Friday, February 4, 2011

လွှတ်တော်သတင်းကို အစိုးရ သတင်းစာအတိုင်းသာ ဖော်ပြရ

Thursday, 03 February 2011

ပုဂ္ဂလိက သတင်းဂျာနယ် များတွင် ရေးသားဖော်ပြမည့် လွှတ်တော်နှင့် သက်ဆိုင်သည့် သတင်းများကို နိုင်ငံပိုင် သတင်းစာ အတိုင်းသာ ရေးသားဖော်ပြ၍ ဓာတ်ပုံကို မြန်မာ့ရုပ်သံ သတင်းမှ ယူသုံး ရမည်ဖြစ်ကြောင်း သိရသည်။

နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် ကျင်းပ နေသော လွှတ်တော် အစည်း အဝေး သတင်းကို သတင်းစာတွင် ပါရှိသည့်အတိုင်း ဖော်ပြခွင့် ရှိသော်လည်း နိုင်ငံရေး ပါတီများ၏ လွှတ်တော် အပေါ် ယူဆ သုံးသပ်ချက်၊ လွှတ်တော် အစည်းအဝေး တက်ရောက် နေသော ကိုယ်စားလှယ် များ၏ ပြောဆို သုံးသပ်ချက် အပါအ၀င် နိုင်ငံရေး သတင်းများ အားလုံးကို စာပေ စိစစ်ရေးက ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင် ပိတ်ပင် လိုက်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောသည်။

“လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်လို့ အစိုးရ သတင်းစာ ထဲမှာ ပါတဲ့အတိုင်းပဲ ပေးတယ်။ သတင်းသမား တွေက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖုန်းဆက် မေးမြန်းပြီး ရေးတဲ့ သတင်းတွေ၊ နေပြည်တော်သွားပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဘာကိုမှ ခွင့်မပြုဘူး။ ဘာမှ ထည့်ခွင့် မပေးဘူး” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ရှင်းပြသည်။

ထို့အပြင် ယခင်က ထည့်ခွင့်ပြုခဲ့သော နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှု သတင်း များကိုပါ ပိတ်ပင် တားမြစ် ထားသည်ဟု သိရသည်။

“ဇန်န၀ါရီ ၃၁ ရက်နေ့က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးချုပ်မှာ နိုင်ငံရေးပါတီ ၁၁ ပါတီ တွေ့ဆုံ ဆွေးနွေး ကြတယ်။ အဲဒီသတင်းကို ဂျာနယ်ထဲ ထည်ဖို့ စိစစ်ရေး တင်တာ အဖြုတ်ခံရတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ အားလုံး အဖြုတ်ခံရတယ်” ဟု နာမည်ကြီး သတင်း ဂျာနယ် တစောင်၏ အယ်ဒီတာ တဦးက ဆိုသည်။

ယခု ပြည်တွင်းသတင်းဂျာနယ် အများစု ရင်ဆိုင်နေရသော စာပေစိစစ်ရေး၏ တင်းကျပ်မှုသည် ယခင် စစ်ထောက်လှမ်းရေး ကြီးစိုးသော ခေတ်က တင်းကျပ်မှု အခြေအနေသို့ ပြန်လည် ဆိုက်ရောက်သွားပြီ ဖြစ်ကြောင်း သတင်းသမား များက သုံးသပ် ကြသည်။

“လွှတ်တော် ခေါ်လိုက်တာနဲ့ အတိုင်းအတာတခုအထိ မီဒီယာ လွတ်လပ်ခွင့် ရလာမယ် ထင်တာ။ အခုတော့ ဘာမှ ဖြစ်မလာတဲ့ အပြင် အခြေအနေက ပိုတောင် ဆိုးသွားတယ်။ လွှတ်တော် အစည်းအဝေးကိုလည်း သတင်းယူခွင့် မပေးဘူး။ ဒါ့အပြင် သတင်း ဖော်ပြခွင့်ကိုလည်း ကန့်သတ်တယ်။ အစိုးရသစ် လက်ထက်မှာ မီဒီယာတွေ နှိပ်ကွပ်ခံရဖို့ပဲ ရှိတယ်” ဟု ၀ါရင့် သတင်းစာဆရာ တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အေးချမ်း သာယာရေး အပါအ၀င် ပြဋ္ဌာန်း ထားသော ဥပဒေနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆန္ဒပြခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊ အသင်း အဖွဲ့ ဖွဲ့စည်းခွင့် အပါအ၀င် နိုင်ငံသား အခွင့်အရေးများ ရမည်ဖြစ်ကြောင်း တရားဝင် ပြဋ္ဌာန်းထားသည်။

“မီဒီယာ လွတ်လပ်ခွင့်က ဘယ်လိုမှကို လမ်းမမြင်ဘူး။ လတ်တလောမှာ နေပြည်တော်သွားတဲ့ သတင်း သမားတွေ ခေါ်ယူ စစ်ဆေး ခံရတာမျိုး အထိတောင် ဖြစ်လာပြီ။ မီဒီယာ လွတ်လပ်ခွင့် ရှိတာ၊ မရှိတာထက် သတင်းသမားတွေ ဘေးကင်း လုံခြုံစွာနဲ့ သတင်း ယူခွင့်တောင် ရပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ” ဟု ၀ါရင့် သတင်းစာ ဆရာက ပြောသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွှတ်တော်တွင် သတင်း မီဒီယာများကို သတင်း ယူခွင့် ပြုရန် လွယ်ကူ သော်လည်း ထိန်းချုပ်ရန် ခက်ခဲသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူ့ဆန္ဒ အစစ်အမှန်နဲ့ ရွေးထားတဲ့ အစိုးရဆိုရင် မီဒီယာကို ကြောက်စရာ မလိုပါဘူး။ အခု မီဒီယာကို ကြောက်တယ် ဆိုတာ သူတို့ လိမ်ထားတာ၊ ဖုံးကွယ် ထားတာတွေ ပေါ်မှာစိုးလို့ ဆိုတာ ထင်ရှားတယ်” ဟု အထက်ပါ အယ်ဒီတာက ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းမီဒီယာ များကို အစိုးရက အပြည့်အ၀ ထိန်းချုပ် ထားပြီး ပုဂ္ဂလိက သတင်းစာ ယခုအထိ ထုတ်ဝေခွင့် မပေးသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်း များကိုသာ စာပေ စိစစ်ရေး၏ ထိန်းချုပ်မှု အောက်တွင် ထုတ်ဝေခွင့် ပြုထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့