ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားမြို့တော် ဖြစ်သလို ယခုအခါ ကမ္ဘာတလွှား အဓိကမြို့တော်ကြီးများတွင် ကြုံတွေ့နေ ကြရသည့် စိန်ခေါ်မှုပြဿနာများနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ ဤပြဿနာက ကားကျပ်သည့် ပြဿနာပင် ဖြစ်သည်။
၁၉ ရာစု ကိုလိုနီခေတ်တွင် ဗြိတိသျှစစ်တပ်၏ အင်ဂျင်နီယာ ဒု-ဗိုလ် အလက်ဇန်းဒါး ဖရေဇာ (Lt. Alexander Fraser) ရန်ကုန်မြို့ကွက်
ချစဉ်က ထောင်သောင်းချီသည့်
မော်တော်ယာဉ်များနှင့် တိုးပွားနေသည့် လူဦးရေကို ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပါ။ ယခုအခါ နေထိုင်သူ ၅ သန်းကျော် ရှိလာပြီ ဖြစ်ပြီး အလျှင်အမြန်လည်း ဆက်၍ တိုးတက်နေသည်။ လွန်ခဲ့သည့်ရာစု သို့မဟုတ် ရာစုနှစ်များက အဓိကကျသည့် မြို့တော်ကြီးများတွင် မူလ အစီအစဉ်ချစဉ်က ကိစ္စအဝဝကို ထည့်သွင်း လုပ်ဆောင်ခဲ့ကြသော်လည်း ယခုအခါ ယခင်စဉ်းစား ချက်မူဘောင်များကို ကျော်လွန်ရင်ဆိုင်နေပြီ ဖြစ်သည်။
ရန်ကုန်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာသည်နှင့်အမျှ၊ နိုင်ငံ၏ အခြားဒေသမှ ပြည်သူများက စီးပွားရေးအခွင့်အလမ်း အလုပ်အကိုင် မျှော်လင့်ချက်များဖြင့် ပို၍အခြေချလာသည်နှင့် အမျှ ရန်ကုန်က စီးပွားကုန်သွယ်မှု ပေါက်ကွဲကြီးထွားတော့မည့် ကာလဆဲဆဲ ဖြစ်နေသည်။ ဤအချက်များနှင့် တပြိုင်နက်တည်းမှာပင် ကားတင်သွင်းမှု ယခင်ကန့်သတ်ချက်များကို လျှော့ချပေးလိုက်သည့်အတွက် လမ်းမများပေါ်တွင် ကားအစီးရေ အဆမတန် တိုးပွားလာနေသည်။ လစဉ် ကားအရေအတွက် သောင်းနှင့်ချီ၍ တိုးပွားလာနေသည်။
ဗဟိုအစိုးရနှင့် ရန်ကုန်ရှိ အာဏာပိုင်များက ရန်ကုန်တွင် လမ်းမကွန်ယက်များ ဖွံ့ဖြိုးလာဖို့ လိုနေပြီကို အသိအမှတ် ပြုသည်။ မိုးပျံတံတားများ၊ လမ်းဆုံများ၊ လမ်းသွယ်များကို အဆင့်မြှင့်ဖို့ လိုအပ်နေသည်။ သူတို့က ဖင့်နှေးမနေကြပါ။ ပြီးခဲ့သည့် နှစ်များ တွင် အမိန့်ထုတ်ဆင့် ဆောင်ရွက်မှုများ၊ မော်တော်ဆိုင်ကယ်များ မမောင်းနှင်ရ၊ ဟွန်းမတီးရ စသည်ဖြင့် ပိတ်ပင် တားမြစ် ထားမှုများ၊ ခေတ်ဟောင်းဘတ်စ်ကားများကို ပို၍ သက်တောင့်သက်သာရှိမည်ဟု ထင်ရ သည့် ဂျပန်မှ စွန့်ပစ်ထားသော တပတ်ရစ်ကားများနှင့် လဲလှယ်မှု... စသည့် ဆောင်ရွက်ချက်များတွင် အောင်မြင်မှုအချို့ ရှိခဲ့ပါသည်။
သို့သော်လည်း ရန်ကုန်က အကြီးအကျယ် မြှင့်တင်ပြင်ဆင်ရန် လိုအပ်နေပါသည်။ သို့သော်လည်း ဤသို့ဖြစ်ရန် ကျိုးကြောင်း ဆီလျော် စဉ်းစားမည်ဆိုပါက ဖြစ်နိုင်ခြေ နည်းလွန်းလှပါသည်။
