Thursday, February 3, 2011

သမ္မတနှင့် အခွင့်အာဏာ

ကိုဝိုင်း။
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ လွှတ်တော်တွင် စာရင်းသွင်းထားသည့် ဒုတိယ သမ္မတလောင်းများမှာ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ စောသိန်းအောင်၊ ဒေါက်တာ စိုင်းမောက်ခမ်း (ကြံ့ဖွံ့ပါတီ) နှင့် ရခိုင် RNDP မှ ဒေါက်တာ အေးမောင်တို့ ဖြစ်သည်။ တပ်မတော် အမတ်များက သီဟသူရ တင်အောင်မြင့်ဦးကို ရွေးချယ် ထားသည်ဟု နေပြည်တော်ရှိ စစ်ဘက်နှင့် နီးစပ်သော သတင်း ရပ်ကွက်များက ပြောသည်။ သို့သော် နိုင်ငံပိုင် မီဒီယာများတွင် မည်သူဖြစ်သည်ကို ချန်လှပ်ထားသည်။

သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ကို ကြံ့ဖွံ့အမတ်များဖြစ်သည့် သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးနန္ဒကျော်စွာ၊ ဦးသောင်း၊ ဦးခင်အောင်မြင့် (ဗိုလ်ချုပ်ဟောင်း)၊ ဦးမျိုးမြင့်၊ ဦးမြညိမ်း တို့အပါအဝင် တပ်မတော်အမတ် တဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့ထားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခန်း-၃၊ ပုဒ်မ ၅၉ ပါ အချက်များဖြင့် ချိန်ထိုး၍ ရွေးချယ်ရမည် ဖြစ်သဖြင့် သမ္မတ လောင်းများသည် အပိုဒ် (ဃ) “နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး” အမြင်များလည်း ရှိရမည် ဖြစ်သည်။

သမ္မတနှင့် ဒုသမ္မတများ၏ သက်တမ်းသည် ၅ နှစ်ဖြစ်သော်လည်း နောက်တကြိမ် သမ္မတအသစ် ရွေးချယ် တင်မြှောက် ပြီးသည်အထိ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်ခွင့် ရှိသည်။

ဖွဲ့စည်းပုံ ပုဒ်မ ၅ဝ အရ နေပြည်တော်ကို “ပြည်ထောင်စုနယ်မြေ” အဖြစ် သမ္မတက တိုက်ရိုက် အုပ်ချုပ်သွားမည် ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်းပြီး “ထူးခြားသော အခြေအနေ” ရှိသည့် နယ်မြေများကိုလည်း ဥပဒေပြဋ္ဌာန်းပြီး သမ္မတက တိုက်ရိုက် အုပ်ချုပ်ခွင့် ရှိနေသည်။

နယ်ခြားစောင့်တပ် လက်မခံသည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များနှင့် လက်နက်ကိုင် တိုက်နေဆဲ တိုင်းရင်းသား အဖွဲ့များ၏ နယ်မြေများတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းချက် “နယ်မြေလုံခြုံရေး” အခြေအနေအရ ရွေးကောက်ပွဲများ မကျင်းပခဲ့ပေ။

သမ္မတ၏ အခြားလုပ်ပိုင်ခွင့်များကို ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံသည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့ တွင် ဖော်ပြထားရာ လွှတ်တော်၏ အတည်ပြုချက် ယူရန် မလိုပဲ သမ္မတက တိုက်ရိုက် ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ ရှိနေသည်။

ထိုလုပ်ပိုင်ခွင့်များအနက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာစာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများ ကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ် ဆိပ်ကမ်း တည်ဆောက်ရေး၊ လမ်းတံတား တည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ စမ်းသပ်မှု ပိတ်ပင်ရေး၊ နိုင်ငံတော် အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေး ဆိုင်ရာကိစ္စ၊ သဘာဝ စွမ်းအင် သယံဇာတ ပစ္စည်းများ ထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး စသည်တို့လည်း ပါဝင်နေသည်။

လက်ရှိ စစ်အစိုးရက မြန်မာ့ကမ်းရိုးတန်းတလျှောက် ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ထားဝယ် ရေနက် ဆိပ်ကမ်း၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းတို့ တည်ဆောက်ရန် စီစဉ်နေသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်းကို ထိုင်းနိုင်ငံနှင့် လည်းကောင်း စတင် ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်သည်။

လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ က “ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ဆန့်ကျင်၍ လွတ်လပ် စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိကြမည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ အရလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု သဘော တူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှ ဆန္ဒမဲပေးခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြ ထားသည်။

လက်ရှိလွှတ်တော်တွင် စစ်တပ်နှင့် စစ်တပ်ကထောက်ခံသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးက အများစု ဖြစ်သဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ မလွယ်ကြောင်း ဝေဖန်သူများက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့