Monday, January 31, 2011

နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ

Friday, 28 January 2011

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသ စစ်မြေပြင်တွင် အသုံး ပြုနေသည့် အကျဉ်းသား ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများ ရှိကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာများက ပြောသည်။

အားအင်ကုန်ခမ်း၍ ပစ္စည်းမထမ်းနိုင်သူများနှင့် ထွက်ပြေးသူများကို နအဖ တပ်မ၂၂ လက်အောက်ခံ ခြေမြန် တပ်ရင်း (ခမရ) ၂၀၈ တပ်ဖွဲ့ ၀င်များက တခြားသော အကျဉ်းသားများ ရှေ့တွင်ပင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က မာနယ်ပလော စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက် လာသည့် အကျဉ်းသား ပေါ်တာ ၁၃ ဦး အနက် အင်းစိန် ထောင်မှ ကိုအောင်ကျော်မိုး၊ ကိုဂျိုးဇက်နှင့် ကိုလင်းမာန်အောင် တို့က ၎င်းတို့ရှေ့တွင် နအဖ တပ်က သတ်ဖြတ်မှုများ ပြုလုပ် ခဲ့သည်ဟု ဧရာဝတီသို့ ပြောပြသည်။

ကိုအောင်ကျော်မိုးက"ဒီလ ၁၅ ရက်နေ့လောက်က ကျနော်တို့ထဲက အားကုန်ပြီး နားခွင့် ပေးပါလို့ ပြောတဲ့ အင်းစိန်ထောင် က ကိုစံပေါ ရဲ့ ရင်ဝကို ဓားမြှောင်နဲ့ ၂ ချက်ထိုးပြီး ချောက်ထဲကို ကန်ချလိုက်တယ်၊ ဓားထိုးတဲ့လူက ဗိုလ်မှူး အရပ်ပုပုနဲ့ ခမရ ၂၀၈ ထောက်ပို့ တပ်ကပါ"ဟု ဆိုသည်။

ပစ္စည်း မထမ်းနိုင်သည့် ပြည် ထောင်မှ အကျဉ်းသားပေါ်တာ ၃ ဦးကိုလည်း နအဖ စစ်သားများက ရက်ရက် စက်စက် သတ်ဖြတ် ခဲ့သည်ဟုလည်း ကိုဂျိုးဇက်က ပြောသည်။

"မာနယ်ပလောနားက ဘုရားကျောင်းရှိတဲ့ ထီးသေ့ခီးရွာမှာ လမ်းမသွားနိုင်တော့တဲ့ ပြည်ထောင်က ၃ ယောက်ထဲက နှစ် ယောက်ကို ဓားနဲ့ လည်လှီးသတ်ပြီး တယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ် လိုက်တယ်၊ ငါတို့ တပ်မတော်သားတွေကို အသေ မခံနိုင်ဘူး၊ သေစရာရှိရင် မင်းတို့ပဲ သေရမယ်ဆိုပြီး ကျနော်တို့ကို ကြိမ်းတယ်၊ အသတ် ခံရတဲ့လူထဲက နှစ်ယောက် သိတယ်၊ ချစ်ကိုကို (၁၈) နှစ်နဲ့ အောင်သူဝင်း (၁၇) နှစ်" ဟု ၎င်းက ပြောပြသည်။

ထွက်ပြေးသည့်ပေါ်တာ၂ ဦးကိုလည်း လိုက်လံ ဖမ်းဆီးပြီး တဦးကို နားထင်သေနတ် တေ့၍ ပစ်သတ်ပြီး ကျန်တဦး၏ ရင်ဝကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို မျက်မြင် တွေ့ရှိ ခဲ့သည်ဟု အကျဉ်းသား ပေါ်တာ ကိုလင်းမာန်အောင် ကလည်း ပြောသည်။

အဆိုပါ အကျဉ်းသားပေါ်တာ ၁၃ ဦးသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှ တဆင့် လွန်ခဲ့သည့် ရက်ပိုင်း အတွင်းက ထွက်ပြေး လာကြပြီး ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ တပ်စခန်းသို့ ရောက်ရှိ လာခြင်းဖြစ်သည်။

၎င်းအကျဉ်းသားပေါ်တာများမှာ ကိုမောင်မျိုး၊ ကိုဆန္ဒကျော်၊ ကိုအောင်ကျော်မိုး၊ ကိုလင်းအောင်၊ ကိုဂျိုးဇက်၊ ကိုထွန်းထွန်းနိုင်၊ စိုင်းကော်ခမ်း၊ ကိုပေါက်စ၊ ကိုကျော်ဦး၊ ကိုကံထွန်း၊ ကိုရဲထွန်း၊ ကိုလင်းမာန်အောင်နှင့် ကိုမင်းသူ တို့ဖြစ်ပြီး ဖျာပုံ၊ ဘားအံ၊ အင်းစိန်၊ လားရှိုးနှင့် ပြည် ထောင်များမှတဆင့် မာနယ်ပလော ဒေသသို့ ရောက်ရှိ လာကြ သူများဖြစ်သည်။

ရောက်ရှိလာသည့် အကျဉ်းသားပေါ်တာများကို(KNU)တပ်မဟာ ၇ မှ လက်ခံ စောင့်ရှောက် ထားပြီး ယခုလ အတွင်း မာနယ်ပလော ဒေသမှ ထွက်ပြေးလာသည့် အကျဉ်းသား ပေါ်တာ ၄၀ ခန့် ရှိသွားပြီဟု တပ်မဟာ ၇ မှ တပ်မှူးတဦးက ပြောဆိုသည်။

KNU တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း၂၂ သည် ယမန်နေ့က လှိုင်းဘွဲ့မြို့နယ် ခေါတူးခီး ရွာ ရှိ ကရင် နယ်ခြား စောင့် တပ်ရင်း ၁၀၁၅ ၏ ရှေ့တန်း ကင်းစခန်း တခုကို ၀င်ရောက်စီးနင်းရာ ဗိုလ်ကြီး အဆင့်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦး ကို လက်နက်မျိုးစုံ ၁၄ လက်နှင့်အတူ သိမ်းဆီး ရမိခဲ့ကြောင်းလည်း သိရသည်။

ဖမ်းဆီးရမိသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး စောအရှား၊ ကမ္ဘာကျော်၊ ဝေါ်ခို့၊ ဖလုံ သား၊ အောင်ကြည် ဌေး၊ ဒါဘောင်မင်၊ လော်ကယ်နှင့် စောဖားအဲ တို့ဖြစ်သည်ဟု KNU က ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်များ ဖြစ်ပွား နေသည့် တိုက်ပွဲများ၌ နအဖ တပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုမှုများလည်း ရှိခဲ့ သည်။

ထို့သို့ မိုင်းရှင်းကိရိယာများအဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက် လိုသောကြောင့် ဇန်န၀ါရီ လဆန်းပိုင်း ကလည်း အကျဉ်းသား ပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင် လာခဲ့ကြသေးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့