နေကာ မန္တလေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် အမှတ် ၈ မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည်။ ဒုဥက္ကဋ္ဌ ဦးမြညိမ်းမှာ ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွှတ်တော် အမှတ် ၇ မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည်။

ဦးခင်အောင်မြင့်မှာ သဘောထားတင်းမာသူဟု လူသိများပြီး ၂ဝဝ၃ စစ်ကိုင်းတိုင်း ဒီပဲယင်းအနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လိုက်များကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းသားများက အကွက်ချ လုပ်ကြံ တိုက်ခိုက်ရာတွင် ကွပ်ကဲခဲ့သူတဦးဟု စစ်တပ်သတင်း ရပ်ကွက်များက ပြောသည်။

အမျိုးသားလွှတ်တော် သဘာပတိအဖြစ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ ဦးခက်ထိန်နန်နှင့် ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် လယ်/ဆည်ဝန်ကြီးနှင့် ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးတို့ တင်မြှောက်ခံခဲ့ရသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဒုသမ္မလောင်းများ အမည်စာရင်း တင်သွင်း စိစစ်ခဲ့သည်။ ကြာသပတေးနေ့တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မည် ဖြစ်သည်။ အမတ်များအကြား အများဆုံး ထင်ကြေးပေးနေသည့် သမ္မတလောင်းမှာ ဦးသိန်းစိန်ဖြစ်ပြီး အဓိက ပြိုင်ဘက် ဦးတင်အောင်မြင့်ဦးသာ ရှိသည်။

သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တိုက်ရိုက်ရွေးချယ်မည် ဖြစ်သည်။

0 comments:

အပေါ်သို့