Wednesday, May 29, 2013

ကျောင်းထွက်လက်မှတ်ယူရန် မိဘများခက်ခဲနေ

ခိုင်ခိုင် | အင်္ဂါနေ့၊ မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ကျောင်းအပ်နှံရေးအတွက် လွယ်ကူနေသော်လည်း ကျောင်းထွက် လက်မှတ်ရယူရန် ခက်ခဲနေကြောင်း အလုံမြို့နယ်နေ ကျောင်းသားမိဘ တဦးဖြစ်သူ ဒေါ်နှင်းရီရီက မဇ္ဈိမသို့ ပြောသည်။

၎င်းက “ကျောင်းအပ်ရတာတော့ အခက်အခဲမရှိပေမယ့် ကျောင်းထွက်ဖို့အရေးကို အချိန်ဆွဲနေတယ်။ သမီးကျောင်းထွက်လက်မှတ်ယူဖို့ ကျောင်းအုပ် ဆရာမကြီးကိုပြောထားတာ ဒီနေ့ဆို (၂) ပတ်ရှိနေပြီ။ ဘာမှမသိရသေးဘူး ပြောင်းမယ့်ကျောင်းက နှစ်ချိန်ကျောင်းကို ပြောင်းမှာ”ဟုဆိုသည်။

ကျောင်းထွက်လက်မှတ်ရယူရာတွင် ကျောင်းအုပ်ဆရာမကြီးလက်မှတ်၊ မြို့နယ်ပညာရေးမှုး လက်မှတ်၊များ ရယူရန် လိုအပ်ပြီး ကျောင်းသား၏ ကျောင်းခေါ်ကြိမ်များ၊ အောင်မြင်ပြီးသော အတန်း၏ရမှတ်များ ပါရှိရန် လိုအပ်ကြောင်း ဒေါ်နှင်းရီရီက ပြောသည်။

နယ်မြို့အချို့ တွင် ကျောင်းပြောင်းရွှေ့ရေးအတွက် ငွေကြေးကောက်ခံမှုများ ရှိနေပြီး ကျောင်းအပ်နှံခြင်း များအတွက်မူ ငွေကြေးကောက်ခံမှု မရှိကြောင်း မြို့နယ်ပညာရေးမှုးတစ်ဦး ကဆိုသည်။

အဆိုပါ မြို့နယ်ပညာရေးမှူးမှ “ကျောင်းအပ်တာက တော့ လွယ်တယ် အခုချိန်မှာ ခက်ခဲနေတာက
ကျောင်းပြောင်းဖို့အရေး ကျောင်းထွက်လက်မှတ် ယူတာ။ အဲဒါဟာ ကျောင်းအုပ်တွေနဲ့ဆိုင်တယ် ကိုယ့်ကျောင်းမှာ ဘာဖြစ်နေလဲ ဘာလုပ်နေလဲ ကိုယ်ကသိမှ ဖြစ်မယ်။” ဟုရှင်းပြသည်။

ဆရာ၊ဆရာမများ မှာလည်းကျောင်းထွက်လက်မှတ်ရယူရာတွင် အခက်အခဲ မရှိစေရန် ကူညီပေးလျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှ ကျောင်းဆရာမတဦးကပြောသည်။

ကျောင်းပြောင်း လက်မှတ်ထုတ်ပေးရန်မှာ ကျောင်းတကျောင်း၏ တာဝန်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သာမက ကျောင်းပြောင်း၊ ကျောင်းထွက် လက်မှတ်ရရေး တွင်လည်း အခမဲ့ဖြစ်ရန် လိုအပ်ကြောင်း NLD ပညာရေးကွန်ရက် မှ ဒေါက်တာသိန်းလွင် ကဆိုသည်။

“ကျောင်းပြောင်းတာမှာ လည်းအခမဲ့ဖြစ်ဖို့လိုတယ် အခုချိန်မှာကျောင်းတွေက နိုင်ငံတော် ဘဏ္ဍာနဲ့ လှုပ်ရှားနေပြီဆိုတော့ တရားမဝင်ငွေတောင်းတယ်ဆိုတဲ့ ကိစ္စဖြစ်ဖို့ မကောင်းတော့ဘူး။ တောင်းတယ်ဆိုတာ လာဘ်ပေး လာဘ်ယူပဲ ”ဟု ဒေါက်တာသိန်းလွင်က မဇ္ဈိမကိုပြောသည်။

