Thursday, February 3, 2011

အီဂျစ် ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် အားပေး

Wednesday, 02 February 2011။ ။

အရှေ့အလယ်ပိုင်းဒေသ အီဂျစ် နိုင်ငံ အတွင်း သီတင်းတပတ် ကြာသည်အထိ အစိုးရကို ဆန့်ကျင် ဆန္ဒပြ နေသူများ အပေါ် စာနာကြောင်းနှင့် ၄င်းတို့နှင့် တသားတည်း ရှိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

BBC သတင်းဌာန ၏ ယမန်နေ့က ပြုလုပ်သော တိုက်ရိုက် ဆက်သွယ် မေးမြန်းမှု အစီအစဉ် အတွင်း အီဂျစ် နိုင်ငံသား တဦး၏ တိုက်ရိုက် မေးမြန်းချက်ကို ဖြေကြားစဉ် ယင်းကဲ့သို့ ပြောဆို သွားခြင်း ဖြစ်သည်။

အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် ကို နုတ်ထွက်ပေးစေလိုပါသလား ဆိုသော အီဂျစ်နိုင်ငံသား တဦး၏ အမေးကိုမူ ယင်းကိစ္စသည် အီဂျစ် ပြည်သူများ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ အီဂျစ်အရေး ကိစ္စကို ၎င်းအနေဖြင့် စိတ်ဝင်စားမှု ရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

အီဂျစ်ပြည်သူများအနေဖြင့် မိမိတို့ ဆန္ဒရှိရာကို အကောင်အထည် ဖော်နိုင်ရေး အတွက် ခေါင်းအေးအေး ထားကာ ၊ ဇွဲမလျှော့ဘဲ ဆက်လက် ဆောင်ရွက်သွားရန် လိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က အကြံပြုသွားသည်။

ယမန်နေ့က ကျင်းပခဲ့သော မြန်မာ့ လွှတ်တော်သစ် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ဒုတိယ သမ္မတ လောင်း အမည်စာရင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမည် ပါမလာမှုသည် သတင်းကောင်းလား ဟူ၍ မေးခွန်း ထုတ်ခဲ့ခြင်း အပေါ် ဗိုလ်ချုပ်မှူးကြီးသည် မည်သည့် နေရာကို ဆက်ယူထားမည်ကို မသိနိုင်ကြောင်း ၊ စစ်တပ် အကြီးအကဲသည် သမ္မတ နီးပါး အာဏာ ရှိနေသည့် အတွက် စစ်တပ် အကြီးအကဲ မည်သူဖြစ်လာမည် ဆိုသည်ကလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

၎င်းအနေဖြင့်လည်း ပါလီမန်ပြင်ပမှ ဒီမိုကရေစီရေး အတွက် အလုပ်များ လုပ်နေနိုင်ကြောင်း ၊ လူငယ်များနှင့်လည်း ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က BBC ၏ အစီအစဉ်အတွင်း ပြောဆိုသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မပြုဘဲ ၎င်းကိုလည်း နှစ် ၂၀ နီးပါး နေအိမ် အကျယ်ချုပ် ချထား ခံခဲ့ရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့