မည်သို့သော ရှေ့ဖြစ်ဖတ်သူမဆို လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း၌ ရန်ကုန်က အကြီးအကျယ် ဖွံ့ဖြိုးလာမည် ဟုပြောနိုင် ကြပါသည်။ ဉာဏ်ကြီးသည့် အစိုးရများဆိုလျှင် ရန်ကုန်မြို့တော် စည်ပင်ရေး မဟာစီမံချက်များ ချမှတ် လုပ်ဆောင်ကြပါလိမ့်မည်။ ၎င်းတွင် ဆက်သွယ်ရေးအခြေခံ အဆောက်အဦများဖြစ်သည့် လမ်းများ၊ မိုးပျံလမ်းမများ၊ မြို့ပတ်ရထား နှင့် မြေအောက်ရထား အပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အထူး မြှင့်တင်ပြုပြင်ခြင်း၊ ဘတ်စ်ကားစနစ်များကို ထပ်မံချဲ့ထွင်ခြင်းနှင့် မြှင့်တင်ခြင်းတို့ ဆောင်ရွက်ကြပါလိမ့်မည်။ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းကိုလည်း ထိရောက်စွာ အသုံးချနိုင်ပါသေးသည်။ ဤသို့ကိစ္စ အဝဝကို ဆောင်ရွက်ရန်မှာ မြော်မြင်မှု၊ အစီအစဉ်ကောင်းများ ရေးဆွဲချမှတ်မှုနှင့် ပို၍ အရေးကြီးသည့် အစိတ် အပိုင်း ဖြစ်သော ငွေကြေးတို့ လိုအပ်ပါသည်။
ဤသို့ မြော်မြင်ချက် ရှိနေပါသလား။ ငွေကြေးရော ပြည့်စုံနေပါပြီလား။
ကမ္ဘာတဝှမ်းရှိ မြို့တော်ကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံကို ကြည့်ပါက အခြေခံအဆောက်အဦများကို မပြည့်မစုံ မြှင့်တင်ခဲ့မှုများ၊ ယာဉ်ကြော ပိတ်ဆို့မှုများ၊ လူထုက မကျေမနပ် စောဒကတက်မှုများ တွေ့ကြရပါလိမ့်မည်။ ပြည်သူများမှာလည်း အပြစ်ဆိုရန် ကင်းလှသည် မဟုတ်ပါ။ ဆိုးရွားစွာ ကားမောင်းနှင်ကြခြင်းနှင့် ထင်သလို လမ်းလျှောက်ကြသည့် အမူအကျင့် တို့ကလည်း ပြဿနာကို ပိုဆိုးစေပါသည်။ လုံခြုံဘေးကင်းစွာ လမ်းကူးနိုင်သည့် အခြေအနေ မရှိပါကလည်း ဤပြဿနာကို ပြေလည်စေမည် မဟုတ်ပါ။
မြန်မာအစိုးရအဖို့ အခြေခံ အဆောက်အဦအတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေရာ၌ အခက်ကြုံတွေ့နေရပါသည်။ တပြိုင်နက် တည်းမှာပင် ပို၍ကြွယ်ဝကြသူများက ကားများ ဝယ်ယူတင်သွင်းရန် ဖိအားကိုလည်း လိုက်လျောရဖို့ ကြုံနေရသေးသည်။ ဤသို့ဖြင့် လမ်းမများပေါ်တွင် များမကြာမီ၌ ကားများ ပိတ်ဆို့ကုန်တော့မည် ဖြစ်သည်။ နယူးဒေလီ၊ လော့စ် အိန်ဂျလိစ်၊ သို့မဟုတ် ကိုင်ရိုမြို့တော်များအားလုံးတွင် ကားပိတ်ဆို့၍ လူအများ ဒေါသအမျက် ထွက်နေကြသည်ကို မြင်တွေ့နိုင်ပါသည်။
