Thursday, February 3, 2011

အမေရိကန်မူဝါဒ အပြောင်းအလဲ မြန်မာအစိုးရသစ် အပေါ် မူတည်

ဦးသားညွန့်ဦး။
ဗုဒ္ဓဟူး, 02 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ လက်ရှိ တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ ရလဒ်ကောင်း မရသေးဘဲ စိတ်ပျက် စရာတွေ ရင်ဆိုင် နေရပေမဲ့ နောက်တက်လာမယ့် မြန်မာ အစိုးရသစ်ရဲ့ တုံ့ပြန်မှုကိုတော့ စောင့်ကြည့် သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ လက်ရှိ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် မူဝါဒဟာ မြန်မာ အစိုးရသစ် အတွက် စမ်းသပ်ချက် ဖြစ်တယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ဘဲလ် (Kurt Campbell) က ၀ါရှင်တန်ဒီစီ နိုင်ငံခြား သတင်းထောက်များ အသင်းတိုက်မှာ ပြောသွားတာပါ။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားရောက် ယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

အခု ၂၀၁၁ ခုနှစ်အတွင်း မျှော်မှန်းထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ မူဝါဒတွေကို အာရှ၊ ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ဘဲလ်က ရှင်းလင်း သွားရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လက်ရှိ မူဝါဒတွေ ရလဒ်ကောင်း မထွက်တဲ့အပေါ် စိတ်ပျက်ရတယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း လာမယ့် အစိုးရသစ် အနေနဲ့ အမေရိကန် ပြည်ထာင်စုက ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကိုတော့ အရေးတယူ စောင့်ကြည့် သွားမယ် ဆိုတာကို အသေအချာ ပြောသွားပါတယ်။

“တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒ တခုလုံးအရ ရလဒ်တွေဟာ စိတ်ပျက်စရာတွေချည်း ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒီမူဝါဒကို သမ္မတ အိုဘားမား အစိုးရက ချမှတ်ပြီး နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မနှစ်တုန်းက ရေးဆွဲခဲ့တာပါ။ မြန်မာ အစိုးရက ဘယ်လို ဆောင်ရွက်နိုင်မလဲ၊ ပြီးတော့ ကျနော်တို့ ဘက်က ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန် ဆောင်ရွက်မလဲ ဆိုတဲ့ လုပ်နိုင်ချေ အဆင့် ရှင်းရှင်း လင်းလင်း ဖြစ်အောင် ကြိုးပမ်း နေပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် အခြေအနေ အားလုံးကို ခြုံကြည့်ရင်တော့ ကျနော်တို့ စိတ်ပျက်ရပါတယ်။”

တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ အခြေခံအားဖြင့် အလုပ်မဖြစ်သေးဘူး ဆိုတာ ၀န်ကြီး ကာ့တ် ကမ့်ဘဲလ်က ၀န်ခံ ပြောခဲ့ပေမဲ့ အခြား တဘက်မှာတော့ ဒီမူဝါဒဟာ အစိုးရသစ် အတွက် စမ်းသပ်မှု ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

“ဒါပေမဲ့လည်း တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ တစိတ်တပိုင်း အားဖြင့်တော့ ဒေသတွင်း မူဝါဒ အတွက်ရော အမေရိကန် ပြည်ထောင်စု အတွက်ပါ အကောင်းဆုံး အကျိုးစီးပွား ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အနည်းဆုံးတော့ လာမယ့် အစိုးရသစ်ကို စမ်းသပ်မယ့် အခွင့်အလမ်းတခု ဖြစ်ပါတယ်။ အစိုးသစ် အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်ဆက်စပ်နိုင်အောင် ဘာတွေ လုပ်မလဲ၊ အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နိုင်အောင် အစိုးရသစ် အနေနဲ့ ဘာတွေ လက်တွေ့ ဆောင်ရွက်မလဲ၊ အခွင့်အလမ်းတွေ ပေးထားပါတယ်။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို ယခင်က ပိတ်ဆို့ အရေးယူမှု တခုတည်းကနေ မနှစ်တုန်းက မူဝါဒ ပြောင်းပြီး ပိတ်ဆို့ အရေးယူမှုရော အစိုးရနဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံမှုရော နှစ်ခုလုံးကို ကျင့်သုံးလာတာပါ။ မြန်မာအစိုးရ အနေနဲ့က အပြောင်းအလဲတွေ အတွက် ပြည်တွင်းကပဲ ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ နိုင်ငံတကာကို ကတိပေးပြီး ဖွဲ့စည်းပုံဆွဲ၊ ရွေးကောက်ပွဲလုပ်၊ အခုနောက်ဆုံး လွှတ်တော်တွေပါ ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒီကြိုးပမ်းချက်တွေမှာ အားနည်းမှုတွေ ရှိတယ်လို့ မြင်တဲ့ အကြောင်း မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ မတိုင်မီ အာဏာပိုင်တွေရဲ့ ပြင်ဆင် ဆောင်ရွက်ချက်တွေ အပေါ်မှာ စိတ်ပျက် မိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဖြေရှင်းရမယ့် ပြဿနာရပ် အတော် များများရှိတယ် ဆိုတာကိုလည်း မစ္စတာ ကမ့်ဘဲလ်က ထောက်ပြ သွားပါတယ်။

