Monday, May 27, 2013

မော်လမြိုင် အဝေးပြေးယာဉ်ရပ်နားစခန်း တိုးချဲ့ရန် မြေနေရာငှား

ယဉ်စနိုင်း
မေလ ၂၆ ရက် ၂၀၁၃ ခုနှစ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြေနီကုန်း အဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်း ယာဉ်လိုင်းအရေအတွက် ပိုများလာပြီး ထွက်ခွာရန် အလှည့်မကျသေးသော ယာဉ်များရပ်နားထားရှိရန် နေရာမရှိ သည့် အတွက် မြန်မာ့မီးရထား ပိုင် မြေကွက်ကိုငှားရမ်းရန် ညှိနှိုင်းလျက်ရှိသည်ဟု မြို့နယ် မထသအတွင်းရေးမှူး ဦးမောင်ချစ် က ပြောသည်။

မြေနီကုန်း အဝေးပြေးယာဉ်ရပ်နားစခန်း စတင်ဆောက်လုပ်စဉ်က ယာဉ်လိုင်း ၁၂ ခုသာရှိခဲ့ပြီး ယခု တွင် ယာဉ်လိုင်း ၄ဝ ခန့်ထိရှိလာကာယာဉ်လိုင်းတစ်လိုင်းလျှင် အနည်းဆုံး ယာဉ် ၃၊ ၄ စီးခန့်ရှိသည်ဟု ၎င်းက ပြောသည်။

မြန်မာ့မီးရထားပိုင်မြေကွက်မှာ အလျားပေ ၄ဝဝ၊ အနံပေ ၃ဝဝ ကို ငှားရမ်းအမည်ခံဖြင့် ငှားရမ်းရန် ပြည်နယ် မထသ က အဆိုပြုထားပြီးဖြစ်သည်။

ဦးမောင်ချစ်က ''အလှည့်မကျသေးတဲ့ နားတဲ့ကားတွေ မြို့ရှောင်လမ်းဘေးမှာ ထားရတဲ့အနေထားမျိုးပါ၊ အဝေးပြေး လမ်းဆိုတော့ ယာဉ်အသွားအလာ များတဲ့အပြင် အဝင်အထွက်မှာလည်း အန္တရာယ် များတယ်၊ အနီးစပ်ဆုံး မီးရထားပိုင် မြေကွက်ငှားဖို့ လုပ်နေတယ်'' ဟု ပြောသည်။

ယင်းကဲ့သို့ ကားဝင်းအတွင်း ကားများ ပြည့်ကြပ်လာသည့်အတွက် အပြင်တွင် ရပ်နားထားရသည့် ယာဉ်များအပေါ် အန္တရာယ်ဖြစ်လာမည်ကို ယာဉ်လိုင်းပိုင်ရှင်တို့ကလည်း စိုးရိမ်လျက်ရှိသည်။ မန္တလာ မင်းယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ''မနက်မှာ ကားအဝင်များတော့ ကားချင်းကပ်ပြီး ခရီးသည်တွေ တက်ဆင်းနေရတဲ့ အနေအထားမှာ အန္တရာယ်ရှိနိုင်တယ်၊ အပြင်မှာ ရပ်ထားတဲ့ကားတွေလည်း ဘယ်နေ့တိုက်မိကြမလဲဆိုတာ စိတ်ပူနေရတယ်'' ဟု ပြောသည်။

အလျားပေ ၆ဝဝ၊ အနံပေ ၂၈ဝ ရှိ မြေနီကုန်း အဝေးပြေး ယာဉ်ရပ်နားစခန်းကို ၂ဝဝ၄ ခုနှစ်တွင် စတည်ဆောက်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကာ မြန်မာပြည်အ ထက်ပိုင်းမှ ဝင်ရောက်လာသည့် ယာဉ်များ ရပ်နားရန်အတွက်သာ ဖြစ်သည်။ မော်လမြိုင်မှ ထားဝယ်ဘက်သို့သွားသည့် ထားဝယ်ယာဉ်များအတွက် ထားဝယ် အဝေးပြေးယာဉ် ရပ်နားစခန်းကို မော်လမြိုင်မြို့ တောင်ဘက် ဈေးကြို အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဖွင့်လှစ်ထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့