အဓိက လိုအပ်နေသည့်ကိစ္စမှာ မြော်မြင်ချက်ရှိသည့် မြို့တော် အစီအစဉ် ရေးဆွဲသူများပင် ဖြစ်ပါသည်။ ၎င်းတို့ကို အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု အာမခံချက်များဖြင့် ကျားကန်ပေးရန် လိုအပ်ပြီး ထိရောက်သည့် အများပြည်သူ ခရီးသွားလာရေး စနစ်ကို မြို့တော်တခုလုံး ဒီဇိုင်းရေးဆွဲနိုင်ရန် ခွင့်ပြုပေးရမည် ဖြစ်ပါသည်။ လန်ဒန်မြို့လယ်ကို ကြည့်ပါ။ မြေအောက်ရထား စနစ်၊ ဘတ်စ်ကားများ၊ တားမြစ်ချက်များ၊ ကားစီးလိုပါက တန်ဖိုးကြီးကြီး ပေးရမည့် အခြေအနေ စသည်တို့ကို ဆောင်ရွက်လိုက်ပါက ဖြစ်နိုင်ခြေရှိသည့် အနေအထားကိုလည်း မြင်ရပါလိမ့်မည်။ ဘရာဇီးလ်နိုင်ငံမှ အမြဲစိမ်းမြို့တော်ဟု ခေါ်နေကြသည့် ကူရီတီဘား (Curitiba) နှင့် ဒိန်းမတ်နိုင်ငံမှ ကိုပေဟေဂင် တို့တွင် စက်ဘီးများကို မြင်ကြရပါလိမ့်မည်။ ကားကျပ်လွန်းသည်ဟု နာမည် ဆိုးဖြင့် ကျော်ကြားခဲ့သည့် ဘရာဇီးလ်၏ ရိုင်ယို ဒီ ဂျနီးရိုး မြို့တော်သည်ပင် စက်ဘီးလမ်းများ ထည့်သွင်းရန်နှင့် ကားများကို လျှော့ချတားမြစ်ရန် အဓိကထား ကြိုးပမ်းဆောင်ရွက်မှုများ ရှိနေသည်။ အမှန်လုပ်ပါက အဟုတ် ဖြစ်နိုင်သည်ကို အထင်အရှား ပြသသည့် သက်သေများ ရှိနေပါသည်။
ကမ္ဘာတဝှမ်းရှိ အစိုးရများသည် ဤပြဿနာများကို မျက်ကွယ်ပြုထားမှုနှင့် ရေတိုသာ မြော်မြင်နိုင်မှုတို့အတွက် နာမည်ဆိုးဖြင့် ကျော်ကြားကြပါသည်။ မြန်မာအစိုးရ၏ အမြင်တွင် ရှုပ်ထွေးစေနိုင်မည့် ကိစ္စမှာ ယခင် စစ်အစိုးရ လက်ထက်က ရှိထားသည့် အုပ်ချုပ်ရေးနှင့် စီးပွားရေးမြို့တော် ရန်ကုန်ကို အဆင့်မြှင့်မည့်အစား မြို့တော်သစ်၊ နေပြည်တော်ကို ဦးစားပေး တည်ဆောက်ရန် ဆုံးဖြတ်ဆောင်ရွက်မှုများပင် ဖြစ်ပါသည်။ ဤသို့ ဆုံးဖြတ်ချက်အမြင်ကို ယခု ပြောင်းလဲခဲ့ပြီလော၊ မပြောင်းဘဲ ဆက်လက်ကျင့်သုံး နေဆဲလော ဟူသည်မှာလည်း မသေချာလှပါ။
ယခုအခါ ရန်ကုန်မြို့တော်အတွက် မြော်မြင်ချက်မှာ မှုန်ဝါးနေဆဲ ရှိပါသည်။ အခြေခံ အဆောက်အဦများအတွက် တင်ပြထားသည့် အကြုံပြုချက်များမှာလည်း မြန်မာနိုင်ငံ၏ အနာဂတ် စီးပွားကူးသန်းမြို့တော် ရေရှည်ခရီးအတွက် ဆိုလျှင် မလုံမလောက် ရှိနေဆဲ ဖြစ်ပါသည်။ ကမ္ဘာတဝှမ်းရှိ ထောင်နှင့်ချီသည့် မြို့တော်အများတွင် ကြုံတွေ့နေရသည့် အမှားများကို ရှောင်လွှဲနိုင်ရန် မြော်မြင် မှုရှိသည့် ခေါင်းဆောင်များနှင့် တိကျသည့် ငွေကြေးပံ့ပိုးမှုတို့ လိုအပ်ပါသည်။ သင်၏ သက်ပြင်း မချလိုက်ဖို့လည်း လိုအပ်ပါ သေးသည်။
Ref: မဇ္ဈိမ
Monday, January 21, 2013
ကားကျပ်တဲ့ ပြဿနာ
Labels:
အယ်ဒီတာအာဘော်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment