Thursday, May 30, 2013

ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများကြောင့် အင်းလေးကန် ထိခိုက်မှုများကို စောင့်ကြည့်တော့မည်

သီဟကိုကို
မေလ ၃၀ ရက် ၂၀၁၃ ခုနှစ်

ဟိုတယ်များနှင့် စီးပွားရေးလုပ်ငန်းများကြောင့် အင်းလေးကန်အပေါ် ထိခိုက်မှုများ စောင့်ကြည့်ရန် အင်းလေးကန် စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အင်းတိုင်းရင်း သား ရေးရာ ဝန်ကြီး ဦးဝင်းမြင့်က မဇ္စျိမကို ပြောကြားသည်။

အဆိုပါအဖွဲ့တွင် အစိုးရအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ ပါဝင်မည်မဟုတ်ဘဲ ပညာရှင်များ၊ ဒေသခံတိုင်းရင်းသား များဖြင့်သာ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

''ကန်နားဝန်းကျင်မှာ ဟိုတယ်တွေလာ ဆောက်တာကို ဒေသခံတွေက လုံးဝ သဘောမကျကြဘူး။ အင်းလေးကန်မှာ စီးပွားရေး လာလုပ်ကြပြီး ကန်ထိန်းသိမ်းစောက်ရှောက်ရေးတို့ကို မလုပ်ကြဘူး ဖြစ်နေ တယ်။ ဒီလိုတွေ ဖြစ်လာနေလို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့ဖို့ဆောင်ရွက်နေတယ်'' ဟု သူက မှတ်ချက်ပြုသည်။

လက်ရှိတွင် အင်းလေးကန် ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းစဉ်များကို အစိုးရ အဖွဲ့အစည်းဖြစ်သည့် အင်းလေးကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော်လည်း ထိုအဖွဲ့အပြင် ယခုလို စီးပွားရေးလုပ်ငန်းများက အင်းလေးကန်အပေါ် သက်ရောက်မှုကို အကဲဖြတ်ရန် အဖွဲ့အစည်းထပ်မံဖွဲ့လိုက်ခြင်း ဖြစ်သည်။

အစိုးရ၏ အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့သည် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)နှင့် နော်ဝေအစိုးရမှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို အသုံးပြုကာ အင်းလေးကန် ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

အင်းလေးဒေသခံ ဦးစိုင်းဝဏ္ဏက ''အခုဆောက်နေတဲ့ ဟိုတယ်တွေက ကန်နဲ့ အရမ်းထိစပ်နေတယ်။ နောင်ဆိုရင် ဟိုတယ်တွေရဲ့ စွန့်ပစ်စ္စည်းတွေက ကန်ပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တယ်။ စီးပွားရေး တစ်ခုတည်းကြည့်ပြီး ကန်အလှအပကို ထိခိုက်လာမှာကို မလုပ်သင့်ဘူး'' ဟု ပြောသည်။

ဝန်ကြီးဦးဝင်းမြင့်က အင်းလေးကန်စောင့်ကြည့်လေ့လာရေး အဖွဲ့ကို အသင်း၏ လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံများ သတ်မှတ်ပြီးလျှင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြသွား မည်ဖြစ်ပြီး တရားဝင် ဖွဲ့စည်းသွားမည့် လူမှုရေးအဖွဲ့ ဖြစ်ကြောင်း၊ ဟိုတယ်များ စည်းကမ်းမဲ့ ဆောင်ရွက်မှုများကိုတွေ့လျှင် ပြည်ပမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ၏ အကူအညီကို ရယူပြီး သက်ဆိုင်ရာ အစိုးရဌာနများသို့ တိုင်ကြားသွား မည်ဖြစ်ကြောင်း ဆိုသည်။

ယခုလက်ရှိ ဆောက်လုပ်နေသည့် ဟိုတယ်များအနက် ဟိုတယ် ၁ဝ လုံးကို ယခင်အစိုးရလက်ထက်တွင် ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းသွားခဲ့ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍဖွံဖြိုး တိုးတက်လာသည့်အတွက် သက်ဆိုင်ရာသို့ တင်ပြပြီး ပြန်လည် တည်ဆောက်လာခြင်းကြကြောင်း အင်းလေး ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် အင်းလေးကန်စပ်အနီး ဟိုတယ်များ ဆောက်လုပ်နေခြင်းကြောင့် ဒေသခံများမှ စိုးရိမ်လျက်ရှိပြီး အင်းလေးကန် အရှေ့ဘက် ကန်ပတ်လမ်းတွင် ဟိုတယ် ၁၂ လုံးခန့် ကန်စပ်အနီး ဆောက်လုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့