တရားမဝင် ငွေကြေး ကောက်ခံမှုများ ပပျောက်စေရန် တိကျသော ပြဌာန်းချက်များရှိရန်လိုအပ်သည့်အပြင် ဆရာ၊ဆရာမများ၏ လစာမလောက်ငမှု များကြောင့် ဖြစ်နိုင်သည့် အတွက် ဆရာ၊ဆရာမ များအတွက် လစာများတိုး ပေးရန် လိုအပ်နေကြောင်း ဒေါက်တာသိန်းလွင် ကဆိုသည်။

“ဆရာ ဆရာမတွေ တရားမဝင်ငွေကောက်တယ် ဆိုတာကလည်း လစာကြောင့်လားတွေးစရာဖြစ်လာတယ် ။ ဒါကြောင့် လစာဘက်ကိုပြန်စဉ်းစားပေးဖို့ကောင်းတယ်။ တကယ်တမ်းမှာ ဘာကအဓိက လည်းဆိုတာမသိလို့ ဒီလိုကိစ္စတွေ ဆက်ဖြစ်နေတာ”ဟု အလုံမြိုနယ်နေ ဒေါ်နှင်းရီရီကဆိုသည်။

နယ်မြို့အချို့တွင် အလယ်တန်းမှ အထက်တန်းအထိ သင်ကြားပေးလျက်ရှိသော ကျောင်းများတွင် ကျောင်းပြောင်းရွှေ့ရေး အတွက် ခက်ခဲလျက်ရှိပြီးအချိန်ကာလအားဖြင့် လည်း (၁)ပတ်မှ (၂)ပတ်အထိ အချိန်ယူတတ်ကြောင်း (၇) တန်း ကျောင်းသားမိဘတဦးဖြစ်သူ ဒေါ်တင်တင်မီကပြောသည်။

၎င်းက “တချို့ တွေက ငွေတောင်းတာ ကိုတိုက်ရိုက်မတောင်းဘူး မျက်နှာ နာရမယ့် လူကတဆင့် တောင်းတယ်။ ဘယ်ကိုသွားတာ ကဘယ်လောက်၊ ဘာအတွက်က ဘယ်လောက်ဆိုပြီးတော့ပေါ့” ဟု ဆိုသည်။

နယ်မြို့များ၏ အခြေခံပညာကျောင်းများတွင် သင်ကြားရေးနည်းစနစ်များမှာ လည်း ချို့တဲ့လျက်ရှိကြောင်း သင်ကြားပေးသည့် ဆရာ၊ ဆရာမ များမှာလည်း ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်
မြောက်ခြင်းရှိ ၊မရှိကိုစစ်ဆေးနိုင်သည့် အရည်အချင်းများ နည်းပါးလျက်ရှိကြောင်း အငြိမ်းစား ကျောင်းဆရာမ တဦးဖြစ်သူ ဒေါ်ရင်နွဲ့သူ ရှင်းလင်းပြောဆိုသည်။

“အခု ချိန်မှာ အရင်တုန်းကလို အစိုးရကစစ်တဲ့ စာမေးပွဲမျိုးက ရှားတယ်။ အရင်က လေးတန်းဆို ရင်တောင် တလကို စာမေးပွဲ ကလေးကြိမ်ပဲ ။ဆရာ၊ဆရာမတွေကလည်း ငွေတောင်းဖို့မပြောနဲ့ ကိုယ့်ငွေနဲ့ ကိုယ်ကျောင်း သားတွေ ကို စာလာသင်ပေးနိုင်ကြတယ် ။ အခုခေတ်ကတော့ လစာလည်းနည်း တာပါမယ်နောက်ပြီး အကျင့်ပါသွားတာလည်းဖြစ်နိုင်တယ်”ဟု ဒေါ်ရင်နွဲ့သူက ပြောသည်။

နယ်မြို့ငယ်များတွင်သာ ကျောင်းပြောင်းရွှေ့ရေး အတွက်ကျောင်းထွက်လက်မှတ်ရယူရာတွင် ခက်ခဲနေခြင်း မဟုတ်ဘဲ မြို့ကြီးများတွင်လည်း ငွေတောင်းခံမှုများ ရှိကြောင်း ကျောင်းသားမိဘများက အခြေအနေကို ရှင်းပြ ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့