Monday, May 27, 2013

ALD က ပင်လုံမူ၊ ဖက်ဒရယ် ပြည်ထောင်စုဖြင့် တိုင်းရင်းသားအရေး ဖြေရှင်းစေလို

သိန်းလှိုင်
မေလ ၂၅ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုရေးရာ ပြဿနာများကို ၁၉၄၇ ခုနှစ်၊ ပင်လုံမူကို အခြေခံကာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ခြင်းဖြင့်သာ ဖြေရှင်းရမည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)က ပြောဆိုလိုက်သည်။

စနေနေ့ နံနက်ပိုင်းက စစ်တွေမြို့တွင်ပြုလုပ်သည့် မြို့မိမြို့ဖများနှင့် ALD တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပင်လုံ သဘောတူညီချက်နဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ခေတ်အဆက် ဆက် တောင်းဆိုလာခဲ့ကြ တယ်။ စစ်အာဏာရှင်တွေက ငြင်းပယ်ခဲ့လို့ ခုအချိန်ထိ ပြည်တွင်းစစ် ဖြစ်နေရတယ်။ ပြည်တွင်းစစ်ကို ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆိုရင် ပင်လုံမူနဲ့ နိုင်ငံရေးကို ဖြေရှင်းရမယ်။ တိုင်းရင်းသားများ ရပိုင်ခွင့်ကို အာမခံနိုင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်” ဟု ဆိုသည်။

တွေ့ဆုံပွဲတွင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။


ဖက်ဒရယ်နှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)ကလည်း “ဒီမိုကရေစီ စံနှုန်းနဲ့ သွားရင် ဖက်ဒရယ်စနစ်နဲ့ပဲ သွားရပါမယ်။ ဒါပေမယ့် ဖက်ဒရယ် ဆိုတဲ့ စကားလုံးအပေါ်မှာ နှစ်သက်ကျေနပ်
နေရုံနဲ့ မပြီးဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် အာဏာ ဘယ်လောက်ပေးမလဲ ဆိုတာက ပိုလို့ အရေးကြီးပါတယ်” ဟု အတွင်းရေးမှူး ဦးခိုင်ပြည်စိုး က ထောက်ပြသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညီပု ကလည်း “ဖက်ဒရယ် ပြည်ထောင်စု မြန်မြန်ဖြစ်လေ တိုင်းပြည်အတွက် ပိုကောင်းလေ” ဟု မှတ်ချက်ပြုသည်။

တွေ့ဆုံပွဲသို့ စစ်တွေ မြို့မိမြို့ဖများ၊ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ ALD ဗဟိုကော်မတီဝင်များ အပါအဝင် စိတ်ဝင်စားသူ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ALD အနေဖြင့် ယခုရက်ပိုင်းအတွင်း လူထုနှင့်တွေ့ဆုံပွဲများကို မြောက်ဦးနှင့် ကျောက်တော် မြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး လာမည့် သီတင်းပတ်တွင် မင်းပြားနှင့် အမ်းမြို့နယ်များတွင် ဆက်လက် ပြုလုပ် သွားမည်ဟုလည်း သိရသည်။

ထို့ပြင် စစ်တွေ ALD ရုံးတွင် ချင်းပြည်နယ်မှ ပလက်ဝ အပါအဝင် မြို့နယ် ၁၈ ခုမှ ပါတီဝင်များ တက်ရောက် သည့် “ပါတီသဘောတရား အလုပ်ရုံဆွေးနွေးပွဲ” ကိုလည်း မေလ ၂၅ ရက်မှ ၂၉ ရက်နေ့ထိ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့