Wednesday, May 29, 2013

ဂျပန် နိပွန် အကူအညီများကို SSPP က တိုက်ရိုက် လက်ခံရယူလို

ကွန်းချမ်း
မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ဂျပန် နိပွန် ဖောင်ဒေးရှင်းမှ ပေးအပ်သည့် အထောက်အပံ့များ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) နှင့် ရှမ်းပြည်နယ် အစိုးရကို ဖြတ်ကျော်ပြီးမှ ရောက်ရှိပါက လက်ခံမည် မဟုတ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က ပြောသည်။

နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်များ၊ MPC မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ် များက SSPP ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် လားရှိုးမြို့တွင် အကူအညီ ပေးရေးနှင့် ပတ်သက်၍ မေလ ၁၁ ရက်နေ့က ဆွေးနွေးခဲ့ရာတွင် MPC နှင့် ရှမ်းပြည်နယ် အစိုးရက ခြယ်လှယ်ခဲ့ကြသည်ဟု SSPP က ရှုမြင်၍ ထိုသို့ ပြောဆိုခြင်း ဖြစ်သည်ဟု SSPP ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

“စစ်ပြေး ဒုက္ခသည်တွေကို သွားပေးမယ့်ကိစ္စ MPC နဲ့ ရှမ်းပြည်နယ် အစိုးရ သဘောမတူဘူး။ သူတို့ (နိပွန်ဖောင်ဒေးရှင်း) ပေးမယ်ဆိုရင် ကျနော်တို့ကို တိုက်ရိုက်ပေးပေါ့။ MPC နဲ့ ရှမ်းပြည် အစိုးရ သဘောတူ ညီမှ ပေးမယ်ဆိုတဲ့ဟာကိုတော့ ကျနော်တို့ လက်မခံဘူး” ဟု မဇ္ဈိမကို ပြောသည်။

SSPP ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် ဆန်အိတ် ၆,၀၀၀ ထောက်ပံ့ရန် အဆိုပြုချက် ကို MPC နှင့် ပြည်နယ်အစိုးရက ကန့်ကွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

MPC ကမူ နိပွန် ဖောင်ဒေးရှင်း၏ အကူအညီပေးရေး အစီအစဉ်သည် အစိုးရ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်၍ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောသည်။

“နိပွန် ဖောင်ဒေးရှင်းကဟာ ကျနော်တို့ကို ဖြတ်ရမယ်ဆိုတာ အရင်ကတည်းက မရှိတာ။ အခုလည်း မရှိဘူး။ နိပွန် ဖောင်ဒေးရှင်းက အစိုးရ ခွင့်ပြုချက်နဲ့ သူတို့ လုပ်တဲ့ ပရောဂျက်တွေ ဖြစ်တယ်။ Myanmar Peace Center မှာ ခွင့်ပြုချက် ယူရမယ်တို့၊ မယူရဘူးတို့ ဘာတို့ လုပ်ထားတာလည်း မရှိဘူးခင်ဗျ” ဟု MPC ၏ တာဝန်ခံတဦး ဖြစ်သူ ဒေါက်တာ မင်းဇော်ဦး က ပြောသည်။

နိပွန် ဖောင်ဒေးရှင်း၏ အရေးပေါ် လူသားချင်း စာနာမှု အကူအညီ ပေးရေးအဆင့်တွင် နယ်စပ် ဖြတ်ကျော် အကူအညီ ပေးရေး၌ MPC ၏ သဘောတူညီချက် ရယူရန် မလိုသော်လည်း ပြည်တွင်း အကူအညီ
ပေးရေးတွင် MPC ၏ သဘောတူညီချက် ပါဝင်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး ကြီး ခွန်ဥက္ကာ က ပြောသည်။

“SSPP ကို ပေးဖို့ကလည်း ပြည်တွင်းမှာ ဖြစ်နေတယ်။ ဘယ်နယ်စပ်မှ ဖြတ်ကျော်လို့ မရဘူး။ လားရှိုးကနေ ဆန်ဝယ်ပြီး ပေးရမယ်ဆိုတော့။ တိုက်ပွဲ ပဋိပက္ခလည်း ပြင်းထန်နေတယ် ဆိုတော့ MPC က ခဏလေး ရပ်ခိုင်းတဲ့သဘောပေါ့ဗျာ။ ပေးဖို့တော့ မူရှိတယ်။ သဘောတူတယ်။ သို့သော်လည်းပဲ ပေးပုံပေးနည်းနဲ့ အချိန်အခါကာလက ညှိနှိုင်းနေဆဲ ဖြစ်နေတာကိုး။ ကျနော် အဲဒီလို ကြားပါတယ်” ဟု ဆိုသည်။

နိပွန် ဖောင်ဒေးရှင်းသည် မေလ ၈ ရက်နေ့တွင် UNFC နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့ပြီး လူသားချင်း စာနာမှု အကူအညီ ပေးရေးနှင့် ပတ်သက်၍ လက်ရှိအနေအထားကို ရှင်းပြကာ အကြံပေးခဲ့သည်ဟုလည်း ဆိုသည်။

“အခုနောက်ပိုင်း အကူအညီတွေက ဂျပန်အစိုးရ ကိုယ်တိုင်က ပေးမှာ။ သူတို့ (နိပွန် ဖောင်ဒေးရှင်း) ပေးတာ မဟုတ်ဘူး။ အစိုးရ ပေးမှာ ဖြစ်တဲ့အတွက် အစိုးရလမ်းကြောင်း ကိုက်ညီအောင် လုပ်ဖို့လိုတယ်လို့ အကြံလာပေးတယ်။ မလိုချင်ဘူး ဆိုရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ လိုချင်တယ် ဆိုရင်တော့ အစိုးရ သတ်မှတ်တဲ့ လမ်းကြောင်းအတိုင်း လုပ်ဖို့ လိုတယ်လို့ လာပြောသွားတယ်” ဟု ခွန်ဥက္ကာ က ပြောသည်။

နိပွန် ဖောင်ဒေးရှင်းသည် မြန်မာ အစိုးရနှင့် ပူးပေါင်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် အဖွဲ့များ“ နယ်မြေများတွင် အရေးပေါ် လူသားချင်း စာနာမှု အကူအညီများ ပေးဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ သုံးသန်း အကူအညီ ပေးပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့