“မြန်မာနိုင်ငံမှာ ပြဿနာ အတော်များများ ကြုံနေရတယ်လို့ အမေရိကန် ပြည်ထောင်စုက အသိ အမှတ်ပြု နားလည် ထားပါတယ်။ အဓိက ကျတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းတာမျိုးတွေ မရှိပါဘူး။ နိုင်ငံရေး အကျဉ်းသား အတော်များများ မလွတ်မြောက် သေးပါဘူး။ လူထုအခြေပြု လူမှု အဖွဲ့အစည်းတွေ လုပ်ကိုင် ဆောင်ရွက်မှုမှာလည်း အခက်အခဲ ကြီးကြီး မားမားကို ရှိနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အတွက် အရေးပါတဲ့ လက်နက်ပြန့်ပွားမှု ကိစ္စတွေမှာ ဆက်လက်ပါဝင် ပတ်သက် နေတာတွေ ရှိပါတယ်။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ တိုက်ရိုက်ထိစပ်ရေးမူကြောင့် ရလဒ်ကောင်းတွေ မတွေ့ရသေး ပေမဲ့ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ပြီးကတည်းက ပြည်တွင်းရော ပြည်ပမှာပါ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းဖို့ ပြောဆို တိုက်တွန်းမှု တွေကတော့ ပိုများလာပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးမှာ အာဆီယံ တိုင်းပြည်တွေက မြန်မာအပေါ် ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းပေးဖို့ အနောက်နိုင်ငံတွေကို တိုက်ရိုက် တိုက်တွန်း လာပါတယ်။

မစ္စတာ ကမ့်ဘဲလ်ကတော့ အခုလို အရေးယူမှုတွေ ပြန်လည်ရုပ်သိမ်းဖို့ ကိစ္စဟာ အချိန် စောသေးတယ်လို့ မြင်ပါတယ်။ အခုနက လိုပဲ လာမယ့် အစိုးရသစ်ရဲ့ ဆောင်ရွက်ပုံကို စောင့်ကြည့်ချင်တဲ့ သဘော တွေ့ရပါတယ်။

“ပြီးခဲ့တဲ့ ဒေသတွင်း ခရီးစဉ်ရဲ့ ရည်မှန်းချက်တခုက အရှေ့တောင်အာရှ ဒေသက ကျနော်တို့ မိတ်ဆွေ တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ဖို့ပါ။ အရှေ့တောင်အာရှနိုင်ငံ အတော်များများက အခုအချိန်မှာ ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းဖို့ အချိန် ရောက်နေပြီလို့ ပြောကြ ဆိုကြပါတယ်။ ဒါပေမဲ့လည်း အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်ကာလ စောလွန်းတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အစိုးရသစ် တရပ် ပေါ်လာပြီး အစိုးရသစ်ရဲ့ မူဝါဒတွေကို ချမှတ်တဲ့ အခါမှာ ဘယ်လို သိသာ ထင်ရှားတဲ့ ခြေလှမ်းတွေ လှမ်းမလဲဆိုတာ ကျနော်တို့ စောင့်ကြည့် နေပါတယ်။”

အခြားတဘက်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခြားနိုင်ငံတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ထဲထဲဝင်ဝင် တိုင်ပင် ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေး အတွက်လည်း အာဏာပိုင်တွေကို ဆက်ပြီး ဖိအားပေး တိုက်တွန်း သွားမယ်လို့ ပြောပါတယ်။ လာမယ့် အစိုးရသစ် အနေနဲ့ အကြောင်းရပ် အတော်များများကို ဘယ်လို သဘောထားမယ်၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို အခွင့်အလမ်းပေး စောင့်ကြည့်လိုတယ် ဆိုတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တသဘောတည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့